Best Cuisine

အစားကောင်းကိုမှ ကြိုက်တတ်တဲ့ Foodie လေးတွေအတွက် ခေါက်ဆွဲကြော်နည်း (၅) နည်း

February 22, 2023

ထမင်းနဲ့ ဟင်းပဲစားရတာ ငြီးငွေ့နေသူတွေနဲ့ အပြင်စာတွေမစားတတ်တဲ့သူတွေအတွက် ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်တွေမှာ အိမ်မှာကိုယ်တိုင် ခေါက်ဆွဲကြော်စားဖို့အတွက် ခေါက်ဆွဲကြော်နည်း (၅) နည်းကို တင်ပေးလိုက်ပါတယ်။ အောက်ဖော်ပြပါ ခေါက်ဆွဲကြော်များရဲ့ ပါဝင်မှုပမာဏကို ခေါက်ဆွဲကြော်နည်းနည်းတစ်ခုစီတိုင်းမှာ ထည့်ပေးထားပါတယ်။

(၁) ပင်လယ်စာခေါက်ဆွဲကြော်
ပါဝင်ပစ္စည်းများ 
(တစ်အိုးစာ)
၁။ ခေါက်ဆွဲခြောက် - ၁စည်း ( သို့) အစို - ၄၀သား
၂။ မိမိနှစ်သက်ရာအသား - အနည်းငယ်
၃။ ပုစွန် -.၂၀ကျပ်သား
၄။ ကင်းမွန်ရော -.၂၀ကျပ်သား
၅။ ကြက်ဥ - ၃ လုံး
၆။ ဘိုစားပဲ - ၁၀ ကျပ်သား
၇။ ဥနီ - ၅ကျပ်သား
၈။ ဂေါ်ဖီ - ၂၅ ကျပ်သား
၉။ ပန်းပွင့် - ၁၅ ကျပ်သား
၁၀။ ကြက်သွန်မြိတ် - ၃ပင်
၁၁။ တရုတ်နံနံ - ၃ ပင်
၁၂။ ကြက်သွန်နီ - ၁ လုံး 
၁၃။ ကြက်သွန်ဖြူ - ၅ မွှာ
၁၄။ ပဲငံပြာရည်အကြည် - အနည်းငယ်
၁၅။ ပဲငံပြာရည်အပျစ် - အနည်းငယ်
၁၆။ ခရုဆီ- အနည်းငယ်
၁၈။ တရုတ်မဆလာ - အနည်းငယ်
၁၉။ ငရုတ်ကောင်းမှုန့် - အနည်းငယ်
၂၀။ ကြက်သားမှုန့် - အနည်းငယ်

ပြုလုပ်နည်း
ပထမဆုံးခေါက်ဆွဲနဲ့ရောကြော်မယ့် အသီးအရွက်တွေကို အမျှင်ခပ်ကြီးကြီးပုံစံ ရအာင်လှီးဖြတ်ထားပါ။ ခေါက်ဆွဲ ကို ရေနွေးဆူဆူမှာပြုတ်ပြီး ရေအေးလောင်း အအေးခံထားပါ။ ဒယ်အိုးတစ်လုံးမှာ ခေါက်ထားတဲ့ ကြက်ဥတွေကို ထည့်မွှေကြော်ပါ။ ချက်ချင်းဆိုသလို အသားအနည်း ငယ်ထည့်ကြော်ပြီး ကြက်သွန်နီ၊ ဖြူတွေကိုလည်း ထည့်မွှေ ပါ။ ပြီးရင် ပင်လယ်စာတွေ ထည့်ကြော်ပါ။ ထို့နောက် အသီးအရွက်တွေထည့်ပြီးပါ၀င်သော အရသာများဖြင့် ဖြည့်စွက်ပြီး နှစ်မိနစ်ခန့် အဖုံးအုပ်ထားပါ။ အသီးအရွက်တွေနူးအိပြီဆိုလျှင် ပြုတ်ပြီး ရေစစ်ထားတဲ့ ခေါက်ဆွဲ တွေထပ်ပေါင်းကာ မီးပြင်းပြင်းနှင့် သုံးမိနစ်ခန့် ဆက်ကြော်ပေးပါ။ နောက်ဆုံးကြက်သွန်မြိတ်၊ တရုတ်နံနံတွေ ဖြူးထည့်ပြီး ငရုတ်ကောင်းမှုန့်နှင့် တရုတ်မဆလာဖြူးပေးပြီးရင်တော့ အဆင်သင့်သုံးဆောင်လို့ရပါပြီ။

Click Here >>> Min Han Terrazzo

(၂) ဂျုံခေါက်ဆွဲကြော်နည်း
ပါဝင်ပစ္စည်းများ
(တစ်ယောက်စာ)
၁။ ရွှေမြင်းပျံ ဂျုံခေါက်ဆွဲခြောက်
၂။ ကြက် (သို့) ကြက်သား - ၅ကျပ်သား
၃။ မုန်လာဥ - အနည်းငယ်
၄။ ရွှေပဲသီး - အနည်းငယ်
၅။ မုန်လာထုပ် - အနည်းငယ်
၆။ ကြက်သွန်မြိတ် -  အနည်းငယ်
၇။ ပဲငံပြာရည်အကြည် - အနည်းငယ်
၈။ ပဲငံပြာရည်အပျစ် - အနည်းငယ်
၉။ ခရုဆီ- အနည်းငယ်
၁၀။ တရုတ်မဆလာ - အနည်းငယ်
၁၁။ ငရုတ်ကောင်းမှုန့် - အနည်းငယ်
၁၂။ ကြက်သားမှုန့် - အနည်းငယ်

ပြုလုပ်နည်း
ဂျုံခေါက်ဆွဲခြောက်တစ်ဝက်ကို အိအောင်ပြုတ်၍ ရေစစ်ထားပါ။ မုန်လာဥနီ၊ ရွှေပဲသီး၊ မုန်လာထုပ်၊ ကြက်သွန်နီနှင့် ကြက်သွန်မြိတ်အနည်းငယ်စီတို့ကို လှီးဖြတ်ထားပါ။ ကြက်သား (သို့) ဝက်သားကို မထူမပါးလှီး ၍ ဆား၊ ဟင်းခတ်မှုန့်၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် နှယ်နှပ်ထားပါ။ ဆီပူအောင်အရင်တည်၍ အသားအရင်ထည့် ကြော်ပါ။ အသားတင်း၍ ကျက်ခါနီး ကြက်သွန်နီထည့်၊ အသီးရွက်တွေ ထည့်မွှေပါ။ အသီးရွက် ကျက်ခါနီး ခေါက်ဆွဲထည့်၊ ငံပြာရည်အကြည်၊ အနှောက် ခရုဆီ၊ ကြာညို့ တို့ထည့်ပါ။ အရောင်တွေနံ့ပြီး အရသာအနေတော် ဆိုရင် နှမ်းဆီ၊ကြက်သွန်မြိတ်နှင့် ငရုတ်ကောင်းမှုန့်ထည့်မွှေပြီးချပါ။ နှမ်းဆီက အနံ့မွှေးဖို့အတွက်ပဲ သုံးတာမို့လို့ လက်ဖက်ရည်ဇွန်းတဝက်စာပဲ ထည့်ပါ။ ပြီးရင် ကြက်သွန်ချဉ် (သို့) နှစ်သက်ရာ အချဉ်တမျိူးမျိုးဖြင့်တွဲ စားဖက်စားသုံးနိုင်ပါပြီ။

(၃) စင်္ကာပူခေါက်ဆွဲကြော်
ပါဝင်ပစ္စည်းများ
(တစ်ယောက်စာ)
၁။ ကြက်ဥခေါက်ဆွဲခွေ - (၃) ခွေ
၂။ ကြက်သွန်နီ - ၃ လုံး
၃။ ကြက်အူချောင်း (သို့) ဝက်အူချောင်း
၄။ မုန်လာဥနီ - အနည်းငယ် 
၅။ ဂေါ်ဖီ - အနည်းငယ်
၆။ ဟင်းခတ်မဆလာ - အနည်းငယ် 
၇။ ငရုတ်ကောင်း - အနည်းငယ်
၈။ ဟင်းခတ်မှုန့် - အနည်းငယ်
၉။ ပဲငံပြာရည် - အနည်းငယ်
၁၀။ ကြက်သွန်မြိတ် - အနည်းငယ်

ပြုလုပ်နည်း
ကြက်သွန်နီကို ပါးပါးလှီးထားပါ။ မုန်လာဥနီကို အချောင်းလေးတွေလှီးပြီး ဂေါ်ဖီကို အနေတော်လှီးထားပါ။ ရေနွေးဆူအောင်တည်ပြီး ကြက်ဥခေါက်ဆွဲထည့်ပြုတ်ပါ။ နှစ်မိနစ်လောက်ကြာရင် ခေါက်ဆွဲကို ဆယ်ပြီးဇကာနဲ့ စစ်ထားပါ။ ဒယ်အိုးထဲမှာ ဆီကိုပူအောင်ထားပြီး ကြက်သွန်နီထည့်မွှေပါ။  ပုစွန်ထည့်ကြော်ပြီး သုံးမိနစ် လောက်ကြာတဲ့အခါ ကြက်အူချောင်း (သို့) ဝက်အူချောင်း၊ မုန်လာဥနီ၊ ဂေါ်ဖီတို့ကို ရောကြော်ပါ။ ဟင်းမွှေး မဆလာထည့်ပါ။ ကြက်ဥခေါက်ဆွဲထည့်ပြီး ငရုတ်ကောင်း၊ ဟင်းခတ်မှုန့်နဲ့ ပဲငံပြာရည်ရောပြီး သမအောင် မွှေကြော်ပါ။ အပေါ်ကနေ ကြက်သွန်မြိတ်ထည့်အုပ်ပြီးရင်တော့ အရသာထူးခြားတဲ့ စင်္ကာပူခေါက်ဆွဲ ကိုသုံးဆောင်လို့ရပြီဖြစ်ပါတယ်။

(၄) မလေးရှား ခေါက်ဆွဲကြော်နည်း
ပါ၀င်သောပစ္စည်းများ
(တစ်ယောက်စာ)
၁။ ဟင်းသီးဟင်းရွက်ဆီ - စားပွဲတင်ဇွန်း ၂ ဇွန်း
၂။ ခရုဆီ - ထမင်းစားဇွန်း ၂ ဇွန်း
၄။ ပဲငံပြာရည် - စားပွဲတင်ဇွန်း ၂ ဇွန်း
၅။ ဆား၊ ငရုပ်ကောင်းမှုန့် - အနည်းငယ်
၆။ ဆန်ပြား - ၅၀ ကျပ်သား
၇။ ကြက်ဥ - ၂လုံး
၈။ ကြက်သွန်ဖြူ - ၁ မွှာ
၉။ ၀က်အူချောင်း - ၁ ချောင်း
၁၀။ ပြည်ကြီးငါး - ၂၀ ကျပ်သား
၁၁။ အခွံချွတ်ထားသော ပုဇွန်ကျား - ၄၀ ကျပ်သား
၁၂။ နှမ်းဆီ - စားပွဲတင်ဇွန်း ၁ ဇွန်း
၁၃။ ရေ (သို့) ကြက်ပြုတ်ရည် - ဖန်ခွက်တစ်ခွက်
၁၄။ ငရုတ်သီးအနီ - အနည်းငယ်
၁၅။ နံနံပင် - အနည်းငယ်
၁၆။ ပဲပင်ပေါက်
၁၇။ ကြက်သွန်မြိတ်

ပြုလုပ်နည်း
ဒယ်အိုးထဲတွင် ဆီထည့်ပါ။ ဆီပူလျှင် ကြက်သွန်ဖြူကို အနံ့မွှေးလာသည်အထိ မွှေပေးပါ။ ခေါက်ထားသော ကြက်ဥထည့်မွှေပါ။ ဆန်ပြား (သို့) ခေါက်ဆွဲ ထည့်မွှေပါ။ ငံပြာရည်၊ ခရုဆီ၊ ဆား၊ ငရုပ်ကောင်းနှင့် ကြက်ပြုတ်ရည် (သို့ ) ရေ ထည့်ပါ။ ဆူလာလျှင် ၀က်အူချောင်း၊ ပုစွန်၊ ပြည်ကြီးငါးတို့ကို ထည့်ပြီး မီးပြင်းပြင်းဖြင့် ၄ မိနစ်ခန့်ကြော်ပါ။ နောက်ဆုံးတွင် နှမ်းဆီ၊ ကြက်သွန်မြိတ်၊ ပဲပင်ပေါက်၊ ငရုတ်သီးအနီ၊ နံနံပင် ထည့်ပြီး မွှေပေးပါ။ ကဲ အခုဆိုရင်တော့ အရသာရှိလှသော မလေးရှားခေါက်ဆွဲကြော်ကို သုံးဆောင်နိုင်ပြီ ဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက်များကို မိမိကြိုက်နှစ်သက်ရာ ထည့်၍ ကြော်စားနိုင်ပါတယ်။

(၅) အမဲသားခေါက်ဆွဲကြော် အစပ်
ပါ၀င်သော ပစ္စည်းများ 
(တစ်ယောက်စာ)
၁။ အမဲသား - ၅ကျပ်သား
၂။ ခေါက်ဆွဲအစို - ၁၅ ကျပ်သား
၃။ သကြား - အနည်းငယ်
၄။ ပဲငံပြာရည် အကြည် - အနည်းငယ်
၅။ ပဲငံပြာရည် အပျစ် - ၁ လက်ဖက်ရည်ဇွန်း
၆။ BBQ Sauce - ၂ လက်ဖက်ရည်ဇွန်း
၇။ ငရုပ်သီး အကြမ်းမှုန့် - ၁ လက်ဘက်ရည်ဇွန်း (စပ်စပ်)
၈။ ဆား - အနည်းငယ်
၉။ ရေ - ၁ စားပွဲဇွန်း
၁၀။ ဆီ - ၃ စားပွဲဇွန်း
၁၁။ ကြက်ဥ - ၁လုံး
၁၂။ အသီးရွက်စုံ - ၁၅ ကျပ်သား

ပြုလုပ်နည်း
အမဲသားကို ပါးပါးလှီး၊ ဆား၊ သကြား၊ ပဲငံပြာရည် ၊ ကြက်ဥ (တလုံးကနေ အနည်းငယ်ယူထည့်) ထည့်ပြီး တူနဲ့ နယ်ပါ။ နှစ်နာရီလောက် ရေခဲသေတ္တာ အခဲထပ်ထဲမှာ နှပ်ထားပါ။ ကြော်မည့်အိုးထဲဆီထည့်၊ ဆီပူလာရင် အမဲသားထည့်ကြော်၊ ကြက်သွန်ဖြူကြော်ပါ။ နွမ်းသွားတဲ့အခါ အသီးရွက် ထည့်ကြော်ပါ။ ထို့နောက် ခေါက်ဆွဲထည့်ပီး မွှေပေးပါ။ ငရုပ်သီးမှုန့်၊ ဆား၊ သကြား၊ ပဲငံပြာရည် အပျစ်၊ အကျဲ တို့နဲ့ BBQ sauce ထည့်မွှေပေးပါ။ လိုအပ်လျှင် ပြောင်းကော်မှုန့် ၁/၄ လက်ဘက်ရည်ဇွန်းကို ရေ (အရိုးပြုတ် အချိုရည်) ၄ စားပွဲဇွန်းနဲ့ ဖျော်ပီး နည်းနည်းချင်း လိုသလောက်ထည့်မွှေပေးပါ။ ခေါက်ဆွဲကြော်က စိုစိုလေးဖြစ်နေရပါတယ်။ အသီး၊ အရွက် ဘယ်လောက်ထည့်မလဲ ရေ ဘယ်လောက်ထွက်လာမလဲဆိုတာ အတိကျ မပြောနိုင်လို့ပါ။ ကော်တွေ အများကြီးနဲ့ ပြစ်ပြစ်ကြီး မဖြစ်ရပါ။ Hawaiian BBQ sauce ကို ဆောစ့် ရဖို့ မလွယ်တာကြောင့် အလွယ်တကူ ရနိုင်တဲ့ ခရုဆီကို သုံးနိုင်ပါတယ်။ နောက်ဆုံးမှာတော့ အရသာက ချိုစပ်မွှေးလေးနဲ့ အမဲသားခေါက်ဆွဲကြော်အစပ်ကို သုံးဆောင်နိုင်ပါပြီ။
 

Source: Burmese Food

The Myanmar Restaurant Guid


Read 1300 times.