Up-to-date News

Non Stay at Home မြို့နယ်များရှိ လက်ဖက်ရည်နှင့် စားသောက်ဆိုင်များ ပြန်ဖွင့်ခွင့်ပြု

December 3, 2020

ကိုဗစ်-၁၉ ရောဂါဟာ လူစုလူဝေးနဲ့ သွားလာနေထိုင် စားသောက်ရာမှတစ်ဆင့် ကူးစက်ပျံ့ပွားတတ်တဲ့ ရောဂါဖြစ်တာမို့ လူစုလူဝေးကို အတတ်နိုင်ဆုံး ရှောင်ရှားတဲ့အနေနဲ့ စားသောက်ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေ အားလုံးကို ပါဆယ်စနစ်နဲ့ပဲ ရောင်းချဖို့ ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ထားခဲ့တာ ဖြစ်ပါတယ်။ 

စက်တင်ဘာလ (၂၀) ရက်နေ့က စတင်ပြီး မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့ စားသောက်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင် အားလုံးကို ပါဆယ်စနစ်နဲ့သာ ရောင်းချဖို့ အမိန့် ထုတ်ပြန်ထားခဲ့ပေမယ့် Stay At Home မသတ်မှတ်ထားတဲ့ မြို့နယ်တွေမှာ ဆိုင်စား ပြန်လည်ခွင့်ပြုနိုင်ဖို့ လိုအပ်တဲ့ စစ်ဆေးမှုတွေကို ပြီးခဲ့တဲ့ လကစတင်ပြီး ပြုလုပ်နေခဲ့ပါတယ်။ 

ကျန်းမာရေး ဝန်ကြီးဌာနကနေ ထုတ်ပြန်ထားတဲ့ Covid-19 ကာကွယ် တားဆီးရေးဆိုင်ရာ စံသတ်မှတ်ချက်အရ နေပြည်တော် ကောင်စီနဲ့ တိုင်းဒေသကြီးအတွင်းမှာ အဆင့် (A) နဲ့ ကိုက်ညီပြီး ဆိုင်ထိုင်စားသောက်ခွင့် ပြုနိုင်တဲ့ ဆိုင်ပေါင်း (၈,၀၁၇) ဆိုင် ရှိတယ်လို့ သိရပါတယ်။ 

ဒါကြောင့် အဆင့် (A) ရရှိထားတဲ့ လက်ဖက်ရည်ဆိုင်နဲ့ စားသောက်ဆိုင်တွေကို ဒီဇင်ဘာလ (၄) ရက်နေ့က စတင်ပြီး ပြန်လည် ဆိုင်ထိုင်ခွင့် ပြုသွားမှာဖြစ်ပြီး ဆိုင်ပိုင်ရှင်များအနေနဲ့ ကျန်းမာရေး ဝန်ကြီးဌာနကနေ ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်စေဖို့ အထူးကြပ်မတ်သွားမယ်လို့ ဆိုပါတယ်။ 

ဖွင့်လှစ်ခွင့်ပြုထားတဲ့ စားသောက်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်များ အနေနဲ့ စည်းကမ်းချက်များအတိုင်း လိုက်နာမှုမရှိပါက တည်ဆဲဥပဒေများနဲ့အညီ အရေးယူသွားမှာဖြစ်ပြီး စစ်ဆေးဖို့ ကျန်ရှိတဲ့ ဆိုင်များကို ဆက်လက်စိစစ်ပြီး ပြန်လည်ဖွင့်လှစ်ခွင့် ပြုသွားမယ်လို့လည်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီရဲ့ ကြေညာချက်အရ သိရပါတယ်။ 

မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့ စားသောက်ဆိုင်တွေရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်တွေကိုတော့ အောက်ပါလင့်ခ်မှာ ဝင်ရောက် ရှာဖွေနိုင်ပါတယ်။
www.restaurantguidemyanmar.com

Ref : MOI 

No description available.


Read 1419 times.