Easy Recipes

StayHome ကို အိမ်မှာနေရင်း မြှီးရှည်ပူပူလေး အလွယ်တကူ ချက်စားကြမယ်

December 1, 2020

အခုလို ကာလမျိုးမှာ အပြင်ထွက်ပြီး ရောဂါပိုးတွေ အကူးခံမယ့်အစား အိမ်မှာပဲနေရင်း ချစ်ရတဲ့ မိသားစုဝင်တွေနဲ့အတူ ကိုယ်ကြိုက်နှစ်သက်တဲ့ စားစရာတွေကို တပျော်တပါး ချက်စားကြရအောင်လေ။ 

ဒီတစ်ပတ်မှာတော့ အစားတလိုင်းလေးတွေအတွက် ရှမ်းရိုးရာ အစားအစာတစ်ခု ဖြစ်တဲ့ မြှီးရှည်ကို အိမ်မှာ အလွယ်တကူ ချက်စားလို့ရမယ့် နည်းလမ်းလေးကို ပြောပြပေးမှာ ဖြစ်ပါတယ်။

ချက်နည်းကို မပြောခင် မြှီးရှည်ဖြစ်ပေါ်လာပုံကိုလည်း ဗဟုသုတအနေနဲ့ မျှဝေပေးချင်ပါတယ်။ 

မြှီးရှည်ဆိုတဲ့ အသုံးအနှုန်းက တရုတ်စကား မီရှန့်ကနေ စတင်ဆင်းသက်လာပြီး  “မီ” ရဲ့အဓိပ္ပါယ် “ဆန်” နဲ့  “ရှန့်” ရဲ့အဓိပ္ပါယ် ”နန်းလုံး” နှစ်ခုပေါင်းလိုက်တဲ့အခါ “ဆန်နဲ့ ပြုလုပ်ထားတဲ့ နန်းလုံး” လို့ ခေါ်တွင်ရာက စတင်ခဲ့ပါတယ်။ ကာလရွေ့လျားလာမှ နှောင်းလူတို့က မီရှန့်ကနေ မြှီးရှည်ဆိုပြီး ဆက်လက်ခေါ်တွင်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာပြည်မှာတော့ မြီးရှည်ကို ရှမ်းပြည်နယ်ဖက်ကနေ စတင်ခဲ့တယ်လို့ သိရပြီး၊ မန္တလေးမြို့မှာဆိုရင် ၁၉၈၀ ဝန်းကျင်လောက်က ရောက်ခဲ့တယ်လို့ မှတ်သားခဲ့ရဖူးပါတယ်။  "မန္တလေးမြီးရှည်ရဲ့အစ ဦးချစ်မြို့က” လို့ ပြောစမှတ်ရှိပြီး မန္တလေးမြီးရှည်ကို ဦချစ်မြို့ဆိုသူက စတင်မိတ်ဆက်ခဲ့တာ ဖြစ်တယ်လို့ ရှေ့မှီနောက်မှီ လူကြီးမိဘများဆီက ကြားသိဖူးပါတယ်။

ကိုယ်စားမယ့် အစားအစာရဲ့ သမိုင်းကြောင်း အကျဥ်းကိုလည်း သိပြီဆိုတော့ အိမ်မှာလုပ်စားဖို့ စပြီး ပြင်ဆင်လိုက်ရအောင်။ မြှီးရှည်ချက်ပြုတ်ရာမှာ ပါဝင်ပစ္စည်းအနေနဲ့ (၁၁) မျိုး ရှိပါမယ်။ 

၁။ မြီးရှည် မုန့်ဖတ် - ၂ထုပ်

၂။ ဝက်အဆီ နဲ့ အသား - ၂၅ကျပ်သား (ဝက်သားမစားရင် ကြက်သား ၂၅ကျပ်သား ဝယ်နော်)

၃။ ပဲပင်ပေါက် - အနည်းငယ်

၄။ မုန့်ညှင်းချဉ် - စားပွဲတင်ဇွန်း ၃ဇွန်း

၅။ ပဲငပိ အစပ် - စားပွဲတင်ဇွန်း ၃ဇွန်း

၆။ ငရုတ်သီး အကြမ်းမှုန့် - စားပွဲတင်ဇွန်း ၃ဇွန်း

၇။ ပဲပြာရည် အကြည် - စားပွဲတင်ဇွန်း ၃ဇွန်း

၈။ နံနံပင် - အနည်းငယ်

၉။ ကြက်သွန်မြိတ် - အနည်းငယ်

၁၀။ ကြက်သွန်ဖြူ - ၅မွှာ

၁၁။ အသားလုံး - စားလိုသလောက်

ကော်ရည်အနှစ် ပြုလုပ်ဖို့ ပါဝင်ပစ္စည်းတွေကတော့ ...

  • ကော်မှုန့် - စားပွဲတင်ဇွန်း ၃ဇွန်း
  • ဆန်မှုန့် - စားပွဲတင်ဇွန်း ၃ဇွန်း
  • ရေ - ၁၀၀ မီလီလီတာ

ပါဝင်ပစ္စည်းတွေ စုံပြီဆိုရင် မြီးရှည်ကို စတင်ပြုလုပ်ပါပြီ။

ပထမဦးဆုံး ဝက်သားကို ပြုတ်ဖို့ ဒယ်အိုးထဲ ရေထည့်ပြီး ဆူအောင်တည်ထားပါ။ ကြက်သွန်ဖြူ ၅မွှာကို မညက်တညက် ထောင်းထားပြီး၊ ဆား (လက်ဖက်ရည်ဇွန်း ၁ဇွန်း)နဲ့ ဝက်သား အဆီအသားကို နယ်လိုက်ပါ။ ပြီးရင်တော့ ရေဆူနေတဲ့ အိုးထဲကို နယ်ထားတဲ့ ဝက်သားတွေ နူးအိသွားတဲ့အထိ နာရီဝက်ခန့် တည်ထားပါ။

ဝက်သား နူးပြီဆိုရင် အဆီနဲ့ အသားကို သက်သက်စီ ပိုင်းဖြတ်ပြီး ပါးပါးလှီးပေးပါ။ ဒယ်အိုးတစ်ခုထဲ ရေများများနဲ့ မြီးရှည် ခေါက်ဆွဲဖတ်တွေကို (၂)မိနစ်၊ (၃) မိနစ်ခန့် ပြုတ်ပြီး ဇကာနဲ့ ပြန်ဆယ်ထားပါ။  အသားလုံးတွေကို (၁၀)မိနစ်လောက် ပြုတ်ထားပြီး အနေတော် အတုံးလေးတွေ လှီးထားပါ။ ပဲပင်ပေါက်တွေကိုလည်း ရေနွေးဖျောထားပေးပါ။

ပြီးရင် ဒယ်အိုးထဲ ဆီထည့်ပြီး ငရုတ်သီး အကြမ်းမှုန့်ကို (၁)မိနစ်ခန့် ဆီသပ်ကာ ပြန်ဆယ်ထားပါ။ ကြက်သွန်ဖြူများကိုလည်း ဆီအနည်းငယ် သပ်ပြီး ​ပြန်ဆယ်ထားလိုက်ပါ။ နံနံပင်နဲ့ ကြက်သွန်မြိတ်ကို ပါးပါးလှီးထားပါ။ အားလုံး ပြီးသွားရင် မြှီးရှည်ရဲ့ အသက် ကော်အနှစ်ကို ပြုလုပ်ပါမယ်။ 

ကော်အနှစ် ပြုလုပ်ဖို့ ဒယ်အိုးထဲမှာ ကော်နဲ့ဆန်မှုန့် ရောမွှေထားတာကို လောင်းထည့်ပြီး မီးနည်းနည်းနဲ့ အဆက်မပြတ် ရောမွှေပေးပါ။ ကော်ရည် ပျစ်ခါနီးရင် မီးပိတ်လိုက်ပါ။

ပါဝင်ပစ္စည်းတွေရော ကော်ရည်ပါ ရပြီဆိုရင်တော့ မြီးရှည် တစ်ပွဲစာ ပြင်ပါမယ်။ 

ပန်းကန်ထဲကို မြှီးရှည်မုန့်ဖတ်၊ ပဲပင်ပေါက်၊ ပဲငပိ (စားပွဲတင်ဇွန်း ၁ဇွန်း)၊ ပဲငံပြာရည် (စားပွဲတင်ဇွန်း ၁ဇွန်း)၊ ငရုတ်သီးကြော်၊ ဝက်အဆီနဲ့ အသား၊ မုန့်ညှင်းချဉ်၊ ကော်နှစ် (စားပွဲတင်ဇွန်း ၁ဇွန်း)၊ ဝက်ပြုတ်ရည် (စားပွဲတင်ဇွန်း ၃ဇွန်း)၊ မုန့်ညှင်းချဉ်၊ နံနံပင်၊ ကြက်သွန်မြိတ်နဲ့ အသားလုံးတွေ ထည့်ပေးပါ။  

အားလုံးပြင်ဆင်ပြီးသွားရင်တော့ အရသာရှိတဲ့ မြှီးရှည်တစ်ပွဲကို အားရပါးရ သုံးဆောင်နိုင်ပါပြီ။

ကိုးကား - Wutyeefoodhouse 


Read 1596 times.