Easy Recipes

ရုံးပိတ်ရက် အိမ်မှာ ရွှေတောင်ခေါက်ဆွဲ လုပ်စားကြမယ်

October 21, 2022

မနက်စာ အစာပြေကို အပြင်မှာ ထွက်ဝယ်စားစရာမလိုဘဲ အိမ်မှာပဲ အလွယ်တကူ လုပ်စားနိုင်ဖို့ ခပ်ဆိမ့်ဆိမ့်အရသာ ရွှေတောင်ခေါက်ဆွဲ လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။ ရွှေတောင်ခေါက်ဆွဲက အုန်းနို့ခေါက်ဆွဲ ချက်တာထက်တောင် ပိုလွယ်တယ်လို့ ထင်ရပါတယ်။ ဒါပေမဲ့ သူက မချက်တတ်ရင် အုန်းနို့ခေါက်ဆွဲ အရသာလို ဖြစ်သွားတတ်တာမို့  ပြုလုပ်နည်းအဆင့်ဆင့်ကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ ရွှေတောင်ခေါက်ဆွဲက ဆိုင်တိုင်းမှာလည်း သိပ်မရတတ်ဘူးဆိုတော့ အိမ်မှာပဲ မိသားစုတွေ အရသာရှိရှိ ၀၀လင်းလင်း စားရအောင် ချက်ကြည့်ကြပေါ့နော်။

ရွှေတောင်ခေါက်ဆွဲ ပြုလုပ်ရန် ပါ၀င်ပစ္စည်းများမှာ -

(၁) ဂျုံခေါက်ဆွဲ – ၂၅ ကျပ်သား

(၂) ကြက်သွန်နီ – ၄ လုံး (ပါးပါးလှီးပါ)

(၃) နံနံပင် – ၁ စည်း (ပါးပါးလှီးပါ)

(၄) သံပရာသီး – ၄ လုံး (၄ စိပ် စိပ်ပါ)

(၅) အုန်းသီး – ၁လုံး (ခြစ်တံဖြင့် ခြစ်ပြီ အရည်ညှစ်ပေးပါ) (အုန်းဆီနှစ် ချက်ရန်)

(၆) ပဲအကျက်မှုန့်

(၇) ငရုတ်သီးမှုန့် 

(၈) ဘဲဥပြုတ်

Advertisement

Click Here >  Hmwe

ကြက်သားဟင်း ချက်ရန် ပါ၀င်ပစ္စည်းများမှာ -

(၁) ကြက်ရင်ဗုံသား – ၂ ခု (၂၅၀ ဂရမ်) (အတုံးသေးများ တုံးပါ)

(၂) ကြက်သွန်နီ – ၄ လုံး (ဥသေး ( သို့) ဥကြီးကို ထက်ခြမ်း ခြမ်းပါ)

(၃) ကြက်သွန်ဖြူ – ၂ မွှာ (နုတ်နုတ်စင်းပါ)

(၄) ငရုတ်သီးအစိမ်းမှုန့် – စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ

(၅) ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

(၆) ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

(၇) ဆီ – စားပွဲတင်ဇွန်း ၄ ဇွန်း

ပြုလုပ်ပုံ အဆင့်ဆင့်

၁။ အရင်ဆုံး ရွှေတောင်ခေါက်ဆွဲနှင့် တွဲဖက် စားသုံးရန် ဂျုံခေါက်ဆွဲကို အကြွပ် ကြော်ပါမယ်။

၂။ ဒယ်ထဲ ဆီများများထည့်ပြီး ဆီတော်တော်ပူလာမှ ဂျုံခေါက်ဆွဲဖက် လက်တဆုပ်စာကို ၂ ခါ ခွဲပြီး အညိုရောင်သန်းသည်အထိ ကြော်ပေးပါ။

၃။ ပြီးလျှင် ပန်းကန်ထဲ ပြန်ဆယ်ထားပေးပါ။

၄။ ပြီးနောက် အုန်းဆီနှစ် ချက်လုပ်ရန် အုန်းသီးညှစ်ရည်များကို ဒယ်ထဲတွင် မီးအသင့်အတင့်ဖြင့် ဆီပြန်သည် အထိ တည်ထားပေးပါ။

၅။ ဆီပြန်လျှင် မီးပိတ်လိုက်ပြီ ပန်းကန်ထဲပြောင်းထည့်ထားပါ။

ချက်နည်း

၁။ အရင်ဆုံး ကြက်သားဟင်းချက်ရန် ဒယ်ထဲ ဆီထည့်ပြီး ဆီပူလာလျှင် ကြက်သွန်ဖြူ ဆီသပ်ပေးပါ။

၂။ ပြီးလျှင် ငရုတ်သီး အစိမ်းမှုန့်ထည့်၊ ကြက်သားထည့်ပြီ ၁ မိနစ်ခန့် ရောမွှေပါ။

၃။ ထို့နောက် ရေ ၃ ခွက်၊ ဆား၊ ကြက်သားမှုန့်၊ ကြက်သွန်နီ ထည့်ပြီး ၂ မိနစ်ခန့် တည်ထားပါ။

၄။ ရေ ၂ ခွက်စာ ကျန်ရင် အရသာမြည်းပြီ မီးပိတ်လိုက်ပါ။ ကြက်သားဟင်းရည် ရပါပြီ။

၅။ ရွှေတောင်ခေါက်ဆွဲ ပြင်ဆင်ရန် ဇောက်ပန်းကန်ပြားတစ်ခုထဲ ခေါက်ဆွဲ၊ ကြက်သွန်နီ၊ အုန်းဆီချက်၊ ပဲအကျက်မှုန့်၊ သံပရာသီး၊ ငရုတ်သီးမှုန့် (ငရုတ်သီးဆီချက်ဆို ပိုကောင်းပါတယ်)၊ ခေါက်ဆွဲမုန့်ကြွပ်တို့ကို ထည့်ပြီး ပြင်ပေးပါ။ 

၆။ ထို့နောက် အပေါ်ကနေ ကြက်သားဟင်းရည် ခပ်နည်းနည်းပဲ လောင်းချလိုက်ပါ။ ပြီးရင် ဘဲဥပြုတ်လေးပါ ခြမ်းပြီး ထည့်လိုက်ပါ။ အရသာရှိတဲ့ ရွှေတောင်ခေါက်ဆွဲကို သုံးဆောင်လို့ ရပါပြီ။

မှတ်ချက်။ ။ ရွှေတောင်ခေါက်ဆွဲနှင့် တွဲဖက်သုံးဆောင်ရန် ကြက်ပြုတ်ရည်အတွက် ကြက်ရိုးများကို ပြုတ်ပြီး ကြက်သွန်ဖြူ၊ ဆား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်မြိတ်များ ဖြူးပေးပါ။

Source - Wutyee Food House


Read 994 times.