Up to 40% OFF

ဒိန်ချဉ်ပြုလုပ်နည်း

December 27, 2019

ဒိန်ချဉ်ပြုလုပ်နည်းမေးထားတဲ့သူတွေအတွက် ....


ဒိန်ချဉ်ပြုလုပ်နည်းအတွက် ဒိန်ချဉ်အနည်းငယ်နှင့် နွားနို့ပဲလိုပေမယ့် ပြုလုပ်နည်းကို နည်းလမ်းလမ်းမှန်မှန်လုပ်ရန်ပဲလိုပါတယ်။ နည်းလမ်းသိရင်လဲ မခက်ပဲ လွယ်ကူတဲ့နည်းဖြစ်သွားပြီး ခဏခဏလုပ်စားနိုင်ပါတယ်။ ပြုလုပ်ကြည့်ရအောင်နော်။

ပါဝင်သောပစ္စည်းများ ( ၆-၇ ပွဲစာ)
======================

၁။ နွားနို့- ၁ လီတာ (နွားနို့က အဆီမထုတ်ရသေးသောနွားနို့ခပ်ပျစ်ပျစ်နဲ့ မှပိုကောင်းပါတယ်။)


၂။ ဒိန်ချဉ် - ထမင်းစားဇွန်း ၂ ဇွန်းမောက်မောက် (ဆိုင်ကဝယ်တဲ့ဒိန်ချဉ်အလွယ်တကူမရှိရင်
နွားနို့ကို ခွက်တခုထဲထည့်ပြီး နေပူပူမှာ ၁ နာရီလောက်ထားပြီး ရလာတဲ့ နွားနို့ပျက်လာတဲ့အခဲနဲ့လုပ်လဲရပါတယ်။ အိစံက စိတ်မသန့်လို့ဆိုင်က ဝယ်တဲ့ဒိန်ချဉ်ကိုထည့်တာပါ။)

 

ပြုလုပ်နည်း
========

၁။ ဒိန်ချဉ်ပြုလုပ်ရန်ထည့်မည့်ဗူး (အဖုံးပါသော)က အရေးအကြီးဆုံးပါ။ ဆီပါနေတာတို့ညစ်ပတ်နေတာတို့ဖြစ်နေရင်မကောင်းပါ။ ဒိန်ချဉ်ပြုလုပ်မည့်ဗူးကို သေချာဆေးပြီး ရေခြောက်အောင်လုပ်ထားပါ။ နောက်တခုအရေးကြီးတာကတော့ ဒိန်ချဉ်ခဲဖြစ်အောင်ထားမည့်နေရာဖြစ်ပါတယ်။ ဒိန်ချဉ်ပြုလုပ်ရန်ထားတဲ့အချိန်အတွင်းမှာ ဒိန်ချဉ်ဗူးကို ရွှေ့တာလှုပ်တာ ကိုင်ကြည့်တာတို့လုပ်လို့မရပါဘူး။ အဲ့လိုလုပ်မည့်ရင်မခဲတော့ပဲဖြစ်တတ်ပါတယ်။ နောက်တချက်က အခန်းရဲ့အပူဆုံးနေရာမှာထားတာအကောင်းဆုံးပါ။

၂။ နွားနို့ကို ပွက်အောက်တည်ပြီး ခပ်နွေးနွေးအနေအထားရောက်အောင်အထိ အအေးခံထားပါ။

၃။ ခပ်နွေးနွေးအနေအထားရောက်ရင် ဒိန်ချဉ်ကိုထည့်ပြီး ဒိန်ချဉ်များပျော်သွားပြီး နွားနို့နဲ့တသားထဲဖြစ်သွားအောင် ကြက်ဥခလောက်တံဖြင့် ခလောက်ပါ။

၄။ ထို့နောက် ဒိန်ချဉ်ပြုလုပ်မည့် ဗူးထဲကိုထည့် အဖုံးဖြင့်လေလုံအောင်ပိတ်ပြီး အခန်းရဲ့ပူနွေးတဲ့နေရာမှာ ထားပါ။ ဒိန်ချဉ်ခဲ မြန်မြန်ဖြစ်ချင်ရင်တော့ ဒိန်ချဉ်ပြုလုပ်မည့်ဗူးကိုအဝတ်ပါပတ်ထားပါ။ နွေရာသီလိုမျိုး ပူတဲ့အချိန်မှာဆိုရင်တော့ ၁၂ နာရီလောက်ထားရုံနဲ့ဒိန်ချဉ်ခဲကိုရပါတယ်။ မိုးရာသီ တို့ဆောင်းရာသီတို့ဆိုရင်တော့ အနည်းဆုံး ၁ ရက်တော့ ထားဖို့လိုပါတယ်။ အဲ့လိုဒိန်ချဉ်ခဲဖြစ်ဖို့ထားတုံးအချိန်မှာ ဒိန်ချဉ်ဗူးကို ရွှေ့တာတို့လှုပ်တာတို့ကိုင်ကြည့်လိုက်တာတို့မလုပ်ပါနဲ့။ အဲ့လိုလုပ်ရင် ဒိန်ချဉ်ခဲမဖြစ်တတ်ပါ။

၅။ ရလာတဲ့ ဒိန်ချဉ်ကို ထန်းလျက်ရည်(သို့) သကြား (သို့) ပျားရည် တို့ဖြင့် သုံးဆောင်နိုင်ပါပြီရှင်။ ဒိန်ချဉ်ကို နောက်ရက်တွေမှ စားမည်ဆိုလျှင် ရေခဲသေတ္တာအအေးခန်းထဲမှာ ၃ ပတ်လောက်သိမ်းထားပြီး စားနိုင်ပါတယ်။

Credit#Orginal


Read 7369 times.