Best Cuisine

ဟင်းအနှစ်ပျစ်ပျစ်လေးနဲ့ Katsu Japanese Curry ကောင်းကောင်းရတဲ့ Curry King

October 23, 2023

ဒီတစ်ပတ်မှာတော့ Junction City (၅) လွှာမှာ ဖွင့်လှစ်ထားတဲ့ ဂျပန်ဆိုင် အသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဂျပန်အစားအသောက်တွေကို ဂျပန်အရသာအတိုင်းလည်း စားချင်တယ် စျေးလည်းတန်ရမယ်ဆိုရင် သွားစားကြည့်သင့်တဲ့ ဆိုင်မျိုးပါ။ သူ့ဆိုင်က အောက်တိုဘာလ (၁) ရက်နေ့ကမှ စတင်ဖွင့်လှစ်ထားတာ ဖြစ်တဲ့အတွက် လူသိပ်မသိသေးပါဘူး။ 

ဆိုင်ရဲ့ ထူးခြားချက်ကို ပြောပြရမယ်ဆိုရင် Japanese Cuisine တွေကို ဂျပန်အရသာအတိုင်း ရအောင် ဖန်တီးပေးနေတဲ့ ဒီဆိုင်ရဲ့ စားဖိုမှူးဟာ စင်္ကာပူ၊ မလေးရှား၊ ကာတာ စတဲ့ နိုင်ငံတွေမှာ ဂျပန်အစားအသောက်အတွက် Chef လုပ်လာခဲ့သူဖြစ်ပြီး ဆယ်စုနှစ်တစ်ခုနီးပါး အတွေအကြုံရှိတာကြောင့် ထူးခြားဆန်းသစ်တဲ့ လက်ရာတွေကို မိတ်ဆွေတို့ မြည်းစမ်းကြည့်ခွင့်ရမှာ ဖြစ်ပါတယ်။  

ဒီလို Premium Quality ရှိတဲ့ မီနူးတွေရဲ့ စျေးနှုန်းဟာဆိုရင် Set လိုက်ကိုမှ (၁၀,၀၀၀) ကျပ်ဝန်းကျင်လောက်ပဲ ရှိပါတယ်။ သူ့ဆိုင်မှာ ရနိုင်တဲ့ မီနူးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

ဂျပန်စတိုင်ဟင်းအနှစ်ရည်ထမင်း Curry Rice ကိုမှ ကြက်သားပြားကြော်၊ ဝက်သားပြားကြော်၊ ဒိုရီငါးအသားပြားကြော်၊ ပုစွန်ကြော်၊ ဂျပန်စတိုင်ကြက်ကြော်နဲ့ သတ်သတ်လွတ်သမားတွေအတွက် အသီးအရွက်ကြော်ဆိုပြီး အမျိုးမျိုးရှိပါတယ်။ Set တိုင်းမှာ အအေး (၁) ခွက်ပါပြီး စျေးနှုန်းကတော့ ၉,၀၀၀ ကျပ်ကနေ စရှိပါတယ်။ အာလူးအနှစ် စေးစေးပျစ်ပျစ်လေးနဲ့ ထမင်းကလည်း ပူပူ၊ အသားကြော်ထားတာကလည်း ကြွပ်ကြွပ်ရွရွမို့ စားရတာ လိုက်ဖက်မှု ရှိပါတယ်။ 

Advertisement

Click Here > Ever Plastics

နောက်တစ်မျိုးဖြစ်တဲ့ Curry Udon ကတော့ ဟင်းအနှစ်ရည်ကို ထမင်းနဲ့ တွဲမစားဘဲ ဂျပန်အူဒုံခေါက်ဆွဲလေးနဲ့ တွဲစားရတာ ဖြစ်ပါတယ်။ သူ့စျေးနှုန်းကတော့ အအေး (၁) ခွက်ပါပြီး Set ကို ၉,၈၀၀ ကျပ် ဖြစ်ပါတယ်။ 

ဒါ့အပြင် Donburi လို့ခေါ်တဲ့ ဟင်းအနှစ်နည်းနည်းနဲ့ ကြက်ဥအုပ်ထားတဲ့ ဂျပန်ဇလုံထမင်းကို ကြက်သား၊ ဝက်သား၊ ပုစွန်တို့နဲ့ မှာယူနိုင်ပါတယ်။ စျေးနှုန်းကတော့ အရည်သောက် မီဆိုဟင်းရည်ပါတဲ့ Set ကို (၈,၅၀၀) ကျပ်ကနေ စရှိပါတယ်။  

ဟင်းအနှစ်တွေချည်း စားရတာ အီတယ်လို့ ထင်ရင် Teppan လို့ အမည်ရတဲ့ သံပူပြား အသားကင်ထမင်းတို့ကို ရွေးချယ်နိုင်ပါတယ်။ သူ့အတွက်လည်း အရည်သောက် မီဆိုဟင်းရည် ပေးပြီး စျေးနှုန်းကတော့ ဝက်သားဆို ၁၂,၅၀၀ ကျပ်၊ အမဲသားဆို ၁၃,၅၀၀ ကျပ် ဖြစ်ပါတယ်။ 

အရသာ ခပ်စပ်စပ် မီနူးလေးကို မြည်းစမ်းချင်တယ်ဆိုရင်တော့ ဂျပန်စတိုင် အသားကင်ဆလပ် Yakiniku ကို ထမင်းပူပူရယ်၊ မီဆိုဟင်းရည်တို့နဲ့ သုံးဆောင်နိုင်ပါတယ်။ ကြက်သားဆလပ်နဲ့ဆိုရင် ၁၀,၅၀၀ ကျပ်၊ ဝက်သားဆလပ်က ၁၁,၅၀၀ ကျပ်၊ အမဲသားဆလပ်နဲ့ ၁၂,၅၀၀ ကျပ် အသီးသီး ဖြစ်ပါတယ်။ 

အပေါ်မှာ ပြောခဲ့သလို ထမင်းနဲ့ တွဲစားရတဲ့ Main Course တွေအပြင် ပေါ့ပေါ့ပါးပါး စားလို့ရတဲ့ ဂျပန်စတိုင် ကြက်ကြော်၊ ဂျပန်ဖက်ထုပ်ကြော်၊ ပုဇွန်တန်ပူရာကြော်တို့လို Side Dish တွေလည်း ရှိပါတယ်။ စျေးနှုန်းတွေကတော့ ၄,၀၀၀ ကျပ်ကနေ ၆,၀၀၀ ကျပ်ဝန်းကျင်အထိ ရှိပါတယ်။ 

ဆိုင်နာမည်ကတော့ Curry King ဖြစ်ပြီး Junction City ရဲ့ (၅) လွှာ Food Streat အဝင်ဝမှာ ဖွင့်လှစ်ထားပြီး ရုပ်ရှင်ရုံ ထွက်ထွက်ချင်းနားလေးမှာ ရှာဖွေတွေ့ရှိနိုင်ပါတယ်။  

 


Read 387 times.