Easy Recipes

ဂျပန်နိုင်ငံရဲ့ နာမည်ကြီး ဂျပန်အစားအစာတွေထဲက မုန့်အချိုပွဲ (၇) ပွဲ 

February 27, 2023

 

ဂျပန်နိုင်ငံကို အလည်ပဲဖြစ်ဖြစ် အလုပ်နဲ့ပဲဖြစ်ဖြစ်သွားဖြစ်ခဲ့ရင် မဖြစ်မနေစားဖို့ မှတ်ထားရမယ့် အချိုပွဲလေး တွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။ ဂျပန်လူမျိုးတွေဆိုတာက ကိတ်၊ ပေါင်မုန့်နဲ့ အချိုပွဲတွေရဲ့ ဘုရင်လို့ ပြောရလောက်အောင်ကို မုန့်တွေကို စားချင်အောင် အလှဆင်ထားပြီး အရသာရှိလွန်းအောင် တီထွင် ပြုလုပ်တတ်တဲ့နေရာမှာ ဆရာတွေပဲလို့ ပြောရလောက်အောင် ကျွမ်းကျင်ကြတာကို တွေ့ရပါလိမ့်မယ်။

(1) Mochi
ဂျပန်လူမျိုးတွေရဲ့ ရိုးရာအစားအစာထဲပါတဲ့ Mochi တွေကို Mochi Gome ဆိုတဲ့ ကောက်ညင်းအိအိလေးနဲ့ လုံးပြီး အထဲက kinako လို့ခေါ်တဲ့ ပဲနီတွေ၊ ယိုတွေ၊ အသီးတွေထည့်ပြီး လုံးစားကြပါတယ်။ ဒီမုန့်အချိုလေးကတော့ မြန်မာနိုင်ငံကလူတွေနဲ့ ရင်နှီးပြီးသား အရသာလည်းဖြစ်ပြီး မြန်မာနိုင်ငံသားတော်တော် များများလည်း နှစ်နှစ်ခြိုက်ခြိုက် စားသုံးကြတာကိုလည်း တွေ့ရပါတယ်။

(2) Dango
အခုပြောပြပေးမယ့် အချိုပွဲလေးကတော့ မြင်ရုံနဲ့ သွားရေကျစေမယ့် Mochi လို ကောက်ညှင်းနဲ့လုပ်တဲ့ မုန့်ပဲ ဖြစ်ပါတယ်။ ဒီမုန့်ရဲ့ ထူးခြားချက်လေးကတော့ ဂျုံအမျိုးမျိုးနဲ့ လုပ်တာဖြစ်ပြီး ဂျုံတွေရဲ့ လုပ်ထုံးလုပ် နည်းအတိုင်း အရမ်းနယ်စရာမလိုတာဘဲဖြစ်ပြီး Dango လေးတွေကိုတော့ ကောက်ညှင်းကို ရောင်စုံလေးဖြစ် အောင်လုံး၊ သကြားရည်ထဲစိမ်ပြီး အေးအေးလေး စားသုံးကြရတာ ဖြစ်ပါတယ်။

(3) Honey Toast
Honey Toast ဆိုတဲ့ မုန့်လေးကတော့ ဂျပန်လူမျိုး တော်တော်များများစားကြတဲ့ အစားအစာဖြစ်ပါတယ်။ ဖောင်းကြွနေတဲ့ နို့ပေါင်မုန့်ဆိမ့်ဆိမ့်လေးကို Toast လုပ်ထားပြီး အပေါ်က ရေခဲမုန့်လေးတွေနဲ့ တစ်ခြားအသီးလေးတွေ အဆာပလာထည့်ပြီးမှ ပျားရည်ဆမ်း စားကြတာ ဖြစ်ပါတယ်။

(4) Taiyaki
ဂျပန်အစားအစားတွေထဲက နာမည်ကြီးအချိုပွဲထဲက တစ်ခုဖြစ်တဲ့ ဂျပန်မှာမက တစ်ခြားနိုင်ငံတွေမှာပါ နာမည်ကြီးတဲ့ ငါးပေါင်မုန့်ဆိုတဲ့ Taiyaki မုန့်လေးပဲ ဖြစ်ပါတယ်။ လှည်းလေးတွေနဲ့ ဒီငါးပေါင်မုန့်လေးတွေကို ရောင်းကြတာ တွေ့ရပါတယ်။ အပြင်က ပေါင်မုန့်လိုလို ကိတ်မုန့်လိုလို မုန့်သားမွှေးမွှေးလေးကိုမှ အထဲက ပဲနီယိုလေးတွေနဲ့ ဌာပနာပြီး ပူပူနွေးနွေးဖုတ်ရောင်းတာမို့ ဂျပန်နိုင်ငံရဲ့ ရာသီဥတု တအားအေးနေတဲ့အချိန် ကိုယ်တွင်းအနွေးဓာတ် ရဖို့ စားကြပါတယ်။

(5) Anmitsu
ဒီအချိုပွဲလေးကိုတော့ နွေဦးရာသီလို ရာသီဥတုပူတဲ့အချိန် စားရပါတယ်။ ဂျယ်လီတုံးလေးတွေနဲ့ အပေါ်က ပဲအနှစ်နဲ့ တွဲစားရပြီး နောက်ထပ် Topping တွေအဖြစ် Mochi ဆန်ကောက်ညင်းလုံးလေးတွေ၊ သစ်သီး၊ အစေ့ အဆံလေးတွေနဲ့ ရေခဲမုန့် ရောထည့်ပြီး စားကြတာ တွေ့ရပါတယ်။ 

(6) Daifuku
Daifuku ဆိုတာကလည်း Mochi လို ကောက်ညင်းလုံးလေးပါပဲ။ ဒီမုန့်လေးကတော့ အထဲက ရေခဲမုန့် Filling လေးတွေထည့်ပြီး လုပ်တတ်ကြပါတယ်။ ဂျပန်လူမျိုးတွေ နွေရာသီမှာ သုံးဆောင်လေ့ရှိတာကို တွေ့ရပါတယ်။

(7) Anko
Anko ဆိုတာကတော့ ပဲနီလေးတွေကို ယိုလိုအနှစ် ချေထားတာဖြစ်ပြီး အချိုပွဲတွေတိုင်းမှာ Topping အဖြစ် အရသာရှိရှိ ထည့်စားကြပါတယ်။ Mochi တွေ၊ Cake တွေ၊ တခြားအချိုပွဲတွေမှာလည်း ထည့်စားပါတယ်။ ခုဆို မြန်မာနိုင်ငံမှာပါ Toast Bread တွေ ရတဲ့ Japanese Bakery တွေ စတင် ဖွင့်နေကြပြီ ဖြစ်ပါတယ်။

ဒါကြောင့် ကိုယ့်ရဲ့ စိတ်ကူးယဉ်အိပ်မက်ထဲမှာ ဂျပန်နိုင်ငံသွားပြီး ချယ်ရီပန်းတွေကြား၊ နှင်းတွေကျနေတဲ့ ဖူဂျီတောင်ကြီးကိုပါ ကြည့်ဖို့ စိတ်ကူးထားတယ်ဆိုရင် မဖြစ်မနေ မှတ်ထားပြီး ဂျပန်နိုင်ငံကိုရောက်ခဲ့ရင် ဂျပန်အစားအစာတွေထဲ ဒီအချိုပွဲလေးတွေကို မြည်းစမ်းကြည့်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

Source: tastemm.com

The Myanmar Restaurant Guide
 


Read 969 times.