Easy Recipes

အိမ်နေရင်း အလွယ်တကူ ချက်စားနိုင်မယ့် ကြေးအိုး ချက်နည်း

February 23, 2024

ဟင်းချက်နည်းတွေ မတင်တာလည်း ကြာပြီဆိုတော့ ဒီတစ်ခါမှာ လွယ်သလိုနဲ့ အမယ်များတဲ့ ကြေးအိုးချက်နည်းကို မျှဝေပေးချင်ပါတယ်။

အိမ်မှာနေရင်းပဲ ဖြစ်ဖြစ်၊ အလုပ်ပိတ်ရက်တွေမှာ ချက်စားချင်လို့ပဲ ဖြစ်ဖြစ် အချိန်ကုန် သက်သာစေပြီး အလွယ်တကူ ချက်ပြုတ်လို့ရမယ့် ချက်နည်းလေးပဲ ဖြစ်ပါတယ်။

ကြေးအိုးချက်နည်းမှာ ဟင်းရည်က အဓိက ကျတာမို့ အောက်မှာ မျှဝေပေးထားတဲ့ ချက်နည်းအတိုင်း ချက်ရင် သင့်အတွက် ပိုစားကောင်းစေမယ်လို့ အကြံပြုချင်ပါတယ်။

 

ပါ၀င်သော ပစ္စည်းများ

---------------------------

၁။ ကြက်ရိုး (သို့မဟုတ်) ၀က်ရိုး
၂။ အူစုံ ၊ အသည်းစုံ
၃။ တောက်တောက်စင်းထားသော အသား
၄။ ငုံးဥ
၅။ ပဲပြား
၆။ မုန်ညင်းစိမ်း
၇။ ကြာဆံ
၈။ ရှာလကာရည်
၉။ ငရုပ်သီးစိမ်း
၁၀။ ကြက်သွန်ဖြူ
၁၁။ နှမ်းဆီ

 

ဟင်းရည်
------
- အရိုးကို ရေဆေးပြီး အိုးကြီးကြီးထဲတွင် ရေရိုးရိုးနှင့် ထည့်ပြုတ်ပါ။ ဆား၊ အချိုမှုန့် သုံးလျှင် အချိုမှုန့် ထည့်လို့ရတယ်။ ဒါပေမယ့် ကြက်သားမှုန့် မထည့်ပါနဲ့။ အရသာကို ပြောင်းသွားနိုင်လို့ပါ။

- နောက်ပြီး သကြားကို ချိန်ဆပြီး ထည့်ပါ။ အချိုလေးလေး ဖြစ်အောင် ချိန်ဆထည့်ပါ၊ အရိုးများ နူးနေသည်အထိ ပြုတ်ပေးပါ၊

သတိပြုရန်မှာ - အထက်ပါ အစာပလာများမှ လွဲပြီး တခြား ကောင်းနိုင်မည် ထင်သည့် အရာများ လျှောက်မထည့်ပါနဲ့။ (အထူးသဖြင့် ဂျင်း၊ တရုတ်နံနံ လုံး၀ မထည့်ရ) 

 

အသားနှင့် အရွက်များ ပြင်ဆင်ခြင်း
-------------------
- တောက်တောက်စင်းထားသော အသားများကို ကော်မှုန့်၊ ဆား၊ အချိုမှုန့်၊ ကြက်ဥအကာ (နှမြောလျှင် အနှစ်ပါ ထည့်)၊ တရုတ် ကြက်သွန်မြိတ်၊ ငရုပ်ကောင်းတို့နှင့် နယ်ပြီး နှပ်ထားပါ။

- မုန်ညင်းစိမ်းကို အရွက်ချွေထားပါ။

- အသည်းအမြစ်၊ အူစုံ အသည်းစုံကို ရေစင်စင်ဆေး၊ အနေတော် လှီးပြီး ဆား၊ အချိုမှုန့်တို့နှင့် နယ်ထားပါ၊ အမျိုးအစား တစ်ခုချင်းဆီကို ရေလဲပြီး တစ်ခုချင်းစီ ပြုတ်ပါ၊ ဗန်းထဲမှာ အသင့်ပြင်ထားပါ။
(ဟင်းရည် ထဲတွင် အလွယ် ထည့်မပြုတ်ပါနှင့်)

- ငုံးဥကို ပြုတ်၊ အခွံနွာ အသင့်ပြင်ထားပါ။

- ပဲပြားကို လိုသလောက် လွှာထားပါ။

- ကြာဆံကို ရေစိမ်ပြီး စစ်ထား၊ ပြီးရင် ဗန်းထဲတွင် ခင်းထားပါ၊

(အသားလုံးတဲ့ အခါမှာလည်း တရုတ်မာဆလာ ကြိုက်ရင် ထည့်ပြီး နှပ်ထားနိုင်ပါတယ်။ အသားလုံးကို ငါးဖယ်ထည့်လုံးနိုင်ရင်တော့ အကောင်းဆုံးပါဘဲ။ ငါးဖယ် ၀ယ်မရနိုင်ခဲ့ရင်တော့ ကော်မှုန့် နိုင်နိုင်လေးနဲ့ လုံးပေးပါ။)

 

နှမ်းဆီ ငရုပ်ကောင်း ပြင်ဆင်ထားခြင်း
----------------------
နှမ်းဆီကို ပူအောင် ဒယ်အိုးမှာ တည်၊ ခွက်ထဲမှာ ငရုပ်ကောင်း လှော်ထောင်းကို ထည့်ထား၊ နောက် ဆီပူ လောင်းထည့်ပြီး ပွဲပြင်မည့် နားတွင် အဆင်သင့် ပြင်ထားပါ။

 

ပွဲပြင်နည်း
------
- သီးသန့် လက်ကိုင် အိုးထဲတွင် တစ်ပွဲစာ ဟင်းရည်ထည့်၊ ပွက်အောင်တည်၊ တည်နေချိန်တွင် အသားကို လုံးပြီး ထည့်

- အူစုံ အသည်းစုံထည့်

- ကြာဆံကို အလိုရှိသလောက် ထည့်ပြုတ်

- ပဲပြား ထည့်

- ငုံးဥ ထည့်

- အရွက်စိမ်း နောက်ဆုံးမှ ထည့်

- ပွက်ပွက်ဆူလာလျှင် အသား ကျက်မကျက် ချိန်ဆ ပြီးမှ ပန်းကန်ထဲကို လောင်းထည့်ပါ

- ပြီးရင် နှမ်းဆီ ငရုပ်ကောင်း (သို့) ငရုပ်ကောင်း လှော်ထောင်းကို လိုသလောက်ထည့်ပြီး စားပါ။

 

အချဉ်ရည် ပြင်ဆင်နည်း
-------------

- ငရုပ်သီးစိမ်းကို ပါးပါးလှီး

- ရှာလကာရည် ၃ ဇွန်း

- သကြား ၁ ဇွန်း

- ဆားအနည်းငယ်

- ငံပြာရည် အနည်းငယ်နှင့် 

- ရေအနည်းငယ် ထည့် (ရေကျတ်အေး)

- အားလုံးကို ထည့်မွှေ၊ ပြီးလျှင် အချဉ်နဲ့ အပေါ့ကို မြည်း၊ လိုတာ ထပ်ထည့်ပြီးရင် ကြေးအိုးနဲ့ တွဲစားနိုင်ပါပြီ။ တချို့ကလည်း ကြေးအိုးကို ရိုးရိုးအချဉ်ရည်ဆော့စ်နဲ့ တွဲစားလေ့ရှိကြပါတယ်။ 


Read 291 times.