New Opening

အရက်ဘီယာနဲ့တွဲမသောက်သင့်သောအစားအစာများ

October 3, 2019

အရက်ဘီယာဆိုတာ ကျန်းမာရေးအတွက် မကောင်းလှပေမယ့် လူမှုဆက်ဆံရေး အသိုင်းအဝိုင်းတွေမှာ လူမှုရေးအနေနဲ့သော်လည်းကောင်း၊စိတ်ပျော်ရွှင်မှု (recreation)တစ်ခုအနေနဲ့သော်လည်းကောင်း အမျိုးသား၊ အမျိုးသမီးမရွေး သောက်သုံးလာကြပါတယ်။

ဒါ့ကြောင့် အရက်နဲ့ပတ်သက်ပြီး တွဲဖက်မစားသင့်တဲ့ အစားအစာများကို ဖော်ပြလိုက်ပါတယ်။


(၁) ဆီကြော်များ

     အလွန်လူကြိုက်များတဲ့ အမြည်းပုံစံဖြစ်ပြီး ယေဘုယျအားဖြင့်ဈေးပေါလေ့ရှိသောကြောင့် လူအများစားသုံးလေ့ရှိပါတယ်။ ဥပမာ – အာလူးချောင်းကြော်၊ဝက်နံရိုးနုကြော်၊ ကြက်အရေခွံကြော်စသဖြင့် မှာစားလေ့ရှိကြပါတယ်။

ဘီယာထဲမှာကိုက Triglyceride လို့ခေါ်တဲ့ ကိုလက်စထရောကိုများစေတဲ့ ဓာတ်ပါဝင်ပါတယ်။ ဒါ့ကိုမှအားမရသေးပဲ အကြော်ခံဆီတွေနဲ့ ကြော်ထားတဲ့ ဆီကြော်မုန့်တွေကို စားမယ်ဆိုရင်တော့ အသက်ငယ်ငယ်နဲ့အဝလွန်ခြင်း၊ နှလုံး၊ ဦးနှောက်သွေးကြောများကျဉ်းခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။


(၂) အသင့်စားအစားအစာများ နှင့် အစပ်များ

အလွယ်တကူ ဝယ်စားလိုက်တဲ့ အသင့်စားအစားအစာတွေကလည်း အရက်နဲ့ ပတ်သက်ပြီး ကောင်းတဲ့အချင်းအရာတစ်ခုတော့ မဟုတ်ပါဘူး။ ကြာရှည်ခံအောင်လုပ်ထားတဲ့ chemical တွေအပြင် အလွန်အမင်းထည့်ထားတဲ့ဆားတွေဟာ အရက်ဘီယာရဲ့ နဂိုရှိရင်းစွဲသွေးတိုးစေတဲ့အာနိသင်ကို နှစ်ဆတိုးစေပါတယ်။

ဒါ့အပြင်အရက်၊ ဘီယာတွေဟာ အက်စစ်အာနိသင်ရှိတာကြောင့် အများကြီးသောက်သုံးတဲ့အခါ အစာအိမ်ကို ထိခိုက်စေနိုင်ပါတယ်။ အဲ့ဒါကို ပိုဆိုးစေတာကတော့ စပ်တဲ့အစားအသောက်တွေဖြစ်ပါတယ်။

>>>အလွန်အကျွံစားသုံးပါက အစာအဆိပ်သင့်ကာ သေစေနိုင်တဲ့ အစားအစာများ

ချဉ်စပ်တဲ့အရသာဟာ အရက်သမားအကြိုက်လို့ ပြောရလောက်အောင် ခံတွင်းကိုရှင်းစေတယ်၊ အာရုံကို လန်းဆန်းစေတာမှန်ပေမယ့် အစာအိမ်ကို အရက်နဲ့အတူ နှစ်ဆတိုးထိခိုက်ပျက်စီးစေပါတယ်။

စားသောက်ဆိုင်မှ ပြင်ဆင်ပေးတဲ့ ချဉ်စပ်အရသာရှိတဲ့ဆော့စ်များဟာ စားလို့ကောင်းရုံသာရှိပြီး ကြာရှည်ချဉ်စပ်သော အရသာနဲ့ ဘီယာ၊ အရက်နဲ့မြည်းတဲ့သူတွေဟာ အစာအိမ်ရောင်ရမ်းမှုရောဂါ (Gastritis)၊ အစာအိမ်ပါးခြင်း (gastric erosion)၊ သွေးအန်ခြင်းတွေဖြစ်တာကို တွေ့ရပါတယ်။


(၃) လိမ္မော်သီး နှင့် ချဉ်သောအသီးများ

အရက်ဘီယာဟာ အသီးအနှံတွေနဲ့သောက်သုံးရင် ကျန်းမာရေးနဲ့အထူးသင့်တော်တာမှန်ပေမယ့် အဲ့ထဲမှာချဉ်သောအသီးအနှံများ(citrus fruit) တွေ မပါပါဘူး။ မြန်မာနိုင်ငံက ဘီယာဆိုင်တွေမှာ သီးစုံတစ်ပွဲလို့မှာလိုက်ရင် လိမ္မော်သီးဟာ မပါမဖြစ်လို့တောင် ပြောလို့ရပါတယ်။

တကယ်တော့ လိမ္မော်သီးနဲ့ုမြည်းတာဟာ စမတ်ကျတယ်ထင်ရပေမယ့် အစာအိမ်ကို အရက်နဲ့အတူတူ ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် အသီးအနှံတွေနဲ့မြည်းတဲ့အခါ အချိုဓာတ်ပါပြီး အရည်ရွှမ်းသော အသီးအနှံများဟာ အရက်ဘီယာနှင့် အထူးသင့်တော်ပါတယ်။


(၄) ကိုကာကိုလာနှင့် အချိုရည်များ

ဒါကတော့ အရက်သောက်တတ်တဲ့သူတွေကို အရက်ကြောင့်ဖြစ်တဲ့ရောဂါထက် အခြားသောရာဂါတွေပါ အစစ်ထည့်ပေးနေတဲ့ အရာပဲဖြစ်ပါတယ်။ အချိုဓာတ်လွန်ကဲတဲ့ ကိုကာကိုလာနဲ့ အချိုရည်များဟာ အရက်ပိုမိုသောက်ခြင်းကိုဖြစ်စေပြီး ပါဝင်သောကဖင်းဓာတ်များကြောင့် အစာအိမ်နံရံကိုပါးစေရုံသာမက ဆီးချိုသွေးချိုရောဂါ၊ အဝလွန်ခြင်းတို့ကိုပါ ဖြစ်စေပါတယ်။

အချိုရည်လို့ပြောတဲ့နေရာမှာ energy drink များဟာ အဆိုးဝါးဆုံးဖြစ်ပါတယ်။

ဒါဆိုရင် ဆိုဒါနဲ့သောက်လို့ရလားဆိုတဲ့ မေးခွန်းရှိပါတယ်။ Soda ကတော့ အရက်ရဲ့အရသာကို ပျော့သွားစေရုံသာမက အစာအိမ်ကို ထိခိုက်မှုကိုလဲ လျော့နည်းစေတဲ့အတွက် အချိုရည်တွေထက်စာရင်တော့ ကောင်းတယ်လို့ဆိုရမှာပါ။ ဒါပေမယ့် အရက်ကိုရေနဲ့ ရောသောက်တာလောက်တော့ ဘယ်အရာမှ safe မဖြစ်ပါဘူး။


ဒါဆို ဘာတွေနဲ့ စားသင့်လဲ

အရက်၊ ဘီယာသောက်ရင် အမျှင်ဓာတ် (fibre) ၊ သတ္တုဓာတ်(electrolyte)၊ ရေဓာတ်(water)၊ အချိုဓာတ်အနည်းငယ်(sugar)၊ အသားဓာတ်( protein)စတာတွေ လိုအပ်ပါတယ်။ ဒါကြောင့် ဆီနည်းနည်းသာထည့်ထားသော အသားသုတ်များ၊ အသီးအရွက်သုပ်များ၊ ငါးပေါင်းများ၊ သီးစုံပွဲများ စတာတွေဟာ အထူးသင့်တော်ပါတယ်။

ဈေးသက်သက်သာသာနဲ့ တွဲဖက်စားချင်တယ်ဆိုရင်တော့ အသီးအရွက်နှင့် နို့ကိုသာအသုံးပြုပြီး ပြုလုပ်ထားတဲ့ Cheese ဟာ ကိုယ်တွင်း carbohydrate နဲ့ protein ဓာတ်ကိုထိန်းထားနိုင်တဲ့အပြင် အစာအိမ်ကိုလဲ အလွှာတစ်ထပ်အနေနဲ့ ကာကွယ်ပေးထားလို့ အထူးသင့်တော်ပါတယ်။

Ref:Dr.Zaw Htet Aung


Read 9251 times.