Up to 40% OFF

မုန့်လုံးရေပေါ်လုပ်နည်း

March 10, 2020

မုန့်လုံးရေပေါ်သည် ကောက်ညှင်းဖြင့် ပြုလုပ်သည့် မြန်မာ့ သွားရည်စာ တစ်မျိုးဖြစ်သည်။ ကောက်ညှင်းလုံးအား ရေနှင့်ပြုတ်ရာတွင် ကောက်ညှင်းကျက်ပါက ရေပေါ် ပေါ်လာသည့် အတွက် မုန့်လုံးရေပေါ်ဟု ခေါ်သည်။ ကောက်ညှင်း သက်သက်ဖြင့် သော်လည်းကောင်း ထန်းလျက် သို့မဟုတ် ကြံသကာခဲကို ဌာပနာသွင်း၍ သော်လည်းကောင်း ပြုလုပ် စားသုံး ကြသည်။ မြန်မာ့ရိုးရာအလိုက် တန်ခူးလတွင် မုန့်လုံးရေပေါ်များဖြင့် အလှူလုပ်လေ့ရှိသည်။

မြန်မာလူမျိုးတို့ရဲ့ နှစ်သစ်ကူးပွဲတော်ဖြစ်တဲ့ အတာကူးတဲ့ တန်ခူးလသင်္ကြန်ပွဲမှာတော့ တယောက်နဲ့တယောက် ရေလောင်း ကျီစယ်ကြတဲ့ ချစ်စရာအမူအယာလေးတွေအပြင် အလှူအတန်းတွေလုပ်ပြီး ဥပုသ်သီလဆောက်တည်ကြတဲ့ ကုသိုလ်ကောင်းမှု အများဆုံးပြုလုပ်ကြတဲ့ လဆိုလဲ မမှားပါဘူး။ သင်္ကြန်ကာလအတွင်းမှာတော့ စတုဒီသာကျွေးတဲ့သူတွေ တော်တော်များများ ရှိတာကိုလည်း သိကြပြီးဖြစ်ပါတယ်။ 

 

စတုဒီသာကျွေးတဲ့ မုန့်တွေထဲကမှ သင်္ကြန်ပွဲတော်နဲ့ အလိုက်ဖက်ဆုံးမုန့်ကိုပြောပါဆိုရင်တော့ မုန့်လုံးရေပေါ်လို့ဘဲ ပြောချင်ပါတယ်။ မကြာခင်မှာကျရောက်တော့မဲ့ သင်္ကြန်မှာ စတုဒီသာအနေနဲ့ မုန့်လုံးရေပေါ် ဒါနပြုချင်တဲ့ သူတွေအတွက်အပြင် အိမ်မှာလုပ်စားချင်တဲ့ သူတွေအတွက်ရော အဆင်ပြေတဲ့ လွယ်ကူတဲ့ မုန့်လုံးရေပေါ်လုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။ 

 

မုန့်လုံးရေပေါ်လုပ်နည်းအတွက်ပါဝင်ပစ္စည်းတွေကတော့- 
================================================

-ကောက်ညှင်းဆန်မှုန့် ၁၂၀ ဂရမ်
-ဆန်မှုန့် ၄၀ ဂရမ်
-ဆား လက်ဖက်ရည်ဇွန်း ၄ ပုံတစ်ပုံခန့်
-ရေ ၁၁၀ မီလီ လီတာ 
-ထန်းလျက် ၈၀ ဂရမ်

--အုန်းသီး

 

မုန့်လုံးရေပေါ်ပြုလုပ်နည်းအဆင့်ဆင့်လေးကတော့- 
============================================

- ကောက်ညှင်းဆန်မှုန်၊ ဆန်မှုန့်နှင့် ဆားတို့ကို ပန်းကန်တစ်ခုထဲတွင်ထည့်ပါ။ 
- ထို့နောက် ပန်းကန်ထဲသို့ ရေ ၁၁၀ မီလီ လီတာကို မုန့်အနေအထားအပေါ် မူတည်ပြီး နည်းနည်းချင်းဆီထည့်၍ မွှေပါ။ မပျော့မမာ ကိုင်တွယ်လို့ရနိုင်မည့် အနေအထားဖြစ်ရပါမည်။ 
- ပြီးရင်တော့ အဖုံးအုပ်ပြီး ၁၅ မိနစ်ခန့် နှပ်ထားပါ။
- ထန်းလျက်များကို အတုံးသေးသေးစီ လှီးထားပါ။ မုန့်လုံးရေပေါ် ထည့်ပြုတ်ရန်အတွက် ရေနွေးတစ်အိုးကိုလည်း တည်ထားပါ။
- ၁၅ မိနစ်ကြာပြီး ရင်တော့ မုန့်စလုံး လို့ရပါပြီ။ ထန်းလျက်ကို အလယ်မှာထည့်ပြီး မုန့်လုံးပါ။ 
- ရေနွေးပွက်ပွက် ဆူပြီဆိုရင်တော့ လုံးထားတဲ့မုန့်တွေကို ထည့်ပါ။ မုန့်လုံးရေပေါ်လေးတွေ ရေပေါ်ကိုပေါ်လာပြီဆိုရင် ၁ မိနစ်ခန့် ထပ်ပြုတ်ထားပြီးမှ ဆယ်ယူပါ။ ဆယ်ယူလို့ရတဲ့ မုန့်လုံးရေပေါ်လေးတွေကိုတော့ ရေအေးထည့်ထားတဲ့ ဇလုံထဲမှာ ၁ မိနစ်ခန့် ထပ်စိမ်ပါ။ 


- ရေအေးထဲကနေ ဆယ်ယူပြီးပြီဆိုရင်တော့ ခြစ်ထားတဲ့ အုန်းသီးလေးအုပ်ပြီးတော့ အရသာရှိတဲ့ မုန့်လုံးရေပေါ်လေးကို သုံးဆောင်လို့ရပါပြီနော်။ နှစ်သစ်ကူးတဲ့ တန်ခူးလအတာသင်္ကြန်မှာ စတုဒီသာကို မုန့်လုံးရေပေါ်ကျွေးချင်တဲ့သူတွေအတွက်လည်း အထောက်အကူဖြစ်စေနိုင်မယ်လို့ မျှော်လင့်ပါတယ်နော်။ 

 


Read 7773 times.