Easy Recipes

မြန်မာ့ရိုးရာ မုန့်လုပ်နည်း (၁၀) မျိုး

February 10, 2023

နွေရာသီလည်း ရောက်တော့မှာဆိုတော့ ရုံးပိတ်ရက်ကို နေအရမ်းပူလို့ အပြင်မထွက်ချင်တဲ့ Foodie လေးတွေ အတွက် အိမ်မှာနေရင် ကိုယ်ကြိုက်နှစ်သက်တဲ့ မြန်မာမုန့်လေးတွေ လုပ်စားလို့ရအောင် မြန်မာ့ရိုးရာမုန့်လုပ် နည်း (၁၀) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ မုန့်လုပ်တဲ့အခါ လိုအပ်တဲ့ ခွက် (သို့မဟုတ်) ဇွန်း အတိုင်းအတာ အသုံးအနှုန်းလေးတွေကိုလည်း အောက်တွင်ဖော်ပြပေးထားပါတယ်။

(၁) ငှက်ပျောဆနွင်းမကင်းလုပ်နည်း
ပါ၀င်သောပစ္စည်းများ (ဗန်းအကြီး ၁ ဗန်းစာ)
၁။ သီးမွှေး ငှက်ပျောသီးမှည့်မှည့် - ၈ လုံး (သို့) သေးရင် ၉ လုံး
၂။ အုံးသီးဖတ် - ၁ ခွက်
၃။ ရွှေကြည် - ၁ ခွက်
၄။ ဂျုံ မှုန့်- ၁ ခွက် နှင့်ခွက်လေးပုံ တပုံ
၅။ သကြား - ၁ ခွက် ခွဲ
၆။ ဆား - လက်ဖက်ရည်ဇွန်း တ ၀က်
ရ။ အုံးနို့ - ၄၀၀ ml
၈။ ထောပတ် - ထမင်းစားဇွန် ၈ ဇွန်း (သို့) ခွက် တစ်၀က်
၉။ ဘိန်းစေ့ - အနည်းငယ်
၁၀။ စားသောဆိုးဆေး အနီရောင် ၄ စက် (သို့) ၅ စက် 
( လျော့ထည့်လို့လည်း ရပါတယ်။ လုံးဝမထည့်လည်း ရပါတယ်။)

ပြုလုပ်နည်း
ငှက်ပျောသီးကို လက်ဖြင့် ခြေပေးပါ။ အရမ်းကျေရန် မလိုပါ။ Blender ထဲသို့ အုံးသီးဖတ်၊ ထောပတ်နှင့် အုံးနို့ကို ထည့်၍ မွှေပါ။ ( ထောပတ်က ခဲနေတာကို သုံးလျှင် ပိုကောင်းပါတယ်။ ) အရည်ပျော်နေရင်  အရည်ကျဲဖြစ် တတ်ပါတယ်။  မခဲလျှင် ရေခဲသေတ္တာထဲ ခနထည့်ထားပြီးမှ သုံးလျှင် ပိုကောင်းပါတယ်။ ဇလုံတစ်ခုထဲတွင် ငှက်ပျောသီး၊ ခြေထားသောအုံးသီးဖတ်အနှစ်၊ သကြား၊ ဆား၊ ရွှေကြည်၊ ဂျုံမှုန့်နှင့် ဆိုးဆေး အနီရောင်တို့ကို ရောသမမွှေပါ။ မုန့်ဖုတ်မည့် ဗန်းထဲကို ဆီ (သို့မဟုတ်) ထောပတ်သုတ်ထားပါ။ ထိုဗန်းထဲသို့ မုန့်အနှစ်များကို ထည့်ပြီး အပေါ်မှ ဘိန်းစေ့များကို ဖြူးပေးပါ။ 350'F (175'C) မှာ အပူပေးထားသော Oven ထဲတွင် ၁ နာရီ ထည့်ဖုတ်ပါ။ ပြီးရင် အအေးခံ၍ ကြိုက်နှစ်သက်ရာ အရွယ် အတုံးလေးတွေတုံးပြီး သုံးဆောင်နိုင်ပါပြီ။

Click Here >>> Royal Myanmar Steel Brothers

(၂) အုန်းသီးသာကူလုံး ( သာကူပြင် )
ပါ၀င်သောပစ္စည်းများ
၁။ သာကူ - ၂ ခွက်
၂။ ရေ - ၂ ခွက်
၃။ နှစ်သက်ရာ ဖျော်ရည် (စပါကလင်၊ ခရင်ဆော်ဒါ၊ လိမ္မော်) - ၂ ခွက်
၄။ သကြား - ၂ ခွက်
၅။ ခြစ်ထားသော အုန်းသီးဖတ် - ၂ ခွက်
၆။ ဆား - အနည်းငယ်

ပြုလုပ်နည်း
ပထမဆုံး သာကူကိုရေဆေးပြီး ရေစစ်ထားပါ။ ရေ၊ ဖျော်ရည်၊ ဆားတို့ကို သာကူကြိုမည့် အိုးထဲထည့်၍ ပွက်လာသည်အထိတည်ပါ။ အရည်များပွက်လာလျှင် သာကူကိုထည့်၍ အဆက်မပျက်မွှေပါ။ ၃ မိနစ် လောက်မွှေပြီးမှ သကြားကို နောက် ဆုံးမှ ထည့်ပါ။ ( သကြားအရင်ထည့်လျှင် မတွဲပဲ နေတတ်ပါတယ်။ )
သကြားထည့်ပြီး သာကူစေ့ရဲ့ အလယ်အစံ အနည်းငယ် (ဖောင်တိန်ထိပ်လောက်) ကျန်တဲ့အချိန်တွင် မီးဖိုပေါ်မှချ၍ အအေးခံမည့် ဗန်းထဲထည့်၍ အအေးခံပါ။ အေးသွားသော သာကူများကို ကတ်ကြေးဖြင့် အတုံးလေးများဖြစ်အောင် ဖြတ်၍ အုန်းသီးဖတ်များဖြင့် လူးပြီးလျှင် သုံးဆောင်နိုင်ပါပြီ။ ( အုန်းသီးဖတ်ကို စားခါနီးမှ လူး၍ စားပါ။ အုန်းသီးဖတ်များ လူးထားသော သာကူက အကြာကြီးမခံပဲ ချဉ်သွားတတ်လို့ပါ။ )

(၃) မုန့်ပစ်သလက် (သို့မဟုတ်) မုန့်ပျားသလက်
ပါ၀င်သောပစ္စည်းများ
၁။ ဆန်မှုန့်- ၃ ခွက်
၂။ ရေ - ၄ ခွက်
၃။ တဆေး (Yeast) - လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
၄။ ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၅။ ပဲပြုတ် - လက်တစ်ဆုပ်စာ
၆။ ကြက်သွန်မြိတ်(ပါးပါးလှီး) - ၂ ပင် (သို့မဟုတ်) ၃ ပင်
၇။ ဆီ

နှမ်းထောင်းအတွက် - နှမ်းလက်ဖက်ရည်ဇွန်း ၃ ဇွန်း နှင့် ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း တို့ကို ထောင်းထားပါ။

ပြုလုပ်နည်း
နောက်နေ့မနက် စားရန်အတွက်ဆိုရင် ဆန်မှုန့်၊ ရေ၊ ဆားနှင့် တဆေးတို့ကို အရည်ဖျော်ပြီး တစ်ညသိပ်ထားပါ။ အနည်းဆုံး ၈ နာရီခန့် ထားပေးပါ။ မကပ်သော ကြက်ဥကြော်သောအရွယ် ဒယ်အိုးကိုသုံးရင် ပို အဆင်ပြေ ပါတယ်။ ဒယ်အိုး အကြီးကိုသုံးမယ်ဆိုရင် မုန့်အနှစ်ထဲမှာ ရေလျှော့ထည့်ပါ။ ( မုန့်သားမထူမှာစိုးလို့ပါ။ ) ဒယ်အိုးထဲကို ဆီအနည်းငယ် (ဆီစွတ်ရန်) ထည့်ပြီး Medium Heat ဖြင့် အပူပေးပါ။ အိုးပူလာလျှင် တစ်ညသိပ်ထားသော မုန့်နှစ်ကို ယောက်ချိုဇွန်း ၁ ဇွန်းခွဲ ခန့်ထည့်ပါ။ ပြီးလျှင် အပေါ်မှ ပဲပြုတ်နှင့် ကြက်သွန်မြိတ်ကို ဖြူးပေးပါ။ ( မီးအေးအေး Medium Heat နှင့်ပဲလုပ်ပါ။ ) မုန့်သားမှာ အပေါက် ကလေးများ ဖြစ်လာလျှင် အပေါ်မှ အဖုံးအုပ်ပြီး ၁ မိနစ် ခန့်ထားပါ။ ထို့နောက် မီးဖိုပေါ်မှ ချ၍ နှမ်းထောင်းလေးဖြူးပြီး သုံးဆောင်နိုင်ပါပြီ။

(၄) ငှက်ပျောပေါင်း
ဖီးကြမ်းငှက်ပျောသီးကို အလွယ်တကူ ၀ယ်လို့မရတဲ့ နေရာက လူတွေအတွက် သီးမွှေးငှက်ပျောသီးနဲ့ စမ်းလုပ်ကြည့်ထားပါတယ်။ သီးမွှေးနဲ့ ပေါင်းတာက ပိုမွှေး ပိုချိုပြီး စားလို့ ကောင်းပါတယ်။ လုပ်နည်းကတော့ တူတူပါပဲ။ သီးမွှေးက ပိုချိုတော့ ထန်းလျက်ကို လျှော့ထည့်ထားပါတယ်။ 

ပါ၀င်သောပစ္စည်းများ -
၁။ ထန်းလျက်အညို - ၅ ကျက်သား
၂။ ကျက်ပြီးသား နွားနို့- ၁ လီတာ
၃။ သီးမွှေး ငှက်ပျောသီး - ၁၀ လုံး
၄။ ဆား - အနည်းငယ်
၅။ အုံးသီးဖတ်- ၁ ခွက်
၆။ ရေ - ၃ လီတာ

ပြုလုပ်နည်း
ငှက်ပျောပေါင်း ပြုလုပ်မည့် ရေ ၅လီတာလောက် ဆံ့တဲ့ အိုးထဲမှာ ရေ၊ ထန်းလျက်၊ ဆားအနည်းငယ်ကို တည်ပါ။ ထန်းလျက်နှင့် ဆားအရည်ပျော်သွားရင် တစ်ဖက်က အိုးခံပြီး ရေစစ်နှင့် စစ်ပါ။ ထန်းလျက်ထဲ အမှိုက်ပါရင် စစ်သွားအောင်လို့ပါ။ စစ်ပြီးသော ထန်းလျက်ရည်ထဲတွင် ငှက်ပျောသီးများထည့်ပြီး နာရီ၀က်ခန့် မီးအေးအေးဖြင့် တည်ထားပါ။ အရည် အရမ်းပစ်သွားရင် ‌ရေအနည်းငယ် ထပ်ထည့်ပါ။ ငှက်ပျောသီးများ ပျော့ပြီး အချိုရည်များ ၀င်သွားပါလိမ့်မည်။ အဲနောက် နွားနို့ကိုထည့်၍ မီးအေးအေးနှင့်ပဲ တည်ပါ။ နွားနို့ကို ထည့်ပြီးချိန်တွင် နွားနို့ပွက်လာရင် ဝေကျတက်လို့ ဂရုတစိုက် မွှေပေးပါ။ မလိုင်အဖတ်လေးတွေ ရလာပါလိမ့်မယ်။ လိုချင်တဲ့ အချိုရည်အနေအထားနဲ့ မလိုင်ဖတ် များများရလာချိန်တွင် မီးဖိုပေါ်မှချပါ။ ငှက်ပျောပေါင်းလေးကိုထည့် အုံးသီးဖတ်ကို အပေါ်ကဖြူး အချိုကြိုက်ရင် သကြားပါဖြူးပြီး စားနိုင်ပါပြီ။

(၅) မလိုင်ကျောက်ကျော
ပါ၀င်သောပစ္စည်းများ
၁။ နွားနို့- ၁ လီတာ (သို့) ၄ ခွက်
၂။ သကြား - ၁ ခွက်
၃။ သံပုရာသီး (သို့) သံပုယိုသီး - အသေး ၁ လုံး
၄။ အာဂါး အာဂါး ကျောက်ကျောမှုန့် (အပြာရောင်) - ၁ ထုပ်

ပြုလုပ်နည်း
သကြားနှင့် ကျောက်ကျောမှုန့်ကို  ရော၍ သမအောင်မွှေပါ။ နွားနို့ကို မီးဖို ပေါ်တင်၍ ဆူအောင်တည်ပါ။ ဆူလာလျှင် မီးဖိုကိုပိတ်ပြီး သံပုရာသီး (သို့) သံပုယိုသီးမှ အရည်ကို နွားနို့အိုးအနှံ့ ညှစ်ပါ။ ၁၅ မိနစ် (သို့) နာရီ ၀က်ခန့် အအေးခံထားပါ။ ( နွားနို့များ ပျက်သလို မလိုင်ဖတ်နှင့် အရည်သတ်သတ် ဖြစ်လာပါလိမ့်မယ် လုံးဝအေးသွားအောင် အအေးခံစရာမလိုပါ။ ) အအေးခံထားသော နွားနို့ကို မီးဖိုပေါ်တင်၍ ပွက်အောင် ပြန်တည်ပါ။ နွားနို့ပွက်လာလျှင် ရောထားသော သကြားနှင့် ကျောက်ကျောမှုန့်ကို ထည့်ပြီး မွှေပါ။ သကြားနှင့် ကျောက်ကျောမှုန့်များ အရည်ပျော်လျှင် အအေးခံမည့် ဗန်းထဲကို ထည့်၍ အအေးခံပါ။ အအေးခံထားသော မလိုင်ကျောက်ကျောကို ကြိုက်နှစ်သက်ရာ အရွယ်လှီးပါ။ စိမ့်စိမ့်လေးနဲ့ စားလို့ကောင်းတဲ့ မလိုင်ကျောက်ကျော ကို သုံးဆောင်နိုင်ပါပြီ။

(၆) အာလူးဆနွင်းမကင်း
ပါ၀င်သောပစ္စည်းများ
၁။ အာလူး - ၅၀ သား
၂။ သကြား - ၁ ခွက်ခွဲ
၃။ ဂျုံမှုန့် (All Purpose Flour) - ခွက်တစ်ဝက်
၄။ အုံးသီးခြစ်ဖတ် - ၁ ခွက် 
၅။ အရည်ပျော်နေသော ထောပတ် - ထမင်းစားဇွန်း ၁၀ ဇွန်း
၆။ အုန်းနို့ - ၂၀၀ ml
၇။ ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
၈။ ဘိန်းစေ့ - အနည်းငယ်

ပြုလုပ်နည်း
အာလူးကို ရေဖြင့် နူးအောင်ပြုတ်ပြီး အအေးခံထားပါ။ ပြီးလျှင် အခွံနွှာ၍ အာလူးများကို ညက်နေအောင် ခြေထားပါ။ မုန့် ဖုတ်စက်ကို 350'F (175'C) မှာ မုန့်မဖုတ်ခင် ၁၀ မိနစ်ခန့် ကြို၍ အပူပေးထားပါ။ ထို့နောက် ထောပတ် ထမင်းစားဇွန်း ၂ ဇွန်းနှင့် အုန်းနို့ ထမင်းစားဇွန်း ၂ ဇွန်းကို ချန်ပြီး ကျန်တဲ့ ပါ၀င်သော ပစ္စည်းများအားလုံးကို ခြေထားသော အာလူးနှင့် နှံ့အောင်နယ်ပါ။ နယ်ထားသော အာလူးအနှစ်များကို ဆီသုတ်ထားသော ဘန်းထဲကို ဖိ၍ ထည့်ပါ။ ပြီးလျှင် မျက်နှာပြင်ညှိပါ။ ပြီးလျှင် ချန်ထားသော အုန်းနို့နှင့် ထောပတ်တို့ကို မျက်နှာပြင်အပေါ် လောင်းပါ။ ၃၅၀'F (175'C) မှာ အပူပေးထားသော မုန့်ဖုတ်စက်ထဲတွင် ၁ နာရီထည့် ဖုတ်ပါ။ ပြီးလျှင် 450'F (230'C) ကို ပြောင်း၍ မိနစ် ၂၀ ခန့် မျက်နှာပြင် ညိုလာအောင်ဖုတ်ပါ။ မုန့်ကိုအအေးခံ၍ ကြိုက်နှစ်သက်သလို လှီးပြီး သုံးဆောင်နိုင်ပါပြီ။

(၇) ထိုးမုန့်
ပါ၀င်သောပစ္စည်းများ
၁။ ကောက်ညှင်းမှုန့်- ၄ ခွက်
၂။ သကြား - ၂ ခွက်ခွဲ
၃။ ရေ - ၄ ခွက်
၄။ ထောပတ် (အရည်ပျော်နေသော) - ၁ ခွက်
၅။ ဆီ - ထမင်းစားဇွန်း ၄ ဇွန်း
၆။ ထောင်းထားသောမြေပဲ - ထမင်းစားဇွန်း ၄ ဇွန်း
၇။အသေးလေးတွေတုံးထားသော ဖရုံယို -ထမင်းစားဇွန်း ၄ ဇွန်း
၈။ ခြမ်းထားသော သီဟိုဉ်စေ့ - ထမင်းစားဇွန်း ၄ ဇွန်း
၉ ။ ပါးပါးလှီးထားသော အုံးသီးဖတ် - ၁ ခွက်
၁၀။ ဆား -လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
၁၁။ ကြော်ထားသော အုံးသီးဖတ် - ၁ ခွက် ( အပေါ်က အုန်းသီးကြော် ဖြူးရန်အတွက်)

ပြုလုပ်နည်း
ထိုးမုန့်မွှေရန် ယောင်းမ ၂ ချောင်းကို ဆီစိမ်ထားပါ။ ( မွှေရင် သိပ်မကပ်အောင်လို့ပါ။ ) ကောက်ညှင်းမှုန့်နဲ့ ရေကို ဖျော်ပါ။ အလုံးလေးများ မကျန်တဲ့အထိ ခလောက်ပါ။ ပြီးလျှင် ဆား၊ သကြား၊ ဆီ၊ ထောပတ် ထမင်းစားဇွန်း လေးဇွန်း၊ မြေပဲ၊ ပါးပါးလှီးထားသော အုန်းသီးဖတ်တို့ကို ထည့်၍ သကြားများ အရည်ပျော်သည်အထိ ခလောက်ပါ။ ဖျော်ထားသော ကောက်ညှင်းမှုန့်ရည်ကို ထမင်းပေါင်းအိုးထဲ ထည့်၍ ထမင်းချက်သလို ချက်ပါ။ ပထမတစ်ခေါက် ကျက်လျှင် အရည်များ ကျန်နေပါသည်။ 

ပေါင်းအိုး ရဲ့အောက်ခြေကို ထမင်းကောဇွန်း ဖြင့် ကပ်နေသော အရာများကို အသာလေးခွာပြီး နောက်တစ်ခေါက် ပြန်ချက်ပါ။ ကျက်လျှင် ၁ နာရီခန့် နှပ်ထားပါ။ ပုံပါအတိုင်း ကောက်ညှင်းများ လုံးသွားပါလိမ့်မည်။ ထိုးမုန့်လုပ်ရန်အတွက် ဒယ်အိုးကို မီးဖိုပေါ်တင်ပြီး ထမင်းပေါင်းအိုးထဲ မှ ကောက်ညှင်းလုံးကို ထည့်ပါ။ ထို့နောက်ဖရုံယိုကို ထည့်၊ ကျန်နေသော ထောပတ်ထဲမှ သုံးပုံတစ်ပုံ (ထမင်းစား ဇွန်း ၄ ဇွန်း) ကို ထည့်၍ မွှေပါ။ ( ယောင်းမ ၂ ချောင်းကို အသုံးပြုပြီး မွှေပါ။ ) အရမ်းကပ်လာလျှင် နောက်ထပ် ထောပတ် ထမင်းစားဇွန်း ၄ ဇွန်းကို ထည့်မွှေပါ။ မွှေရင်းဖြင့် ထပ်ကပ်လာလျှင် ကျန်နေသော ထောပတ် အကုန် ထည့်ပြီး မွှေပါ။ အဖြူပစ်ပစ် အရောင်မရှိတော့ပဲ ကြည်လာသော အရောင်ပြောင်းလာလျှင် မီးဖိုပေါ်မှချ၍ ဆီသုတ်ထားသော ဗန်းထဲထည့် အအေးခံပါ။ အေးလျှင် ကြိုက်နှစ်သက်ရာ အရွယ်အစားတုံး၍ အပေါ်က အုံးသီးကြော်ဖတ် ဖြူးပြီး သုံးဆောင်နိုင်ပါပြီ။

(၈) မုန့်ကုလားမည်း
ပါ၀င်သောပစ္စည်းများ (၈"×၈" ဗန်းအသေးစာ)
၁။ ကောက်ညှင်းငချိတ်အမှုန့်- ၁ ခွက်
၂။ ကောက်ညှင်းမှုန့် - ထမင်းစားဇွန်း ၅ ဇွန်း
၃။ သကြား - ၁ ခွက်
၄။ အုန်းနို့- ၁ ဘူး
၅။ ရေ - ၁ ခွက်
၆။ ဆား - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
၇။ ထောပတ် - ထမင်းစားဇွန်း ၆ ဇွန်း

ပြုလုပ်နည်း
ကောက်ညှင်းငချိတ်မှုန့်၊ ကောက်ညှင်းမှုန့်နှင့် ရေတို့ကို ထမင်းပေါင်းအိုးထဲ ထည့်၍ ထမင်းချက်သလို ချက်ပါ။ ကျက်လျှင် ပေါင်းအိုးထဲကို အုန်းနို့၊ သကြား၊ ဆား၊ ထောပတ် ထမင်းစားဇွန်း ၂ ဇွန်း ထည့်၍ မွှေပါ။ ခုနက ကျက်ပြီးသား ကောက်ညှင်းရဲ့ အိုးမှာကပ်နေတာများကို အသာလေးခွာပါ။ ပြီးလျှင် နောက်ထပ် ထမင်းချက် သလို ထပ်ချက်ပါ။ ကျက်လျှင် ဒယ်အိုးတစ်ခုထဲကို ကျန်သော ထောပတ် ထမင်းစားဇွန်း ၄ ဇွန်းနှင့် ချက်ထားသော ကောက်ညှင်းကို ထည့်၍ ဆီပြန်ပြီး လုံးလာသည်အထိ ယောင်းမဖြင့် အဆက်မပြတ် မွှေပါ။ ဆီပြန်ပြီး လုံးလာလျှင် ဆီသုတ်ထားသော ဗန်းထဲကို ထည့်၍ အအေးခံပါ။ အေးလျှင် ကြိုက်နှစ်သက်သော အရွယ်အစားကို လှီး၍ သုံးဆောင်နိုင်ပါပြီ။

(၉) ကန်စွန်းဥ ဆနွင်းမကင်း
ကန်စွန်းဥကို ကြိုက်လွန်းလို့ ဆနွင်းမကင်းကို နည်းမျိုးစုံ စမ်းကြည့်ထားပါတယ်။ အခုနည်းကတော့ စားလို့ အကောင်းဆုံးနဲ့ အလွယ်ဆုံးနည်းလေးပါ။ ကန်စွန်းဥဆနွင်းမကင်းနဲ့ အလိုက်ဆုံးက စပျစ်သီးခြောက်မို့ စပျစ်သီးခြောက်လေးနဲ့လုပ်တာ အကောင်းဆုံးပါ။ တချို့က သီဟိုဠ်စေ့ ထည့်ပါတယ်။

ပါ၀င်သောပစ္စည်းများ (၇"×၁၁" ဗန်း တစ်ဗန်းစာအတွက်)
၁။ ကန်စွန်းဥ - ၂၅ ကျပ်သား (သို့မဟုတ်) ၁ ပေါင်
၂။ ရွှေကြည် (semolina) - ထမင်းစားဇွန်း ၄ ဇွန်း
၃။ ဂျုံ (all-purpose flour) - ထမင်းစားဇွန်း ၈ ဇွန်း
၄။ နို့မှုန့်- ထမင်းစားဇွန်း ၂ ဇွန်း
၅။ သကြား - ထမင်းစားဇွန်း ၁၂ ဇွန်း
၆။ အုံးနို့- ဗူး တစ်ဝက် (200 ml)
၇။ ထောပတ် - ထမင်းစားဇွန်း ၄ ဇွန်း ( ခဲနေတာကိုအသုံးပြုလျှင် ပိုအဆင်ပြေပါတယ်။ မခဲလျှင် ရေခဲသေတ္တာထဲကိုထည့်၍ခဲပါ။ ခဲတာကို Blender ထဲထည့်ကြိတ်မှာမို့ Blender မရှိရင် ခဲစရာမလိုပါ။ )
၈။ အုန်းသီးခြစ်ဖတ် - ထမင်းစားဇွန်း ၈ ဇွန်း
၉။ စပျစ်သီးခြောက် - ထမင်းစားဇွန်း ၄ ဇွန်း
၁၀။ ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ

ပြုလုပ်နည်း
ပြုလုပ်မည့် ဗန်းကို ထောပတ်သုပ်ထားပါ။ ကန်စွန်းဥကို ရေနည်းနည်းနဲ့ ရေခမ်းပြုတ်ပါ။ (သို့မဟုတ်) ပေါင်းပါ။  ပေါင်းထား (သို့မဟုတ်) ပြုတ်ထားသော ကန်စွန်းဥများကို အအေးခံ၍ ဇကာတိုက်ပါ။ (သို့မဟုတ်) လက်ဖြင့်ခြေပါ။ ဖျော်ရည်ဖျော်စက်ထဲကို ခဲနေသော ထောပတ်၊ အုန်းသီးခြစ်ဖတ်၊ အုန်းနို့၊ နို့မှုန့်၊ ဆားတို့ကိုထည့်၍ အုန်းသီးဖတ်များ ကြေသွားသည်အထိ လုပ်ပါ။ ( Blender မရှိလျှင် ထောပတ်ကိုအရည်ဖျော်ပြီး ထည့်ပါ။ ကျန်သောအရာများကို ဒီအတိုင်းထည့်ပါ။ ) ဇလုံတစ်ခုထဲတွင် ခြေထားသော ကန်စွန်းဥ၊ ခြေထားသော အုံးသီးခြစ်ဖတ်၊ ထောပတ်၊ နို့မှုန့်၊ အုံးနို့၊ ရွှေကြည်၊ သကြား၊ ဂျုံ၊ စပျစ်သီးခြောက်တို့ကိုထည့်၍ သကြားများ အရည်ပျော်သည်အထိ သမအောင်လုပ်ပါ။ 

ပြုလုပ်မည့် ဗန်းထဲကို ထည့်၍ မျက်နှာပြင် ညီအောင်ညှိပါ။ ပြီးလျှင် အပေါ်မှ ဘိန်းစေ့များဖြူးပါ။ အပူချိန် 350'F (180'C) တွင် အပူပေးထားသော Oven ထဲတွင် ၁ နာရီထည့်၍ ဖုတ်ပါ။ ( Oven ကို မုန့်မဖုတ်ခင် ၁၅ မိနစ်လောက် အပူပေးထားပါ။) ကန်စွန်းဥ ဆနွင်းမကင်းကို အအေးခံ၍ အေးလျှင် ကြိုက်နှစ်သက်ရာ အရွယ်အစား လှီးဖြတ်၍ သုံးဆောင်နိုင်ပါပြီ။

(၁၀) မလိုင်ပေါက်ဆီ
ပါ၀င်သောပစ္စည်းများ ( တစ်ပွဲစာအတွက် )
၁။ ပေါက်ဆီအလွတ် (မန်ထို) - ၂ လုံး
၂။ နွားနို့ပူပူ - ၁ ခွက်
၃။ နို့စိမ်း - ထမင်းစားဇွန်း ၂ ဇွန်း (သို့မဟုတ်) ၃ ဇွန်း
၄။ ထောပတ်အရည် - လက်ဖက်ရည်ဇွန်း တစ်၀က်
၅။ မလိုင် - ထမင်းစားဇွန်း ၁ ဇွန်း
၆။ နို့ဆီ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၇။ သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၈။ သီဟိုဉ်စေ့ - အနည်းငယ်
၉။ အုံးသီးခြစ်ဖတ် - အနည်းငယ်
၁၀။ စပျစ်သီးခြောက် - အနည်းငယ်
၁၁။ ဖရုံယို - အနည်းငယ်

ပြုလုပ်နည်း 
နွားနို့ကို ပူကျက်နေအောင် လုပ်ထားပါ။ ပန်းကန်ထဲမှာ ပေါက်ဆီအလွတ်ကို ထည့်ပြီး တစ်ခုစီကို ၂ ပိုင်းဖြစ်အောင် ကပ်ကြေးဖြင့် ညှပ်ထားပါ။ ပေါက်ဆီပေါ်ကို နွားနို့ပူပူဆမ်း၊ မလိုင်နှင့် နို့စိမ်းထည့်၊ နို့ဆီကို အနှံ့ဆမ်းပါ။ သကြား၊ သီဟိုဠ်စေ့၊ အုံးသီးခြစ်ဖတ်၊ စပျစ်သီးခြောက်၊ ဖရုံယိုတို့ကို အနှံ့ဖြူး၊ နောက်ဆုံးမှ ထောပတ်အရည်လေးကို အနှံ့ဆမ်း၍ သုံးဆောင်နိုင်ပါပြီ။

မှတ်ချက်။    ။ - ၁ခွက် =240 ml = ရိုးရိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း 
                    - ထမင်းစားဇွန်း ၁ ဇွန်း = 1 Tablespoon= 15ml
                    - လက်ဖက်ရည်ဇွန်း ၁ ဇွန်း = 1 Teaspoon= 5 ml

Ref: Burmese Food

The Myanmar Restaurant Guide


Read 4253 times.