Cafes & Restaurant

စားသောက်ဆိုင် တစ်ဆိုင်ဖွင့်တော့မယ်ဆိုရင် ဘာတွေလိုအပ်လဲ?

December 14, 2022

စားသောက်ဆိုင်တစ်ဆိုင် ဖွင့်တော့မယ်ဆိုရင် ဘာတွေက ဘယ်လိုရှိလဲ ဘာတွေကိုတော့ ထည့်တွက်ရမယ် အမြတ်ရာခိုင်နှုန်းက ဘယ်လောက်ရှိရမယ် ဆိုင်ခန်းငှားခ၊ ဝန်ထမ်းလစာ၊ ရေဖိုးမီးဖိုး၊ အခွန်၊ လိုအပ်တဲ့ပစ္စည်း တွေရဲ့ အချိုးအစား ဘယ်လာက်ရှိသင့်တယ်ဆိုတာတွေ အားလုံးကို ထည့်ပြီးရေးသွားပေးသွားမှာ ဖြစ်ပါတယ်။

အခုခေတ်လူငယ် တော်တော်များများက အလုပ်ထဲမှာ စားသောက်ဆိုင်တို့ Bar တို့ ဖွင့်ရတာက အလွယ်ဆုံးလို့ ထင်ကြပါတယ်။

ဒါကြောင့်လဲ စားသောက်ဆိုင်နှင့် Bar တွေတိုးလာရတာဖြစ်ပါတယ်။ တိုက်ခန်း၊ အိမ်၊ ခြံဝင်းကြီးတွေငှားဖွင့်တဲ့သူတွေ၊ shopping mall တွေမှာဖွင့်ကြတဲ့သူတွေနှင့် ကားလေးတွေ၊ လက်တွန်းလှည်းလေးတွေနှင့် အိမ်ကနေပြီး Deliver လုပ်တဲ့ Online shop ဆိုင်လေး တွေကိုလည်း အခုနောက်ပိုင်းအများဆုံးတွေ့ရပါတယ်။ 

 

စားသောက်ဆိုင် တစ်ဆိုင်ဖွင့်တော့မယ်ဆိုရင် ဘာတွေလိုအပ်လဲ?

ပထမဆုံးဆိုင်ဖွင့်တော့မယ်ဆိုရင် အရင်ဆုံးစဉ်းစားရမယ့်အချက်က နေရာပါ ကိုယ်ပိုင်တဲ့နေရာလား?

ငှားဖွင့်မှာလား?

ဒါ့အပြင်ဈေးနှုန်း၊ ဈေးကွက်အနေအထားနဲ့ လာနိုင်တဲ့လူပမာဏတို့ကိုလည်း ထည့်စဉ်းစားရမှာ ဖြစ်ပါတယ်။ Shopping Mall တစ်ခုကို တစ်ရက် လူ ၅,၀၀၀ လာတယ်ဆိုကြပါစို့ အဲဒီ ၅,၀၀၀ ထဲက လူဘယ်နှစ်ယောက်က ကိုယ့်ဆီလာမယ်ဆိုတာတွေကိုလည်း အရင်ဆုံးတွက်ကြည့်ထားရမှာ ဖြစ်ပါတယ်။

အရင်က ရန်ကုန်မြို့မှာ နာမည်ကြီးတဲ့ဆိုင်တွေကို တကူးတက သွားစားတွေ့ရပါတယ်။ အခုလို ကားတွေအရမ်းကျပ်လာတော့ သွားမစားကြတော့ပဲ အနီးအနားက ဆိုင်တွေမှာပဲ စားကြတာကိုတွေ့ရပါတယ်။ 

ပြီးတော့ ကိုယ်ငှားမယ့်ဆိုင်ခန်းကို ဘယ်လောက်ပေးပြီးငှားမလဲ အကျယ်ဘယ်လောက်ရလဲ ဈေးပေါလို့ ချောင်ထဲမှာဖွင့်ရင်လဲ အဆင်မပြေဖြစ်နိုင်ပြီး လမ်းမကြီးပေါ်ဖွင့်လို့ ဈေးအရမ်း ကြီးပြန်ရင်လဲ ကိုယ့်အတွက် မကျန်ဘဲဖြစ်နေမှာပါ။

ဒါကြောင့်နေရာကို သေသေချာချာရွေးဖို့ လိုပါတယ်။ ၁နှစ်ငှားပြီး ဈေးတက်မယ် သို့မဟုတ်  ကိုယ်က ရွှေ့ရမယ်ဆိုရင် ဘယ်လိုမှအဆင်မပြေနိုင်ပါ။ ဒါ့ကြောင့် ဒီအပိုင်းကိုလည်း သေချာလေး စဉ်းစား ဖို့လိုပါတယ်။ Shopping Mall တွေမှာဖွင့်မယ်ဆိုရင်လဲ လူဝင်မဝင်အရင်မေးကြည့်ရမှာပါ။

Monday မှThursday ဘယ်လောက်ဝင်လဲ၊ Friday၊ Saturday၊ Sunday ဘယ်လောက်ဝင်လဲ ခွဲမေးဖို့လိုပါတယ်။

တချို့ Mall တွေက Friday မှ Sunday လူကျပြီး Monday မှThursday လူမရှိရင်လည်း ငုပ်တုတ်ထိုင်နေရမှာ ဖြစ်ပါတယ်။

ဒုတိယအရေးအကြီးဆုံးအချက်ကတော့ ဟင်းတွေကို ဘယ်လောက်နဲ့ရောင်းမှာလဲ? အသား၊ ငါးဈေးက လတိုင်းပြောင်းလဲနေပါတယ်။

တစ်နေ့ထက်တစ်နေ့ စျေးတက်နေတယ်ဆိုရင် ပိုမှန်ပါတယ်။ ကိုယ်တိုင်ဈေးသွားဝယ်ကြည့်ပါ သို့မှသာ တစ်ပိဿာဘယ်လောက်ဈေးလဲဆိုတာ အကြမ်းဖျဉ်း သိသွားရင် ဟင်းတစ်ပွဲစီရဲ့ ဈေးနှုန်းကို စိတ်တွက်တွက်လို့ရမှာဖြစ်ပါတယ်။ 

ထို့နောက် ဟင်းတစ်ပွဲရဲ့ ကုန်ကျစရိတ်ကို တွက်မယ်ဆိုရင် ထည့်ရတဲ့ အသားအချိန်၊ အရွက်ပမာဏ၊ ထည့်ရတဲ့ Sauce တွေရဲ့ မှန်းချေ ကုန်ကျစားရိတ်၊ ချက်ချိန်ကြာတဲ့ အပေါ်မှာမူတည်ပြီးကုန်မည့် Gasဖိုး၊ မီတာခ၊ ပန်းကန်ပေါ်က အလှဆင်ပစ္စည်း အရွက်တွေရဲ့ ကုန်ကျစားရိတ်၊ ပေးတဲ့ တစ်ခါသုံး တူ၊ ဇွန်းတွေရဲ့ ကုန်ကျစားရိတ်၊ ပါဆယ်ထည့်တဲ့ဗူးက ဘယ်လောက်ကျလဲ၊ ဗူးပေါ်မှာကပ်တဲ့ တံဆိပ်ကရော ဘယ်လောက်ကျလဲ၊ ရောင်းတဲ့ ထမင်း၊ ဟင်းတစ်ပွဲ အပေါ်မှာဒါတွေ အားလုံးထည့်တွက်ရမှာ ဖြစ်ပါတယ်။

ဒါတွေထည့်တွက်လိုက်ရင် ဘာမှမကျန်တော့ဘူးဆိုရင်တော့ သင်ဟာအရှုံးဘက်ကို ဦးတည်နေပြီလို့ မှတ်ယူရမှာ ဖြစ်ပါတယ်။  မီးဖိုခန်းတွေရဲ့ ၈၀% လောက်မှာ ချိန်ခွင်ဆိုတာမရှိပါဘူး ချိန်လဲမချိန်ကြပါဘူး။

ဟင်းပွဲတွေမှာဆိုရင် မရောင်းရလို့ ထားတာကြာသွားလို့ ပြစ်ရမည့် အလေအလွင့် ဆုံးရှုံးမှုတွေ အများကြီးရှိသေးတဲ့အတွက်ကြောင့် ရောင်းဈေးအပေါ်မှာ ရာခိုင်နှုန်း ၆၀-၆၅% မမြတ်ရင် အဲဒီဟင်းပွဲကို မရောင်းသင့်ပါ။

ထို့နောက် ကျန်တဲ့ကုန်ကျစရိတ်တွေ ဆက်ပြီးတွက်ကြည့်မယ်ဆိုရင်တော့ 
ဆိုင်ခန်းငှားခ သိန်း ၅၀
မန်နေဂျာ - ၅ သိန်း (နေစားငြိမ်း)
Chef - ၄ သိန်း (နေစားငြိမ်း)
ဓားကိုင် -၂ သိန်း  (နေစားငြိမ်း)
ပန်းကန်ဆေး - ၁ သိန်းခွဲ  (နေစားငြိမ်း)
Waiter ၂ သိန်း  (နေစားငြိမ်း)
မန်နေဂျာမရှိရင် မန်နေဂျာလခကို ကိုယ့်အတွက် ထည့်တွက်ပါ။
မီတာခ - ၅ သိန်း
Gas ဖိုး - ၂ သိန်း
လစဉ်ကုန်တော့မှာဖြစ်ပါတယ်။ 
လစဉ်ကုန်ကျစရိတ်ပြန်ရအောင် တစ်ရက်ဘယ်နှစ်ပွဲရောင်းကြမလဲ? စနေ၊ တနင်္ဂနွေကတော့ ပိုရောင်းရမယ်။ စနေ၊ တနင်္ဂနွေ ပွဲ ၈၀ ရောင်းရတယ်ဆိုရင် စမြတ်ပါမယ်။

စနေ၊ တနင်္ဂနွေ ပွဲ ၁၂၀ ရောင်းရတယ်ဆို ထိုနေ့တွေအတွက်တော မဆိုးဘူးလို့ပြောလို့ရပါမယ်။

ဒါ့အပြင် ၅% ကုန်သွယ်ခွန်၊ အမြတ်တော်ခွန်၊ စည်ပင်ခွန်၊ အရက်လိုင်စင်ခွန်၊ အမှိုက်ခွန်၊ မီးဖိုချောင် Waste ဒါတွေ တခုမှထည့်မတွက်ထားရသေးပါဘူး။

ဒါတွေပါထည့်တွက်ရင် တစ်ရက်ကို ပွဲ ၁၀၀ ပျမ်းမျှရောင်းရဖို့ လိုတာ သေချာသွားပါပြီပဲဖြစ်ပါတယ်။

နောက်ထပ်ပြောပြပေးချင်တာကတော့ Promotion တွေပေးနေပေမယ့်လည့်း လစဉ် အရှုံးနဲ့ ရင်ဆိုင်ရတဲ့ ဖိအားကြောင့် Customer တွေကိုပေးတဲ့ Service ပိုင်းမှာ အားလျော့တာတွေလဲဖြစ်နိုင်သေးပါတယ်။
ထို့ကြောင့် သေချာပေါက်မြတ်ချင်ရင် Rental ကို Attack လုပ်ပါ Revenue ကိုတင်ပါ။ Menu မှာ အမျိုး ၂၀၀ မရောင်းပါနဲ့ စာမျက်နှာ ၃ မျက်နှာရောင်းပြီး ၃မျက်နှာလုံးမှာ ပါတဲ့ဟင်းတိုင်းကို ကောင်းအောင်လုပ်ပါ။

ဆိုင်ရှင်အနေနဲ့ ၁လ ကို ၁ ရက်လောက် မီးဖိုထဲမှာ အနည်းဆုံး ၄နာရီလောက်နေပါ။  ဒါ့ကြောင့် စားသောက်ဆိုင်ဖွင့်တော့မယ်ဆိုရင် ဒီမေးခွန်းလေးတွေကို ကိုယ့်ကိုယ်မေးကြည့်ပါ။
- ကိုယ်တိုင်က အစားအသောက် သမားလား?
- ကိုယ်တိုင် ဟင်းချက်တတ်လား?
- ကိုယ်တိုင် ဈေးသွားဖူးလား?
- ဆိုင်အပြင်အဆင်ကို ဘယ်လောက်ဖိုးသုံးမှာလဲ?
- အရှုံးခံနိုင်ဖို့ ၆လစာ ပိုက်ဆံ လက်ထဲမှာရှိလား?
- နေ့တိုင်း ဆိုင်မှာထိုင်ကြည့်နိုင်လား?
- အရသာတွေကို ကောင်းကောင်းမြည်းတတ်လား?
- ဟင်းပွဲ အသစ်တွေ ကိုယ့်ဟာကိုယ်ထုတ်ဖို့ စီစဉ်တတ်လား?

နောက်ဆုံး အနေနဲ့ အရေးအကြီးဆုံး တစ်ခုမှာချင်တာကတော့ ငွေအတိုး(၂-၃ ကျပ်တိုး) နဲ့ယူပြီး စားသောက်ဆိုင် လုံးဝ(လုံးဝ) မဖွင့်ပါနှင့်လို့ တိုက်တွန်းရင်းနဲ့ စားသောက်ဆိုင်ဖွင့်ရင် ဘာတွေလိုအပ်မလဲဆိုတာလေးကို ပြောပြပေးလိုက်ပါတယ်။

Ref: Philip
The Myanmar Restaurant Guide


Read 1764 times.