Eating Tips

မိုးရာသီနဲ့ အလိုက်ဖက်ဆုံး မျှစ်တာလပေါ့ဟင်း ချက်နည်း

August 4, 2022

မျှစ်တာလပေါ့ဟင်းသည် ကရင်တိုင်းရင်းသားများရဲ့ ရိုးရာ အစားအစာတစ်မျိုးလဲဖြစ်ပါတယ်။ ကျွန်မတို့ ဘယ်လိုပင်ချက်တတ်နေစေကာမူ တိုင်းရင်းသားစစ်စစ်များရဲ့ လက်ရာကို မမီနိုင်ပါ။ ထိုဟင်းရဲ့ အဓိကပါဝင်ပစ္စည်းကတော့မျှစ်ပဲဖြစ်ပါတယ်။ ထိုဟင်းကို မျှစ်စိမ်းနဲ့သာချက်မှ ပိုပြီး စားကောင်းစေပါတယ်။

ယခု မိုးတွင်းကာလတွင် မျှစ်စိမ်းများပေါ်ကာစမို့ ရာသီစာ‌လို့လဲပြောလို့ရပါတယ်။ ကျွန်မတို့ ကရင်ပြည်နယ်ဘက်မှာ မျှစ်အမျိုးစားပေါင်း များစွာရှိသည့်အနက် တချို့မျှစ်များက တာလပေါ့ဟင်းချက်စားလို့မကောင်းတာတွေ ရှိတတ်ပါတယ်။ 

မျှစ်အမျိုးအစားများစွာရှိပါတယ်။ ၎င်းတို့မှာ 
(၁) ဝါးဂုတ်မျှစ်
(၂) ကျခပ်မျှစ်
(၃) ဝါးဖြူမျှစ်
(၄) နှီးဝါးမျှစ်
(၅) ဝါးယားမျှစ်
(၆) ဝါးပိုးမျှစ်
(၇) ထီးဝါးမျှစ် စသည်ဖြင့် အမှတ်အသားလေးတွေနဲ့ ခေါ်ဝေါ်လေ့ရှိကြပါတယ်။

 

 

 

 

 

 

နှီးဝါးမျှစ်နဲ့ ဝါးဂုတ်မျှစ်က အချိုဓာတ်ပိုပြီး တာလပေါ့ချက်စားလို့အလွန်ကောင်းလှပါတယ်။ တစ်အိုးစာချက်မည်ဆိုပါက မျှစ် ၅ ချောင်းခန့်အသုံးပြုနိုင်ပါတယ်။ မျှစ်ကို မချက်မီ ခပ်ပါးပါးလှီးထားပြီး ရေနှစ်နာရီခန့်စိမ်ထားပါ။ ရေစိမ်ပြီးသား မျှစ်ကို တစ်ရေ ပြုတ်ပြီးသွန်ပေးပါ မျှစ်စိမ်း၏ အရသာမှာ အခါးဓာတ်ရှိလို့ပါ။

ရေ နှစ်လီတာခန့် ပွက်ပွက်ဆူ အောင်တည်ထားတဲ့ အထဲကို စပါးလင် နှစ်ပင်ခန့် ဓားပြားရိုက်ပြီး ထည့်ပါ မျှစ်ထည့်ပါ။ ဆန်ကို လက်တဆုပ်ခန့် ရေစိမ်ပြီး ဇကာလေးနဲ့စစ်ပြီး ငရုပ်ဆုံထဲ ထောင်းပြီး ရေအနည်းငယ်ဖျော်ပြီး ဟင်းအိုးထဲထည့်ပါ။ ဟင်းခတ် အရသာမှုန့် ထမင်းစားဇွန်း၀က်၊ ဆား လက်ဖက်စားဇွန်း ၂ ဇွန်း၊ မျှင်ငပိ (သို့ ) ငပိရည်ကျိုပြီးသားအရည် ထမင်းစားဇွန်း၀က်၊ ပုဇွန်ဆိတ် (သို့) ပုဇွန်ဘောချိတ် ၁၀သားခန့်၊ ရွှေဖရုံညွှန့်၊ ဗူးညွှန့်  ပဲညွှန့်၊ ရွှေဖယုံသီး၊ ဒညင်းသီး၊ မှိူ၊ အင်ဥ စသည်ဖြင့် မိမိနှစ်သက်ရာ အသီးအရွက်များ ထည့်နိုင်ပါတယ်။ အသီး အရွက်များ ကျက်လုနီးနီး ဟင်းရည်လေးလဲ ပျစ်လာပြီးဆိုရင် ဆူးပုတ်ရွက်နဲ့ ပင်စိမ်းလေးအုပ်ပြီး အသင့်စားလို့ရပါပြီပဲဖြစ်ပါတယ်။

အစပ်ကြိုက်ရင် ငရုပ်သီးစိမ်းနဲနဲထောင်းထည့်နိုင်ပါတယ်။ ကြက်ကင် /ငါးကင်တို့နဲ့လဲ ချက်စားလို့ရပါတယ်။ ပန္နဲသီးလဲ ထည့်ချက်လို့ရပါတယ်။

Source, Foodie အိမ်ချက်လက်ယာ


 


Read 514 times.