Eating Tips

အမေရိကန်ဒေါ်လာ ၇၅ သန်းတန် ကမ္ဘာ့ဈေးအကြီးဆုံး ကိတ်မုန့်

February 23, 2023

ကိတ်မုန့်တစ်ခုကို အမေရိကန်ဒေါ်လာ ၈,၀၀၀၊ ၉,၀၀၀၊ ၁၀,၀၀၀ ဆိုရင်တောင် တော်တန်ရုံလူ အနားမကပ် တော့ဘဲ အလွန်ချမ်းသာတဲ့ အသိုင်းအဝိုင်းတွေလောက်ပဲ စားနိုင် အရသာခံနိုင်တော့မယ့် အခြေအနေမှာ အမေရိကန်ဒေါ်လာ ၇၅ သန်းနဲ့ ကမ္ဘာ့ဈေးအကြီးဆုံး ဖြစ်သွားတဲ့ သမိုင်းဝင် ကိတ်ဆိုလားဟု မေးယူရလောက်အောင်ကို ဈေးကြီးလွန်းနေတာ အံ့သြစရာကြီးပဲ ဖြစ်ပါတယ်။

ပိုထူးဆန်းတာက ဒီကိတ်က ရိုးရိုး Birthday Cake တစ်ခု ဖြစ်နေတာပါ။ အမေရိကန်ဒေါ်လာ ၇၅ သန်း ဆိုတာ မြန်မာငွေနဲ့ တွက်လိုက်ရင် သိန်းပေါင်း သန်းချီပြီး ပေးရတဲ့ အနေအထားဆိုတော့ ဒီကိတ်မုန့်က ရွှေတုံးရွှေခဲတွေနဲ့ လုပ်ထားလို့လား၊ စိန်တွေကျောက်တွေ စီခြယ်အလှဆင်ထားလို့လား၊ ကမ္ဘာ့ဈေးအကြီးဆုံးနဲ့ အရှားပါးဆုံး ပန်းတွေ၊ အစားအစာတွေနဲ့ အခြေခံထားလို့လား ဆိုတာသာမန်လူတွေအတွက်တော့ တွေးစရာရှိမှာပါ။

Click Here >>> Myanmar Inspection & Technology

ဒါပေမယ့် တကယ်မြင်လိုက်တာနဲ့ အထင်နဲ့အမြင် တက်တက်စင်အောင် လွဲနေစေမယ့် ရိုးရိုး Runway ပုံစံ Birthday Cake လေးတစ်ခုပဲ ဖြစ်ပါတယ်။ ဒါဆို မြန်မာငွေ သိန်းပေါင်းသန်း ချီတန်နေတဲ့ ဒီကိတ်က ဘာလို့များ ဒီလောက်ထိ ဈေးကြီးနေတာလဲဆိုတာကို အောက်မှာ အသေးစိတ် ဖော်ပြပေးလိုက်ပါတယ်။

ကိတ်နာမည်ကို Debbie Wingham Runaway Cake လို့ လူသိများကြပြီး British Designer Debbie Wingham ကိုယ်တိုင် ကမ္ဘာ့ဈေးအကြီးဆုံး Dress ကို အမေရိကန် ဒေါ်လာ ၁၇.၇ သန်းနဲ့ ဒီဇိုင်းဆွဲအပြီးမှာ ဒီကိတ်ကို ထပ်မံ ဒီဇိုင်းရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ဒီကိတ်ကိုတော့ နာမည်မဖော်လိုတဲ့ အာရပ်ပြည်ထောင်စုဖွား သူဌေးတစ်ယောက်က သူ့သမီးရဲ့ မွေးနေ့နဲ့ စေ့စပ်ပွဲ Joint Party ကိတ်အဖြစ် အသုံးပြုဖို့ ဝယ်ယူသွား တယ်လို့ သိရပါတယ်။

ကိတ်ရဲ့ နဂိုမူလ ပေါက်ဈေးက အမေရိကန်ဒေါ်လာ သန်း ၅၀ ဖြစ်ပါတယ်။ ဒီဇိုင်နာ Wingham ရဲ့ အဆိုအရ ဒီကိတ်က Runway Fashion Show တစ်ခုကို ပုံဖော်ထားတာဖြစ်ပြီး အလေးချိန် ပေါင် ၁,၀၀၀ လေးပါတယ်။ ဒီထဲကမှ ပေါင် ၂၅၀ ကျော်က အပေါ်က အလှဆင်တဲ့ Fondant နဲ့ အချိုအလှဆင်ပစ္စည်းတွေချည်းအတွက် သက်သက်အလေးချိန် ဖြစ်ပါတယ်။

အဲ့ဒီကိတ်တစ်ခုလုံးကို ပုံဖော်ချိန် နာရီပေါင်း ၁,၁၀၀ ကျော် ကြာခဲ့ပါတယ်။ အကြောင်းရင်းကတော့ အဲ့ဒီကိတ်ထဲမှာပါတဲ့ လူတွေဝတ်တဲ့ အဝတ်အစားကအစ Wingham ကိုယ်တိုင် ဒီဇိုင်းဆွဲခဲ့တဲ့ အဝတ်အစားတွေ ပဲဖြစ်ပြီး သူမ ဒီဇိုင်းဆွဲခဲ့တဲ့ အိတ်နဲ့ နေကာမျက်မှန်ကအစ အသေးအဖွဲလေးတစ်ခုမကျန် သူမရဲ့ လက်နဲ့ စိတ်ရှည်ရှည် တစ်ခုချင်းစီ အသေးစိတ် ပုံဖော်ခဲ့ရတာကြောင့်ပဲ ဖြစ်ပါတယ်။

နောက်ထပ် ကိတ်တန်ဖိုးကို မြှင့်ပေးတာက ကိတ်ထဲမှာ ထည့်ထားတဲ့ ၅.၂ လက်မ ပန်းရောင်စိန်၊ ၆.၄ လက်မ အဝါရောင်စိန်၊ ၅ ကာရက်ရှိတဲ့ စိန်ဖြူ ၅ လုံး အပါအဝင် အရည်အသွေး အကောင်းဆုံး စိန်ပွင့် ၄,၀၀၀ ကို မြှုပ်နှံ ထားလို့ပါ။ 

၎င်းစိန် ၁၇ ပွင့်ရဲ့ အသားတင်တန်ဖိုးတင် အမေရိကန်ဒေါ်လာ ၄၅ သန်းကျော် တန်ပြီး Runway တစ်လျှောက်လုံးကိုလည်း တစ်ကာရက် စိန် အလုံး ၄၀၀၊ ၃ ကာရက် စိန်ဖြူ ၇၃ လုံးအပြင် ၃ ကာရက် စိန်နက် ၇၅ လုံးပါ မြုပ်နှံ အလှဆင်ခဲ့ပါသေးတယ်။

အရသာကလည်း လုံးဝပြောပြစရာ မလိုအောင်ကို အကောင်းဆုံးဖြစ်ပြီး ကိတ်အရှေ့ပိုင်းကို ဈေးအကြီးဆုံး Madagascan Vanilla Bean ကို Mascarpone Cream ရယ် Strawberry Conserve နဲ့ လုပ်ထားပါတယ်။ Runway ကိုတော့ Triple Belgian Chocolate ကို Chocolate Ganache နဲ့ Chocolate Truffle Cream တွေနဲ့ ပုံသွင်းထားတာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဒီကိတ်ရဲ့ ပုံစံကို အပြင်ကကြည့်ရင်တော့ မြန်မာငွေ သိန်းပေါင်းသန်းချီတဲ့ အမေရိကန်ဒေါ်လာ ၇၅ သန်းတန် ကိတ်ဆိုတာ မထင်ရက်စရာပဲ ဖြစ်ပါတယ်။ 

Source: fastcompany.com
The Myanmar Restaurant Guide


Read 710 times.