Easy Recipes

ချဉ်ငံစပ်ကြိုက်သူတွေ သရေယိုစေမယ့် ယိုးဒယောင်းအထောင်းလုပ်နည်း (၆) မျိုး

September 29, 2023

မိုးအေးအေးလေးမှာ ရှူးရှူးရှဲရှဲ အထောင်းလေးတွေကို စားချင်တယ်ဆိုရင် အိမ်မှာ လက်စွမ်းပြဖို့ ယိုးဒယားအထောင်း လုပ်နည်း (၆) မျိုးကို မျှဝေပေးလိုက်ပါတယ်။ ထမင်းလေးနဲ့ တွဲဖက်စားရင်လည်း မြိန်တာမို့ လိုက်လုပ်စားကြည့်နိုင်ပါတယ်။ 

ချဉ်ငံစပ် အပ်မှိုထောင်း

ပါဝင်ပစ္စည်းများ

အပ်မှို ၁ ထုပ်

သခွားသီး ၁ လုံး

ကြက်သွန်ဖြူ ၅ မွှာ

ငရုတ်သီးစိမ်း

သံပုရာသီး ၂ လုံး

ငါးငံပြာရည် ၃ ဇွန်း

ခရမ်းချဉ်သီး ၃ လုံး

သကြား အနည်းငယ်

နံနံပင်

ကန်စွန်းရွက်

မုန့်ဖတ် တို့လိုအပ်ပါတယ်။

အပ်မှိုကို ရေစင်အောင် ဆေးပြီး ဆားအနည်းငယ်နဲ့ ပြုတ်ပေးပါ။ ပြီးရင် သခွားသီးကို ခြစ်ထည့်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းကို ထောင်းထည့်ကာ ခရမ်းချဉ်သီး၊ သံပုရာရည်၊ ငါးငံပြာရည်နဲ့ သကြားတို့ကို ထည့်ထောင်းပေးရုံပါဘဲ။ ပြီးရင် ပဲတောင့်ရှည်သီး၊ ကန်စွန်းရွက်၊ သခွားသီး အတို့အမြှပ် လုပ်ပြီး မုန့်ဖတ်နဲ့ ထိုင်းစတိုင် တွဲဖက်စားသုံးနိုင်ပါတယ်။

ရှူးရှဲ ကင်းမွန်ပြောင်းဖူးထောင်း 

ပါဝင်ပစ္စည်းများ

ကင်းမွန်ငါးကို သေချာ သန့်စင်ပြီး ငံပြာရည် နည်းနည်းနဲ့ ပြုတ်ထားပါ။

ပြုတ်ပြီးသား ပြောင်းဖူးအဝါကို ဓားနဲ့ လှီးထားပါမယ်။

ပုဇွန်ခြောက်

ထိုင်းငါးပိရည်

ထန်းလျက်

ငရုတ်သီး

သံပုရာသီး

ကြက်သွန်ဖြူ

ခရမ်းချဉ်သီး

ငံပြာရည်

ငရုတ်ဆုံထဲတွင် ထန်းလျက် စထောင်းပါ။ ပုဇွန်ခြောက်ထောင်း၊ ကြက်သွန်ဖြူထောင်း၊ ငရုတ်သီးထောင်း၊ ထိုင်းငါးပိရည်၊ ငံပြာရည် ထည့်ထောင်းပါ။ သံပုရာရည် ထည့်ပြီး ပဲသီးထည့်၊ ခရမ်းချဉ်သီး ထည့်ထောင်းပါ။ နောက်ဆုံးမှ ပြောင်းဖူးလှီးထားတာထည့်၊ ကင်းမွန်ထည့်ပြီး အားလုံးကို ဖွဖွလေးပဲ ထောင်းရပါမယ်။ အရသာမြည်းပြီး လိုတဲ့ အပေါ့၊ အငန် ပြင်ပေးရင် ရပါပြီ။ ပဲတောင့်ရှည်သီး၊ မုန့်ဖတ်၊ သခွားသီး၊ ဆလပ်၊ ကန်စွန်းရွက် နှစ်သက်ရာနဲ့ တွဲဖက်စားသုံးနိုင်ပါတယ်နော်။

ထိုင်းစတိုင် ပြောင်းဖူးထောင်းနည်း

ပြောင်းဖူးကို ပြုတ်ပြီး လှီးယူထားပေးပါ။ ကြက်သွန်ဖြူ၊ ငရုတ်သီး၊ ထန်းလျက်၊ ပုဇွန်ခြောက်တွေကို ထောင်းထားပါ။ ငံပြာရည်နဲ့ အချိုမှုန့် ထည့်ပါ။ ခရမ်းချဉ်သီး၊ ပဲသီးကို လှီးပြီး ထည့်ထောင်းပါ။ နောက်ဆုံး ပြောင်းဖူးကို ထည့်လိုက်ပါ။ မြေပဲလှော်နဲ့ ပုဇွန်ခြောက်အကောင်လိုက် ထည့်ပါ။ သံပရာသီး ညှစ်ပါ။ ဒါဆို စားလို့ကောင်းတဲ့ ရှူးရှူးရှဲရှဲ ပြောင်းဖူးထောင်းလေး ရပါပြီ။

ယိုးဒယားသင်္ဘောသီးထောင်း စပ်စပ်လေး

ပါဝင်ပစ္စည်းများ

သင်္ဘောသီးအစိမ်း - အနေတော် တစ်လုံး

ပုဇွန်ခြောက် - အကောင် ၂၀ ခန့်

မြေပဲလှော် - အစေ့ ၂၀ ခန့်

ငရုတ်သီးစိမ်း - ၇ တောင့်ခန့် (အစပ်ကြိုက်လျှင် ပိုထည့်ပါ)

ထန်းလျက်ခဲ - ကွမ်းသီးဆံအလုံးလောက် ၃ ခဲ

ကြက်သွန်ဖြူ- အမွှာကြီးကြီး ၄ မွှာ

ဆား - လက်ဖက်ရည်ဇွန်း တဝက်သာသာ

ပဲတောင့်ရှည် - ၃ တောင့် 

ခရမ်းချဉ်သီး - ခပ်ကြီးကြီး တစ်လုံး

သံပုရာသီး - တစ်ခြမ်း

သင်္ဘောသီးကို အခွံခွာပြီး အမြှောင်းရှည်ရှည်လေးတွေ ရအောင် ခြစ်ထားပါ။ ခြစ်ပြီးသော သင်္ဘောသီးများကို သင်္ဘောသီး အစိမ်းနံ့ မနံအောင် ရေများများနဲ့ ဆေးပြီး ရေစစ်ထားပါ။ ခရမ်းချဉ်သီးကို ၈ စိပ် စိပ်ထားပါ။ မြေပဲလှော်ကို မညက်တညက်ထောင်းပြီး ဖယ်ထားပါ။ ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ပုဇွန်ခြောက်ကို မညက်တညက် ထည့်ထောင်းပါ။ ငရုတ်သီးစိမ်းကို မညက်တညက် ရောထောင်းပါ။

ကြက်သွန်ဖြူကို မညက်တညက် ရောထောင်းပါ။ ထန်းလျက်ခဲကို ညက်နေအောင် ထောင်းပြီးမှ သင်္ဘောသီးကို ထည့်ထောင်းပါ။ အရသာ စိမ့်ဝင်အောင် ခပ်ကြာကြာလေးနဲ့ ဖွဖွလေး ထောင်းပါ။ ထောင်းနေစဉ် သံပုရာရည် ညှစ်ထည့်ပြီး ဆားအနည်းငယ် ထည့်ပေးပါ။

သင်္ဘောသီးထောင်းပြီးပါက ပဲတောင့်ရှည်ရှိရင် ချိုးထည့်ပြီး ၅ ချက်လောက် ထောင်းပေးပါ။ ခရမ်းချဉ်သီးကိုလည်း ထည့်ပြီး ၅ ချက်လောက် ထောင်းပေးပြီးရင် ရပါပြီ။ စားပွဲ ပြင်တဲ့အခါ ပန်းကန်ထဲသို့ ငရုတ်ဆုံကို မပြီး အရည်များရော အဖတ်များပါ သွန်ချပြီး အပေါ်က မြေပဲထောင်း ဖြူးပေးပြီးရင် အရသာရှိရှိ သုံးဆောင်လို့ ရပါပြီ။

ယိုးဒယားခေါက်ဆွဲထောင်း

ပါဝင်ပစ္စည်းများ

ယမ်ယမ်ခေါက်ဆွဲ

ပုစွန် (သို့) ကင်းမွန်

ကြက်သွန်ဖြူ/ နီ 

စပါးလင်

ထန်းလျက်

ခရမ်းချဉ်သီး

ပဲသီး

သံပုရာသီး

ငရုတ်သီးစိမ်း

ယိုးဒယားငံပြာရည်

ပုစွန်ကို စပါးလင်နဲ့ ပြုတ်ထားပါ။ ကြက်သွန်ဖြူ၊ ထန်းလျက်နဲ့ ငရုတ်သီးစိမ်းကို ထောင်းပါ။ ပြီးရင် ပဲသီး၊ ခရမ်းချဉ်သီးကိုပါ ထောင်းပါ။

ခေါက်ဆွဲကို ပြုတ်ပါ။ ရေစစ်ပါ။ ပြီးရင် ပါတဲ့ အနှစ်ထုပ်ကို ညှစ်ထည့်ပါ။ ပုစွန်ပြုတ်ရည်ကိုပါ ထည့်ပါ။ ခေါက်ဆွဲကို ခုနက ထောင်းထားတဲ့ အဆာပလာတွေနဲ့ ရောသမမွှေပါ။ သံပုရာသီးကို အရည်ညှစ်ထည့်ပြီး ယိုးဒယားငံပြာရည်လေးထည့်၊  ကြက်သွန်နီးပါးပါး လှီးပြီး ထည့်ပါ။ ပြီးရင် အရသာ အကုန်ရောအောင် မွှေပါ။ နောက်ဆုံးမှာ ပန်းကန်ထဲ ထည့်ပြီး အပေါ်မှာ ပုစွန်လေးတင်ပေးလိုက်ရင် ပြီးပါပြီ။

ရေဘဝဲထောင်းနည်း

ရေဘဝဲပြုတ်ဖို့ ဇလုံတစ်လုံးထဲသို့ ရှာလကာရည်နှင့် ဆားကို ထည့်ပြီး ရေဘဝဲကိုလည်း ထည့်လိုက်ပါ။ ပြီးနောက် အချွဲများ မရှိစေဖို့အတွက် နာနာလေး နယ်ပေးပါ။ ပြီးရင် အချွဲများ ထွက်သွားပါက ရေစင်အောင် လေးငါးထပ်ခန့် ဆေးပေးပါ။ ပြီးရင် အိုးတစ်အိုးထဲကို ဆားနဲ့ ဂျင်းအနည်းငယ် ထုထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးထားပါ။ ရေပွက်ပွက်ဆူပြီဆိုရင်တော့ ရေဘဝဲကို ထည့်ပြီး ပြုတ်ပေးပါ။  ၅ မိနစ်ခန့် ပြုတ်ပြီးရင် ရပါပြီ။

ပြီးရင် ကြက်သွန်ဖြူ ငရုတ်သီးအခြောက်တောင့် (အနီ)၊ ထန်းလျက်၊ ပုဇွန်ခြောက်တွေကို ထောင်းပါ။ ငံပြာရည်နဲ့ အချိုမှုန့် ထည့်ပါ။ ခရမ်းချဉ်သီးကို လှီးပြီးထည့်ပါ။ ပြီးရင် ရေဘဝဲနဲ့အတူ အရသာနှံ့အောင် သေချာလေး မွှေပါ။ နောက်ဆုံး ရှမ်းနံနံ (သို့) တရုတ်နံနံ အုပ်လိုက်ပါ။ မြေပဲလှော် နှစ်သက်ရင် ထည့်ပါ။ သံပရာသီး ညှစ်ပါ။ ဒါဆိုရင် ထိုင်းစတိုင် ချိုချဉ်ငံစပ် ရေဘဝဲထောင်းလေး ရပါပြီ။


Read 495 times.