Best Cuisine

မြန်မာ့ခံတွင်းနဲ့ အကြိုက်တွေ့စေမယ့် အသုပ်သုပ်နည်း (၁၀) မျိုး

February 15, 2023

တစ်နေ့တစ်နေ့ ဆီပြန်ဟင်းတွေ စားရတာ ငြီးငွေ့နေသူတွေအတွက် ကိုယ့်အနီအနားမှာရှိတဲ့ ဟင်းသီးဟင်းရွက်လေးတွေနဲ့ သုပ်စားလို့ရတဲ့ ထမင်းမြိန်စေမယ့် အသုပ် သုပ်နည်း (၁၀) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ အောက်ဖော်ပြပါ အသုပ်များရဲ့ ပါဝင်မှုပမာဏမှာ တစ်ယောက်စာအတွက်သာ ဖြစ်ပါတယ်။

(၁) ပြောင်းဖူးသုပ်
ပါဝင်ပစ္စည်းများ
၁။ ပြောင်းဖူးပြုတ် - ၂ ဖူး
၂။ ကြက်သွန်နီ - ၂ လုံး
၃။ ရိုးရိုးခရမ်းချဉ်သီး - ၃ လုံး
၄။ မုန်လာဥနီ - ၁ လုံး (လက်တစ်ဆုပ်ခန့်)
၅။ ငရုတ်သီးစိမ်း - ၇ တောင့်
၆။ သံပုရာသီး - ၁ လုံး
၇။ မြေပဲလှော် - စားပွဲဇွန်း ၂ ဇွန်း
၈။ ပဲဆီ - စားပွဲဇွန်း ၄ ဇွန်း
၉။ ဆား - အနည်းငယ်
၁၀။ အသားမှုန့် - အနည်းငယ်

ပြုလုပ်နည်း
ပြောင်းဖူးပြုတ်ကို အစေ့လိုက်ခြွေပါ။ ကြက်သွန်နီကို ပါးပါးလှီးပြီး ရေဆေးကာ ရေစစ်ထားလိုက်ပါ။ ချယ်ရီ ခရမ်းချဉ်သီးလေးတွေကို ၄ ပိုင်းလှီးပါ။ မုန်လာဥနီကို အခွံခွာရေဆေးပြီး သေးသေးနုပ်နုပ်လေးများ ပြုလုပ်ထားပါ။ ငရုတ်သီးစိမ်းကိုလည်း ရေဆေးပြီး ပါးပါးလှီးပါ။ မြေပဲလှော်က အခွံများကို ဖယ်ထားပါ။ ပြောင်းဖူးသုပ်ဖို့ အားလုံးအသင့်ဖြစ်ပြီမို့ ပြင်ဆင်ထားသည်များကို ဇလုံကြီးကြီး တစ်လုံးထဲမှာ ပေါင်းထည့်ပြီး ဆီ၊ ဆား၊ အသားမှုန့်နဲ့ သံပုရာရည်ပါ ညှစ်ထည့်ပြီး အားလုံးကို နှံ့အောင် ရောနယ်လိုက်ပါ။ အရသာအနေတော်ရင် အသင့်စားသုံးလို့ရတဲ့ ပြောင်းဖူးသုပ် ရပါပြီ။

Click Here >>> United

(၂) သခွားသီးရခိုင်သုပ်
ပါဝင်ပစ္စည်းများ
၁။ သခွားသီး - ၁လုံး
၂။ ကြက်သွန်နီ - ၁လုံး
၃။ ငရုတ်သီး - ၅တောင့်
၄။ ကြက်သွန်ဖြူ - ၄ မွှာ
၅။ သံပုရာသီး - ၁လုံး
၆။ ရခိုင်ငါးပိ - အနည်းငယ်
၇။ ပုစွန်ခြောက်မှုန့်
၈။ ငါးငံပြာရည် - ၁ဇွန်း
၉။ အချိုမှုန့် - အနည်းငယ်

ပြုလုပ်နည်း
သခွားသီးကို ဂျစ်နဲ့ခြစ်ပြီး ရေခဲရေနဲ့ စိမ်ထားပါ။ ကြက်သွန်နီကို ပါးပါးလှီးပြီး ငရုတ်သီးနဲ့ ကြက်သွန်ဖြူ၊ ငါးပိကို ဒယ်အိုးထဲ ထည့်ပြီး လှော်ပါ။ လှော်ပြီးရင် ထောင်းထားပါ။ သုပ်ရင် ကြက်သွန်နီ ပါးပါးလှီးထည့်ပြီး ငရုတ်သီးထောင်း ထည့်ပါ။ ပုစွန်ခြောက်မှုန့်ထည့်ပြီး ငါးငံပြာရည်နဲ့ အချိုမှုန့်၊ သံပုရာသီး ညှစ်ထည့်ပြီး နယ်ပါ။ အပေါ့အငန် မြည်းကြည့်ပြီး အသင့်စားသုံးနိုင်တဲ့ သခွားသီးရခိုင်သုပ်လေးကို သုံးဆောင်လို့ ရပါပြီ။

(၃) မန်ကျည်းရွက်သုပ်
ပါဝင်ပစ္စည်းများ
၁။ မန်ကျည်းရွက်- နို့ဆီဗူး ၁ဗူး
၂။ ကြက်သွန်နီ - ၂လုံး
၃။ ငရုတ်သီးစိမ်း - ၃တောင့်
၄။ ပုစွန်ခြောက်မှုန့် - ဇွန်း
၅။ မြေပဲထောင်း - ဇွန်း

ပြုလုပ်နည်း
မန်ကျည်းရွက်တွေကို အညှာဖယ်ထုတ်၊ ရင့်တဲ့အရွက်တွေကို ဖယ်ထုတ်ပြီး ရေဆေးစစ်ထားပါ။ ကြက်သွန်နီကိုလည်း ပါးပါးလှီး ရေဆေးပြီး စစ်ထားပါ။ ငရုတ်သီးစိမ်းကိုလည်း ပါးပါးလှီးပါ။ မြေပဲလှော်နဲ့ ပုစွန်ခြောက်တို့ကို သင့်တော်တဲ့ အရွယ်အစားလောက်ရအောင် ထောင်းပေးပါ။ ပြီးရင် ဇလုံတစ်ခုအတွင်းမှာ ပါဝင်ပစ္စည်းအားလုံးကို ဆား၊ အရသာမှုန့်ထည့်ပြီး နှမ်းဆီမွှေးလေး လောင်းကာ ဖွဖွလေး နယ်ပေးပြီးရင်တော့ အသင့်စားသုံးလို့ရတဲ့ မန်ကျည်းရွက်သုပ်လေး သုံးဆောင်လို့ ရပါပြီ။

(၄) ငါးဖယ်သုပ်
ပါ၀င်သောပစ္စည်းများ
၁။ ငါးဖယ်ခြစ် - ၁၀ကျပ်သား
၂။ ကြက်ဥ - ၁လုံး
၃။ ကြက်သွန်နီ. - ၂လုံး
၄။ ကြက်သွန်ဖြူ - ၃မွှာ
၅။ ငရုတ်သီးစိမ်း - ၅တောင့်
၆။ သံပုရာသီး - ၁လုံး
၇။ နံနံပင် (သို့) ရှောက်ရွက် - အနည်းငယ်

ပြုလုပ်နည်း
ငါးဖယ်သုပ်ရန် အရင်ဆုံး ငါးဖယ်ကြော်ရပါမယ်။ ငါးဖယ်ခြစ်ကို ဇလုံတစ်ခုအတွင်းသို့ ထည့်ပါ။ ကြက်ဥရဲ့ အကာရည်လေး လောင်းထည့်ပါ။ ငါးငံပြာရည်၊ ဟင်းခတ်မှုန့်၊ အရောင်တင်မှုန့်၊ နနွင်းမှုန့် အနည်းငယ်စီ ထည့်ကာ စေးထန်းနေအောင် နယ်ပါ။ ဆီကို အပူပေးပြီး ငါးဖယ်တွေကို မိမိစိတ်ကြိုက်ပုံစံ ပြုလုပ်၍ ကြော်ကာ ဆီစစ် အအေးခံထားပါ။ 

ဒီအချိန်အတွင်းမှာ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ နံနံပင် (သို့) ရှောက်ရွက်တို့ကို ပါးပါးလှီးပါ။ ငါးဖယ်ကြော်ကိုလည်း သင့်တော်တဲ့အရွယ် ပါးပါးလှီးပြီး ပါဝင်ပစ္စည်း အားလုံးရောကာ ပဲဆီမွှေး၊ ငါးငံပြာရည်၊ ဟင်းခတ်မှုန့်ထည့်၊ သံပုရာသီးညှစ် ခပ်ဖွဖွလေး နယ်ပေးပြီးရင်တော့ အသင့်သုံးဆောင်လို့ ရပြီဖြစ်တဲ့ ငါးဖယ်သုပ် မွှေးမွှေးလေး ရပါပြီ။

(၅) မြင်းခွာရွက်သုပ်
ပါဝင်ပစ္စည်းများ
၁။ ကြက်သွန်ဖြူ - ၅ မြွာ
၂။ ကြက်သွန်နီ - ၂ လုံး
၃။ ငရုတ်သီးစိမ်း - ၄ တောင့်
၄။ သံပုရာသီး - ၁ လုံး
၅။ ပုဇွန်ခြောက် - ဟင်းရည်သောက်ဇွန်း ၁ ဇွန်း
၆။ ခရမ်းချဉ်သီး - အသေး ၂ လုံး
၇။ မြေပဲလှော်ထောင်း - ဟင်းရည်သောက်ဇွန်း ၅ ဇွန်း
၈။ ဆား - အနည်းငယ်
၉။ ဟင်းချိုမှုန့် - အနည်းငယ်

ပြုလုပ်နည်း
မြင်းခွာရွက်ကို ရေစင်အောင်ဆေးပါ။ ပြီးလျှင် ကတ်ကြေးနဲ့ ညှပ်ပြီး အသင့်ပြင်ထားတဲ့ ဆား၊ ဟင်းချိုမှုန့်၊ ကြက်သွန်နီ၊ ဖြူ၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊ ပုဇွန်ခြောက်၊ သံပုရာရည်၊ မြေပဲလှော်ထောင်းတို့ကို ထည့်ပြီး နယ်ပေးပြီးရင်တော့ လတ်လတ်ဆတ်ဆတ်နဲ့ စားချင်စဖွယ် မြင်းခွာရွက်သုပ်လေးကို သုံးဆောင်လို့ ရပါပြီ။

(၆) အပ်မှိုချဉ်ငံစပ်သုပ်
ပါ၀င်ပစ္စည်းများ
၁။ အပ်မှို - ၁ ထုပ်
၂။ ခရမ်းချဉ်သီး - ၁ လုံး
၃။ ကြက်သွန်နီ - ၁ လုံး
၄။ ငါးပိထောင်း - လက်ဖက်စားဇွန်း ၁ ဇွန်း
၅။ အသားမှုန့် - အနည်းငယ်
၇။ ဆား - အနည်းငယ်
၈။ သံပုရာသီး - ၁ လုံး

ပြုလုပ်နည်း
အပ်မှိုတွေကို ပေါင်း၍ဖြစ်စေ၊ ရေနွေးဖြော၍ ဖြစ်စေ အိအိလေးဖြစ်အောင် အရင်လုပ်ထားပါ။ ကြက်သွန်ဖြူ ဆီချက် ချက်ထားပါ။ သခွားသီးကို ခြစ်ထားပြီး မြေပဲလှော် ထောင်းထားပါ။ ခရမ်းချဉ်သီးနဲ့ ကြက်သွန်နီကို ပါးပါးလှီးထားပေးပါ။ ကြက်သွန်ဖြူကို နုတ်နုတ်စင်းထားပေးပါ။ အချဉ်အတွက် သံပုရာသီး ဆား၊ အရသာမှုန့် သင့်ရုံထည့်ပြီး အားလုံး ရောနယ်ပေးပြီးရင်တော့ အသင့်စားသုံးလို့ ရပြီဖြစ်တဲ့ အပ်မှိုချဉ်ငံစပ်သုပ်လေး ရပါပြီ။

(၇) ပြည်ကြီးငါးသုပ်
ပါဝင်ပစ္စည်းများ
၁။ ပြည်ကြီးငါး - ၂ ဆယ်သား
၂။ ခရမ်းချဉ်သီး - ၁ လုံး
၃။ ကြက်သွန်နီ - ၁ လုံး
၄။ သံပုရာသီး - ၁ လုံး
၅။ ငရုတ်သီးစိမ်း - ၃ တောင့်
၆။ နံနံပင် - အနည်းငယ်
၇။ ကြက်သွန်ဖြူ - ၂ မွှာ
၈။ ငံပြာရည် - အနည်းငယ်
၉။ သကြား (သို့) ကြက်သားမှုန့် - အနည်းငယ်

ပြုလုပ်နည်း
ပြည်ကြီးငါးကို ရေစင်စင်ဆေး၍ ရေစစ်ထားပါ။ အိုးတစ်လုံးထဲသို့ ရေထည့်ပြီး ရေဆူလာပြီဆိုရင် ဆား၊ သံပုရာသီး ညှစ်ထည့်၍ ပြည်ကြီးငါးထည့်ကာ ၂ မိနစ်၊ ၃ မိနစ်ခန့် ပြုတ်ပါ။ ပြုတ်လို့ရလျှင် ရေအေးလောင်းပြီး ဆား သံပုရာသီးနဲ့ ထပ်ဆေးပြီး ရေဆေးကာ ရေစစ်ထားပါ။  သင့်တော်တဲ့အရွယ် ပါးပါးလှီးထားပါ။ ပန်းကန်ထဲသို့ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ နံနံပင်၊ ငရုတ်သီးစိမ်း၊ ငံပြာရည်၊ သကြား၊ သံပုရာသီး၊ ပြည်ကြီးငါး ရောနယ်ပြီး အရသာစိတ်ကြိုက် ပြင်ပြီး အသင့်စားသုံးနိုင်ပါပြီ။

(၈) ဆေးဘဲဥသုပ်
ပါဝင်ပစ္စည်းများ
၁။ ဆေးဘဲဥ - ၃ လုံး
၂။ ကြက်သွန်နီ - ၂ လုံး
၃။ ခရမ်းချဉ်သီး - ၁ လုံး
၄။ မုန်လာဥနီ - ၁ လုံး
၅။ ဂေါ်ဖီထုပ် - အနည်းငယ်
၆။ ငရုတ်သီးစိမ်း - ၅ တောင့်
၇။ သံပုရာသီး - ၂ လုံး
၈။ ငရုတ်သီးဆီချက် - ၁ ဇွန်း(လက်ဖက်စားဇွန်း)
၉။ ငရုတ်ဆော့စ် - ၁ ဇွန်း (ထမင်းစားဇွန်း)
၁၀။ နှမ်းလှော် - အနည်းငယ်
၁၁။ နံနံပင် - အနည်းငယ်
၆။ ဆား - အနည်းငယ် 
၇။ သကြား (သို့) ကြက်သားမှုန့် - အနည်းငယ်
၈။ သံပုရာသီး - ၁ လုံး

ပြုလုပ်နည်း
ကြက်သွန်နီ၊ မုန်လာဥနီ၊ ဂေါ်ဖီထုပ်တို့ကို ပါးပါးလှီးပြီး ရေစိမ်ထားပါ။ ဇလုံအသေးတစ်ခုထဲမှာ ငရုတ်သီးစိမ်း ပါးပါးလှီး၊ ငရုတ်ဆီချက်၊ ငရုတ်ဆော့စ်၊ သကြား၊ ဟင်းခတ်မှုန့်၊ ဆားတို့ကို ထည့်ပြီး သံပုရာရည်ညှစ်ကာ ဆော့စ်ရည် ဖျော်ထားပါ။ ခရမ်းချဉ်သီးကို အဝိုင်းလိုက် ပါးပါးလှီးပြီး ပြင်ဆင်မယ့် ပန်းကန်ပတ်လည်မှာ စီခင်းပါ။ 

ရေစိမ်ထားတဲ့ ကြက်သွန်နီ၊ ဂေါ်ဖီအရောကို ရေစင်အောင်ညှစ်ပြီး ခရမ်းချဉ်သီးအတွင်းပိုင်းမှာ ဖြန့်ခင်းပါ။ ဆေးဘဲဥတွေကို အခွံခွာပြီး ၁ လုံးကို ၆ စိတ်လောက် လှီးပြီး ထည့်ပါ။ ဖျော်စပ်ထားတဲ့ ချဉ်ငံစပ်အရည်ကို ဆေးဘဲဥအပေါ်သို့ နှံ့အောင် လောင်းထည့်ပါ။ နှမ်းလှော်လေးဖြူးပြီး နံနံပင်လေး အုပ်ပြီးပြီဆိုရင်တော့ အသင့်စားသုံးလို့ ရပါပြီ။ 

(၉) ကျောက်ပွင့်သုပ်
ပါဝင်ပစ္စည်းများ
၁။ ကျောက်ပွင့် - ၂ခု
၂။ ခရမ်းချဉ်သီး - ၂လုံး 
၃။ ကြက်သွန်နီ – ၁လုံး
၄။ ကြက်သွန်ဖြူ ဆီချက် - စားပွဲတင်ဇွန်း ၁ဇွန်း
၅။ မြေပဲ - စားပွဲတင်ဇွန်း ၂ဇွန်း 
၆။ ပုဇွန်ခြာက် - စားပွဲတင်ဇွန်း ၁ ဇွန်း
၇။ သံပရာသီး - ၁လုံး 
၈။ ငရုတ်သီးစိမ်း - ၂ တောင့် 
၉။ ဆား - လက်ဖက်ရည်ဇွန်း ၁ ဝက်
၁၀။ ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဝက်
၁၁။ ငံပြာရည် - စားပွဲတင်ဇွန်း ၁ ဇွန်း
၁၂။ နံနံပင် - အနည်းငယ်
၁၃။ ကြက်သွန်မြိတ် - အနည်းငယ်
၁၄။ နှမ်း - အနည်းငယ်

ပြုလုပ်နည်း
ကျောက်ပွင့်ကို ရေစိမ်ပြီး သင့်တော်တဲ့ အရွယ်လေးများဖြစ်အောင် ကတ်ကြေးဖြင့် ညှပ်ထားပေးပါ။ ခရမ်းချဉ်သီးကို အစေ့ထုတ်ပြီး အရှည်ပါးပါးလှီးပါ။ ကြက်သွန်နီ၊ ငရုတ်သီးစိမ်းတို့ကို ပါးပါးလှီးထားပါ။ မြေပဲကို မညက်တညက် ထောင်းထားပြီး ပုစွန်ခြောက်ကိုတော့ ညက်ညက်လေး ထောင်းထားပါ။ ဇလုံ တစ်ခုထဲမှာ ကျောက်ပွင့်၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ ဆီချက်၊ မြေပဲ၊ ပုဇွန်ခြောက်မှုန့်၊ ကြက်သွန်မြိတ်၊ နံနံပင်၊ ငရုတ်သီးစိမ်း တို့ကို သမအောင် ရောနယ်လိုက်ပါ။ ပြီးနောက် အရသာအတွက် ဆား၊ ကြက်သားမှုန့်၊ ငံပြာရည်၊ သံပရာရည်တို့ကို ထည့်ပေးပြီး ထပ်နယ်ပေးပါ။ အရသာ အပေါ့အငန်အနေတော်လျှင် အပေါ်မှာ နှမ်းလေး ဖြူးပြီး ကျောက်ပွင့်သုပ်ကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

(၁၀) တို့ဟူးသုပ်
ပါဝင်ပစ္စည်းများ
၁။ တို့ဟူး - အရွယ်တော် ၁ တုံး
၂။ ဂေါ်ဖီ - အနည်းငယ်
၃။ ကြက်သွန်နီ - ၂ လုံး
၄။ နံနံပင် - အနည်းငယ်
၅။ ကြက်သွန်ဖြူဆီချက် - အနည်းငယ်
၆။ မန်ကျည်းမှည့်ရည် - အနည်းငယ်
၇။ ငရုတ်သီးမှုန့် - အနည်းငယ်
၈။ ပဲငံပြာရည်အကြည် - အနည်းငယ်
၉။ ပဲငံပြာရည်အနောက် - အနည်းငယ်
၁၀။ ပုစွန်ခြောက်မှုန့် - အနည်းငယ်
၁၁။ မြေပဲထောင်း - အနည်းငယ်

ပြုလုပ်နည်း
တို့ဟူး၊ ဂေါ်ဖီနှင့် ကြက်သွန်နီတို့ကို ပါးပါးလှီးထားပါ။ တို့ဟူးသုပ်ဖို့အတွက် ပါဝင်ပစ္စည်းတွေ အားလုံးကိုသင့်သလို ထည့်လိုက်ပါ။ ပြီးရင် ခပ်ဖွဖွလေး နယ်ပေးပြီး နံနံပင်ကို အပေါ်ကနေ ဖြူးထည့်ပြီးရင်တော့ တကယ်အရသာရှိတဲ့ တို့ဟူးသုပ် ချဉ်ငံစပ်လေးကို သုံးဆောင်လို့ ရပါပြီ။
 

Source: Cook And Share

The Myanmar Restaurant Guide

 


Read 1191 times.