Cafes & Restaurant

ဟင်းတစ်ပွဲကို မြန်မာငွေ သိန်း (၅၀၀) လောက်ထိ ပေးရတဲ့ စားသောက်ဆိုင်များ

March 9, 2023

အစားအသောက်အတွက် ပိုက်ဆံ ဘယ်လောက် အများဆုံး သုံးဖူးပါသလဲ။ မြန်မာငွေ သိန်း (၄၀) ကနေ သိန်း (၅၀၀) လောက်ထိ ပေးရတဲ့ ဟင်းတစ်ပွဲကို ဆိုင်မှာ သွားရောက် မြည်းစမ်းကြည့်ဖို့ရော စိတ်ကူးဖူးပါသလား။

အခုပြောပြပေးမယ့် စားသောက်ဆိုင်တွေကတော့ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံးလို့ သတ်မှတ်ခံထားရပြီး ဟင်းပွဲတစ်ပွဲကို အမေရိကန်ဒေါ်လာ (၂,၀၀၀) ကနေ (၂၅,၀၀၀)၊ မြန်မာငွေနဲ့ဆိုရင် သိန်း (၄၀) ကနေ သိန်း (၅၀၀) လောက်ထိ ပေးရတဲ့ ဆိုင် (၆) ဆိုင်ပဲ ဖြစ်ပါတယ်။

ဒါဆိုရင် ဟင်းပွဲတွေကို ဘယ်သူတွေက ဖန်တီးတာလဲ၊ ဆိုင်တွေကရော ဘယ်နိုင်ငံတွေမှာ ရှိတာလဲ၊ ဘာလို့ ဒီလောက် ဈေးကြီးရတာလဲ၊ ဘာတွေ ဘယ်လို ထူးခြားလှပပြီး ဘယ်လောက်တောင် စားကောင်းလို့လဲ စတာတွေကို ဈေးနှုန်းတွေနဲ့တကွ အောက်မှာ အသေးစိတ် ကြည့်လိုက်ကြရအောင်။

 

Advertisement

Click Here > Asia Pacific Inspection Agency

၁။ Grand Velas Los Cabos ( Taco )

ပထမဆုံးနဲ့ ဈေးအကြီးဆုံး စားသောက်ဆိုင်ကတော့ မက္ကစီကိုနိုင်ငံ၊ ဆန်လူးကပ်က Grand Velas Los Cabos ဆိုတဲ့ ဆိုင်ဖြစ်ပြီး သူ့ရဲ့  Taco အမည်ရှိ ကမ္ဘာ့ဈေးအကြီးဆုံး ဟင်းပွဲဟာ ဒေါ်လာ (၂၅,၀၀၀)၊ မြန်မာငွေဆိုရင် သိန်း (၅၀၀) ထိတောင် တန်ကြေး ရှိပါတယ်။ 

ဒီဟင်းပွဲကို နာမည်ကြီး စားဖိုမှူး Michel Mustière က ဖန်တီးထားတာ ဖြစ်ပြီး Kobe အမဲသား၊ အခွံခွာထားတဲ့ ပြောင်းဖူး Tortilla၊ Langoustine၊ Beluga Caviar၊ Brie Cheese စတာတွေကို အထဲမှာ အစာသွပ်ထည့်ထားပြီး စားလို့ရတဲ့ ရွှေကို အပေါ်မှာ ကာရံထားပါတယ်။ 

အပေါ်မှာ ဖြူးထားတဲ့ Salsa ကလည်း Morita ငရုတ်သီးခြောက်၊ Anejo Tequila နဲ့ Civet လို့ခေါ်တဲ့ ကမ္ဘာ့စျေးအကြီးဆုံး ကော်ဖီနဲ့ ပြုလုပ်ထားတာဖြစ်လို့ ဈေးအကြီးဆုံးတွေ စုနေတဲ့ ဟင်းပွဲတစ်ပွဲ ဖြစ်နေတာပါ။ အမြင်ပိုင်းအရ သိပ်ပြီး မလှပေမယ့် အရသာကတော့ စားဖူးသူတွေမှပဲ သေချာ သိပါလိမ့်မယ်။

 

၂။ Fortress Resort and Spa ( The Fortress Stilt Fisherman Indulgence )

ဒုတိယ ဈေးအကြီးဆုံးကတော့ သီရိလင်္ကာနိုင်ငံ၊ Galle မှာ ရှိတဲ့ Fortress Resort and Spa စားသောက်ဆိုင် ဖြစ်ပါတယ်။ သူ့ရဲ့  The Fortress Stilt Fisherman Indulgence ဆိုတဲ့ အချိုပွဲဟာ ဒေါ်လာ (၁၄,၅၀၀) တန်ကြေးရှိပြီး မြန်မာငွေနဲ့ဆိုရင် သိန်း (၃၀၀) ကျော်လောက် ပေးရပါတယ်။

ဒီအချိုပွဲကို ဖန်တီးသူ စားဖိုမှူးရဲ့ နာမည်ကိုတော့ မဖော်ပြထားပါဘူး။ အီတလီ ပီလောပီနံ၊ အိုင်းရစ်ခရင်မ်ကို အသုံးပြုထားပြီး ရှမ်ပိန်ဆာဘေယွန်နဲ့ ရောထားတဲ့ သလဲသီး၊ သရက်သီးဖျော်ရည်တွေနဲ့ အလှဆင်ထားပြီး စားသုံးလို့ရတဲ့ ရွှေအရွက်နဲ့ အုပ်ထားပါတယ်။ 

ချောကလက် ချိန်ခွင်လျှာပေါ်တွင် တင်ထားတဲ့ Aquamarine Stone ဟာ (၈၀) ကာရက် ရှိပြီး သူ့ရဲ့ အဓိက ဆွဲဆောင်မှုကတော့ ချောကလက် တံငါသည် ရုပ်ပုံလေးပါ။ ဒီပုံကို Galle စားသောက်ဆိုင်ရဲ့ အနီးအနားက ရှေးဟောင်း ငါးဖမ်းကျင့်စဉ်တစ်ခုဖြစ်တဲ့ မြစ်တစ်စင်းပေါ်မှာ လူတစ်ဦး ရပ်နေတဲ့ပုံစံကို အတုယူပြီး ဖန်တီးထားတယ်လို့ ဆိုပါတယ်။

 

၃။ The Louis XIII Pizza ( Pizza )

ကမ္ဘာ့ဈေးအကြီးဆုံး စားစရာတွေထဲမှာ တတိယနေရာမှာ ရှိနေပြီး ပီဇာထဲမှာ ဈေးအကြီးဆုံးကတော့ အီတလီနိုင်ငံ Salerno မှာရှိတဲ့ Louis XIII Pizza ဆိုင်ရဲ့ ဒေါ်လာ (၁၂,၀၀၀) တန် ပီဇာတစ်ချပ်ပဲ ဖြစ်ပါတယ်။ မြန်မာငွေနဲ့ဆိုရင် သိန်း (၂၅၀) ကျော်လောက် ပေးရပါတယ်။ 

ဒီပီဇာမှာ ဈေးအကြီးဆုံး Caviar, Norwegian Lobster, Pink Australian Salt, Cilento Prawns နဲ့ Genuine Mozzarella Di Bufala စတာတွေကို ထည့်သွင်း အသုံးပြုထားပါတယ်။

ပီဇာမှာ ပါဝင်တဲ့ ဒီလို တန်ဖိုးကြီး ပါဝင်ပစ္စည်းတွေကြောင့် စားဖိုမှူး Renato Viola ဟာ (၇၂) နာရီလောက် အချိန်ယူပြီး ပြင်ဆင်ရတယ်လို့ ဆိုပါတယ်။ ပီဇာချစ်သူတွေအနေနဲ့ အီတလီလည်း ‌ရောက်မယ်၊ တကယ်လို့ ပိုက်ဆံလုံလုံလောက်လောက်လည်း ရှိမယ်ဆိုရင် အရသာ ဘာကွာလဲ သိရအောင် ဝင်မြည်းစမ်းကြည့်လိုက်ပါ။

 

၄။ Sublimotion ( Tasting Menu )

စတုတ္တမြောက် စားသောက်ဆိုင်ကတော့ စပိန်နိုင်ငံ Ibiza မှာရှိတဲ့ Sublimotion ပဲ ဖြစ်ပါတယ်။ "မျိုးစုံတဲ့ အတွေ့အကြုံ" ဆိုပြီး ကြော်ငြာထားတဲ့ Tasting Menu ဟင်းပွဲဟာ ဒေါ်လာ (၂,၀၇၈) မြန်မာငွေနဲ့ဆိုရင် သိန်း (၄၀) ကျော် တန်ဖိုးရှိပါတယ်။

ဒီဟင်းပွဲဟာ သဘာဝကို ဖော်ကြူးထားတဲ့ တောရိုင်းအစားအစာတစ်မျိုး ဖြစ်ပြီး ရိုးရှင်းတဲ့ အစားအစာကို ကွဲပြား ခြားနားတဲ့ အချက်အပြုတ် အယူအဆအဖြစ် ပြောင်းလဲဖို့အတွက် စားဖိုမှူး Paco Roncero က ဟင်းပွဲနောက်ခံမှာ မီးရောင်၊ ဗီဒီယို၊ အာကာသယာဉ် အဖြူရောင် စတဲ့ အပြင်အဆင်တွေကို အသုံးပြုထားပါတယ်။

Sublimotion က ချက်ပြုတ် ပြင်ဆင်ပေးတဲ့ ဟင်းပွဲတိုင်းဟာ ဒေါ်လာ (၂,၀၀၀) ပတ်ဝန်းကျင် ရှိပြီး ကမ္ဘာ့ဈေးအကြီးဆုံး စားသောက်ဆိုင်အဖြစ် နာမည်ကြီးပါတယ်။ ဆိုင်ရဲ့ ဘေးပတ်ပတ်လည်ကို Visual Display တွေနဲ့ ခင်းကျင်း ပြင်ဆင်ထားပြီး ထိုင်ခုံကတော့ (၁၂) ခုံပဲ ရှိတယ်လို့ ဆိုပါတယ်။

 

၅။ Industry Kitchen ( The 24K Pizza )

ဒီတစ်ခါ ပြောပြပေးမယ့် စားသောက်ဆိုင်ကလည်း ပီဇာဆိုင်ပါပဲ။ နယူးယောက် Brooklyn မှာ ရှိပြီး Industry Kitchen လို့ ခေါ်ပါတယ်။ The 24K Pizza ရဲ့ ဈေးနှုန်းက ဒေါ်လာ (၂,၀၀၀) အတိဖြစ်ပြီး မြန်မာငွေနဲ့ဆို သိန်း (၄၀) ကျော် တန်ဖိုးရှိပါတယ်။ ပထမ ဖော်ပြခဲ့တဲ့ ပီဇာလောက်တော့ ဈေးမကြီးပါဘူး။ 

The 24K Pizza ကို စားဖိုမှုး Mark Iacono က ဖန်တီး ပြင်ဆင်ထားတာ ဖြစ်ပြီး အရောင်တွေက အနီ၊ အမည်း၊ ရွှေရောင်နဲ့ အဖြူရောင်တွေ ရောယှက်နေတာကြောင့် အမြင်အားဖြင့်တော့ တော်တော်မလှတဲ့ထဲ ပါဝင်ပါတယ်။ 

ဒါပေမယ့် ပီဇာအပေါ်မှာ မြင်တွေ့ရတဲ့ အမည်းရောင် အစိလေးတွေဟာ ရှားပါး Black Squid Ink ဖြစ်ပြီး စားလို့ရတဲ့ ရွှေရွက်လေးတွေ အပါအဝင် Stilton Cheese, High-Quality Caviar စတဲ့ ဈေးအကြီးဆုံး ပါဝင်ပစ္စည်းတွေကို အသုံးပြုထားတယ်လို့ ဆိုပါတယ်။

၆။ Golden Sushi

နောက်ဆုံးတစ်ခုကတော့ စားသောက်ဆိုင် မဟုတ်ပါဘူး။ ဖိလစ်ပိုင်နိုင်ငံက စားဖိုမှူး Angelito Araneta Jr. က ဖန်တီးထားတဲ့ တစ်လိပ်ကို ဒေါ်လာ (၁,၉၇၈) မြန်မာငွေ သိန်း (၄၀) နီးပါး တန်ကြေးရှိတဲ့ ဆူရှီ ဖြစ်ပါတယ်။ မိမိနေအိမ်ကို ခေါ်ယူပြီး ဒီတန်ဖိုးကြီးတဲ့ ဆူရှီတွေကို လိပ်ပေးဖို့ တောင်းဆိုနိုင်တယ်လို့ ဆိုပါတယ်။

ဒီဆူရှီကို Pink Norwegian Salmon, Palawan Pearls, Foie Gras စတဲ့ ဈေးကြီး ပါဝင်ပစ္စည်းတွေနဲ့ ပေါင်းစပ် ဖန်တီးထားပြီး (၂၀) ကာရက်ရှိတဲ့ အာဖရိကစိန်ကို အပေါ်မှာ အလှဆင်ထားသလို (၂၄) ကာရက်ရှိတဲ့ စားလို့ရတဲ့ ရွှေစလေးတွေကိုလည်း ဘေးပတ်ပတ်လည်မှာ ဆင်ယင် ပြုလုပ်ထားပါတယ်။

ဒီလိုဆိုရင် ကမ္ဘာ့ဈေးအကြီးဆုံး စားသောက်ဆိုင်တွေနဲ့ အစားအသောက်တွေကို အားလုံး သိရှိသွားပြီလို့ ထင်ပါတယ်။ မြန်မာငွေ သိန်း (၄၀) ကနေ သိန်း (၅၀၀) ထိ ဈေးအမျိုးမျိုးရှိလို့ အပေါ်က စားသောက်ဆိုင်တွေ တည်ရှိတဲ့ နိုင်ငံတွေကို ရောက်ခဲ့ရင် ဝင်ရောက် မြည်းစမ်းကြည့်မှာလား ဆိုတာလေး ဖြေပေးခဲ့ကြဦးနော်။

Su Mon Oo

Source : Rarest.org


Read 638 times.