Best Cuisine

မန္တလေး ဘူတာကြီးရှေ့က ကိုယ်တိုင်ရွေး ကိုယ်တိုင်ပြုတ်စနစ်နဲ့ ကိုရီးယားခေါက်ဆွဲဆိုင်လေး

November 23, 2023

ဒီတစ်ခါတော့ မန္တလေးက Foodie တွေအတွက် ဘူတာကြီးရှေ့မှာ ဖွင့်ထားတဲ့ အသစ်စက်စက် ကိုရီးယားခေါက်ဆွဲဆိုင်လေးအကြောင်း မျှဝေပေးချင်ပါတယ်။ ရာသီဥတုအေးအေးလေးမှာ ကိုရီးယားခေါက်ဆွဲလေး စားပြီး အနွေးဓာတ် ဖန်တီးဖို့ ဆိုင်လေးရဲ့ နာမည်ကတော့ K Han Ramen ပါတဲ့။ 

ဆိုင်အပြင်အဆင်က အသစ်လေးဖြစ်တဲ့အတွက် သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် ရှိပါတယ်။ တစ်ဆိုင်လုံးက အဖြူရောင်လေး ဖြစ်တဲ့အပြင် Indoor Plants အလှလေးတွေ ရှိတာကြောင့်ရော ရိုးရိုးရှင်းရှင်းလေးနဲ့ Minimalist Theme ပုံစံပါပဲ။ ဆိုင်လေးက စားပွဲဝိုင်း (၅) ဝိုင်းလောက်ပဲ ရှိတဲ့အတွက် ကျဉ်းတယ်လို့တော့ ပြောလို့ရပါတယ်။

ဆိုင်ထဲ ဝင်ဝင်ချင်း နံရံမှာ အစီအရီ ကပ်ထားတဲ့ အမျိုးအစားအစုံ ခေါက်ဆွဲခြောက်ထုပ်တွေကို မြင်လိုက်ရတာနဲ့ ခေါက်ဆွဲခရေဇီတွေအတွက်တော့ လုံး၀ နိဗ္ဗာန်ပဲပေါ့။ သူ့ဆိုင်မှာ အဓိကက ကိုရီးယား ခေါက်ဆွဲခြောက်ထုပ် အစုံရပါတယ်။ ဒါ့အပြင် ဂျပန်၊ တရုတ်၊ ယိုးဒယားခေါက်ဆွဲတို့ကိုလည်း ရွေးချယ်လို့ရအောင် ထားပေးထားပါသေးတယ်။     

Super Shine Trading Co. Ltd. MFID

Advertisement

Click Here >>> Super Shine Trading

အခုလက်ရှိ ထည့်စားလို့ရတဲ့ Topping တွေကတော့ ရေဘဝဲ၊ ကင်းမွန်၊ ပုစွန်၊ ကြက်မဲ၊ ကြက်သားပြား၊ ဝက်သားပြား၊ ဘေကွန်၊ ဝက်မှိုလုံး၊ ချိစ့်၊ ကင်မ်ချီ၊ ကြက်ဥ၊ ထိုင်ဝမ်မုန်ညှင်း၊ အပ်မှို၊ မုန်ညှင်းဖြူ၊ ကြက်အူချောင်း၊ ဝက်အူချောင်း၊ ငါးဖယ် စတာတွေ ရှိပါတယ်။ ဆိုင်အသစ်လေးဆိုပေမဲ့ Topping တွေလည်း အတော်စုံပါတယ်။ ဒီထက်ပိုပြီး စုံအောင် Topping အမယ်တွေ ထပ်ဖြည့်သွားဖို့လည်း ရှိတယ်လို့ သိရပါတယ်။ 

စျေးနှုန်းအနေနဲ့ ပြောရမယ်ဆိုရင် ခေါက်ဆွဲခြောက်ထုပ်တွေက အပြင်စတိုးဆိုင်တွေနဲ့ စျေးနှုန်းအတူတူပါပဲ။ ၁,၅၀၀ ကျပ်ကနေ စလို့ ၆,၀၀၀ ကျပ်အထိ အမျိုးမျိုး ရှိပါတယ်။ Topping တွေကတော့ - 
အသီးအရွက်နဲ့ ကြက်ဥ - ၄၀၀ ကျပ်
အသားနဲ့ ပင်လယ်စာ - ၇၀၀/၈၀၀ ကျပ် အသီးသီး ရှိပါတယ်။ 

ထပ်ပြီး ရွေးချယ်စရာအနေနဲ့ သောက်စရာ အအေးလေးတွေရော၊ ဆိုဂျုတွေရောအပြင် ခေါက်ဆွဲပြုတ်နဲ့ တွဲစားဖို့ လိုက်ဖက်တဲ့ အာလူး​ကြော်၊ ရေညှိအပါအဝင် တခြား Snacks တွေလည်း ရှိပါသေးတယ်။ 

ဆိုင်မှာ နှစ်သက်ရော ခေါက်ဆွဲထုပ်တွေ၊ Add-on လုပ်မယ့် Topping တွေ၊ Sanck တွေနဲ့ အအေးဘူးတွေ အကုန် စိတ်ကြိုက် ရွေးချယ်ပြီးသွားရင် Counter မှာ ငွေရှင်းရပါမယ်။ ငွေရှင်းပြီးမှ ကိုယ်တိုင်ပြုတ်ချင်ရင်လည်း မီးဖိုပေါ်တင်ပြီး ပြုတ်စားလို့ရသလို ကိုယ့်လက်ရာကိုယ်မယုံရင်လည်း ဆိုင်က စားဖိုမှူးတွေ လက်ထဲ အပ်ပြီး ပြုတ်ခိုင်းလို့ ရပါတယ်နော်။ 

ဒီဆိုင်မှာ ကိုရီးယားခေါက်ဆွဲပဲ ရတာလားဆိုတော့ မဟုတ်ပါဘူး။ တခြား ကိုရီးယားထမင်းသုပ်၊ ကင်မ်ချီဟင်းရည်၊ ကိုရီးယားကင်မ်ချီထမင်းကြော်၊ ရေညှိထမင်းလိပ်၊ အာလူးချောင်းကြော်၊ ဘာဂါ၊ ငါးပလာတာထမင်း၊ တော့ပိုကီ စတဲ့ ကိုရီးယားက နာမည်ကြီး ဟင်းပွဲတွေကိုလည်း ထပ်မှာစားလို့ ရပါတယ်။ 

ဆိုင်ဖွင့်ချိန်က မနက် (၁၀) နာရီကနေ ည (၁၀) နာရီအထိ ဖြစ်ပြီး သူ့ဆိုင်ခန်းထဲမှာ ပြင်ပအစားအစာတွေ ယူဆောင် စားသုံးခွင့်လည်း ပြုထားပါတယ်။ 

လိပ်စာ - လိပ်စာ - 78 လမ်း၊ 29 x 30 လမ်းကြား၊ ဘူတာကြီးရှေ့၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။ 

ဖုန်း - 09944123111/ 09949123111

မန္တလေးမြို့မှာ ရှိတဲ့ ကိုရီးယားစားသောက်ဆိုင်တွေကို အောက်ကလင့်ခ်မှာ စုစည်းဖော်ပြပေးထားပါတယ်။ 

>> https://shorturl.at/dgEF7


Read 484 times.