Cafes & Restaurant

မြန်မာနိုင်ငံတွင် အောင်မြင်နေသည့် စားသောက်ဆိုင်များနှင့် ပတ်သက်သည့် Franchise များအကြောင်း

November 22, 2022

ယနေ့ခေတ် စီးပွားရေးရေစီးကြောင်းတွင် Franchise ( လုပ်ငန်းခွဲဝေပေးခြင်း ) သည် ကမ္ဘာ့နိုင်ငံများ အားလုံးတွင် ရေပန်းစား ထူထောင်လာကြပြီး မြန်မာနိုင်ငံတွင်လည်း ၂၀၁၃ ခုနှစ်မှ စတင်ကာ Franchise လုပ်ငန်းများကို စတင် လုပ်ကိုင်လာကြသည်။

Franchise ( လုပ်ငန်းခွဲပေးခြင်း ) လုပ်ငန်းဆိုသည်မှာ ကုန်အမှတ်တံဆိပ်တစ်ခုခု၏  ကုန်သွယ်ရေးအမည်နှင့် စီးပွားရေးစနစ်များကို အသုံးပြု၍ ၎င်း၏ ထုတ်ကုန် (သို့) ဝန်ဆောင်မှုကို ရောင်းချ (သို့) ဝန်ဆောင်မှု ပေးလိုသူက လုပ်ငန်းခွဲယူ၍ လုပ်ကိုင်သည့် စီးပွားရေးလုပ်ငန်း အမျိုးအစားတစ်မျိုး ဖြစ်သည်။

Franchise လုပ်ကိုင်ရာတွင် Traditional (or) Product Distribution Franchising နှင့် Business Format Franchising ဟူ၍ (၂) မျိုးရှိသည်။ Product Distribution Franchising ဆိုသည်မှာ ကုန်အမှတ်တံဆိပ်တစ်ခုခု၏ အမည်ကိုယူ၍ ၎င်းထုတ်ကုန် (သို့) ဝန်ဆောင်မှုကို ပြန်လည် ရောင်းချရုံမျှသာ ဖြစ်သည်။

Business Format Franchising သည် ကုန်အမှတ်တံဆိပ်၏ အမည်၊ ထုတ်ကုန် (သို့) ဝန်ဆောင်မှုကို သာမကပဲ သင်တန်းပေးခြင်းများ၊ ဈေးကွက်ရှာဖွေရေး လုပ်ငန်းစဉ်များ၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး အကြံဉာဏ်ပေးခြင်းများ၊ အရည်အသွေး စစ်ဆေးခြင်းများ စသသည့်  လုပ်ငန်းတစ်ခုလုံး လည်ပတ်သည့် စနစ်များ အားလုံးကို ၎င်းကို လုပ်ငန်းခွဲဝေပေးသည့် အမှတ်တံဆိပ်မှ မျှဝေပေးသည်။

များသောအားဖြင့် Franchise လုပ်ငန်း လုပ်ကိုင်လိုသူ ( လုပ်ငန်းခွဲယူသူ ) များသည် ကနဦးမတည်ငွေ ( The Franchise Fee )၊ ကုန်အမှတ်တံဆိပ် အမည်နှင့် လုပ်ငန်းလည်ပတ်သည့် စနစ်များ ရယူ အသုံးပြုခြင်းအတွက် Continuing Fee တို့ကို ပေးဆောင်ရသည်။

Franchise နှင့် Intellectual Property (IP) ဆိုင်ရာ သီးသန့်ဥပဒေသည် မြန်မာနိုင်ငံတွင် ယခုအချိန်ထိ မရှိသေးသော်လည်း Competition Law 2015, Companies Law 2017, Sale of Goods Act 1930, Contract Act 1872 နှင့် Consumer Protection Law 2019 များအရ လုပ်ဆောင်လျက်ရှိသည်။ 

ပြည်တွင်းတွင် အများဆုံး လုပ်ကိုင်နေသည့် Franchise လုပ်ငန်းများမှာ စားသောက်ကုန်လုပ်ငန်းများ၊ စားသောက်ဆိုင်များ၊ ကော်ဖီဆိုင်များ၊ ရေခဲမုန့်၊ ပီဇာ၊ ကြက်ကြော် စသည့် Fast Food အရောင်းဆိုင်များ ဖြစ်ပြီး များသောအားဖြင့် လူသိများ အောင်မြင်ကြသည်။

မြန်မာနိုင်ငံတွင် Global Franchise နှင့် Asian Franchise များသာမက Local Franchise များပါ ထူထောင်လာကြပြီး လက်ရှိ ပြည်ပမှ ဝင်ရောက်လာသည့် Franchise လုပ်ငန်း အမှတ်တံဆိပ်ပေါင်း (၇၀) ကျော်ခန့် ရှိကာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် တောင်ကြီးတို့တွင် အများဆုံး လုပ်ငန်းလည်ပတ်လျက် ရှိသည်။

 

မြန်မာနိုင်ငံရှိ Global Franchise လုပ်ငန်းများ
==========
ပြည်တွင်းရှိ နာမည်ကြီး လူကြိုက်များသည့် ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံများမှ Franchise လုပ်ငန်းများအကြောင်းကို အောက်တွင် လေ့လာဖတ်ရှုနိုင်သည်။

၁။ KFC ( Chicken Franchises )
အမေရိကန်နိုင်ငံမှ Kentucky Fried Chicken (KFC) သည် ရန်ကုန်မြို့တွင်းတွင် ပထမဦးဆုံး ကြက်ကြော်ဆိုင်ကို ၂၀၁၅ ခုနှစ်၊ ဇူလိုင်လတွင် ဖွင့်လှစ်ခဲ့ကာ ဟိုးလေးတစ်ကျော်ကျော် ဖြစ်ခဲ့သေးသည်။ လက်ရှိတွင် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်၌ ဆိုင် (၃၅) ဆိုင်ကို ဖွင့်လှစ်ပြီးဖြစ်သည်။

၂။ Pizza Hut ( Pizza Franchises ) 
Pizza Hut သည် မြန်မာနိုင်ငံသို့ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလတွင် စတင်ဝင်ရောက်ခဲ့ပြီး လက်ရှိအချိန်၌ ဆိုင် (၁၂) ဆိုင်ထိ ဖြစ်လာကာ (၂၀) ဆိုင်အထိ တိုးချဲ့ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

၃။ Krispy Kreme ( Donut Franchises )
၂၀၁၈ ခုနှစ်တွင် ပထမဦးဆုံး Krispy Kreme ဆိုင်ကို ရန်ကုန်တွင် စတင် ဖွင့်လှစ်ခဲ့ပြီး မြန်မာပြည်သူများ၏ အားပေးမှုများစွာ ရရှိသဖြင့် ဆိုင် (၈) ဆိုင်ဖွင့်လှစ်ထားသည်။

၄။ Swensen's ( Ice Cream Franchises )
အမေရိကန်နိုင်ငံ၏ နာမည်ကြီး အမှတ်တံဆိပ်ဖြစ်သည့် Swensen's ရေခဲမုန့်ဆိုင်သည် ၂၀၁၃ ခုနှစ်၊ မတ်လတွင် မြန်မာနိုင်ငံသို့ ဝင်ရောက်လာပြီး ရန်ကုန်တွင် ဆိုင် (၅) ဆိုင် ဖွင့်လှစ်ထားသည်။

၅။ Gloria Jean’s Coffee ( Café Franchises )
ဩစတေးလျနိုင်ငံဖြစ် Gloria Jean’s Coffee သည် ပြည်တွင်းသို့ ၂၀၁၇ ခုနှစ်တွင် ဝင်ရောက်လာခဲ့ပြီး ရန်ကုန်နှင့် မန္တလေးတွင် (၇) ဆိုင်ဖွင့်ပြီးဖြစ်ကာ မြန်မာရှိ လူငယ်များ အကြိုက်များသဖြင့် လာမည့်နှစ်များတွင် ထပ်မံ ဖွင့်လှစ်ရန် ရည်ရွယ်ထားသည်။

၆။ Burger King ( Fast Food Franchises)
ထိုင်းနိုင်ငံမှ Fast Food ရောင်းချသည့် နာမည်ကြီး Brand Burger King ဆိုင်သည် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလတွင် မြန်မာနိုင်ငံသို့ စတင်ရောက်ရှိခဲ့သည်။ 

ယခု ၂၀၂၁ ခုနှစ်တွင် ထွက်ရှိသည့် Top 100 Franchises စာရင်းများအရ KFC သည် တစ်ကမ္ဘာလုံးတွင် ဒုတိယနေရာတွင် ရပ်တည်နေပြီး Burger King သည် တတိယနေရာတွင် ရပ်တည်လျက် ရှိသည်။

 

မြန်မာနိုင်ငံရှိ Asian Franchise လုပ်ငန်းများ
==========
ပြည်တွင်းတွင် နာမည်ကြီး လူကြိုက်များသည့်  အာဆီယံနိုင်ငံများမှ Franchise လုပ်ငန်းများကို အောက်တွင် အသေးစိတ် ရေးသားဖော်ပြထားသည်။

၁။ Lotteria  ( Chicken Franchises )
တောင်ကိုရီးယားနိုင်ငံရှိ အကြီးဆုံး Fast Food လုပ်ငန်းဖြစ်သည့် Lotteria ကြက်ကြော်ဆိုင်သည် မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ်၌ ပထမဦးဆုံး ဝင်ရောက်လာခဲ့ပြီး ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်နှင့် မုံရွာမြို့များတွင် ဆိုင်ပေါင်း (၂၄) ဆိုင်ထိ ဖွင့်လှစ်ပြီး ဖြစ်သည်။

၂။ Marry Brown  ( Chicken Franchises )
မလေးရှားနိုင်ငံ အခြေပြု Marry Brown ကြက်ကြော်ဆိုင်သည်လည်း ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ဝင်ရောက်လာခဲ့ပြီး ရန်ကုန်၊ မန္တလေးနှင့် ပြင်ဦးလွင်မြို့များတွင် ဆိုင် (၁၆) ဆိုင်ကို ဖွင့်လှစ်ပြီး ဖြစ်သည်။

ပြည်တွင်းတွင် အာဆီယံနိုင်ငံများ ဖြစ်သော စင်္ကာပူ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ကိုရီးယားနှင့် ဂျပန် စသည့်နိုင်ငံများမှ Franchise များ ဝင်ရောက်လျက် ရှိပြီး အထူးသဖြင့်  စင်္ကာပူသည် မြန်မာနိုင်ငံတွင် Franchise လုပ်ငန်းများ လုပ်ကိုင်ရန် စိတ်ဝင်စားမှု အများဆုံး ဖြစ်သည်။


မြန်မာနိုင်ငံရှိ Local Franchise လုပ်ငန်းများ
==========
ပြည်တွင်းတွင် လက်ရှိအောင်မြင်နေသည့် Franchise လုပ်ငန်းအများစုမှာ စားသောက်ဆိုင်များ ဖြစ်ပြီး အောက်ပါအတိုင်း မြင်တွေ့နိုင်သည်။

၁။ YKKO Restaurant ( Restaurant Franchises )
၁၉၈၈ ခုနှစ်တွင် ရန်ကင်းကြေးအိုး နာမည်ဖြင့် ရန်ကုန်တွင် ပထမဦးဆုံးဆိုင် စတင်ဖွင့်လှစ်ခဲ့ပြီး နောက်ပိုင်းတွင် YKKO နာမည်ပြောင်းခဲ့သည်။ လက်ရှိတွင် မြန်မာနိုင်ငံ အနှံ့အပြား၌ ဆိုင်ပေါင်း (၃၅) ဆိုင် ဖွင့်လှစ်၍ ရောင်းချလျက် ရှိသည်။

မြန်မာနိုင်ငံ၌ ပထမဦးဆုံးသော Myanmar Franchise Expo ကို ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ မတ်လ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ ရန်ကုန်မြို့၊ သာကေတမြို့နယ်ရှိ Fortune Plaza - Myanmar Expo Hall တွင် ကျင်းပပြုလုပ်ခဲ့သည်။

Myanmar Restaurant Guide
 


Read 47 times.