လုပ်ရလွယ်ကူပြီး အစားအစာတွေကို ပိုအရသာရှိစေမယ့် အလန်းစား ဆော့စ်လုပ်နည်းများ
ဆော့စ်ဆိုတာက အစားအစာတွေရဲ့ အသက်လို့တောင် ပြောလို့ရပါတယ်။ ဆော့စ်ကြောင့် အစားအစာတွေ ပိုအရသာရှိလာနိုင်သလို ဆော့စ်ကြောင့်လည်း အရသာ ပျက်သွားနိုင်ပါတယ်။ ဆော့စ်ကို ကြိုက်နှစ်သက်တဲ့သူရှိသလို မကြိုက်နှစ်သက်တဲ့ သူတွေလည်း ရှိနေနိုင်ပါတယ်။
Foodie အများစုကတော့ ဆော့စ်ကို ကြိုက်နှစ်သက်ကြပါတယ်။ BBQ စားတဲ့အခါ ဖြစ်ဖြစ်၊ ပင်လယ်စာစားတဲ့အခါ ဖြစ်ဖြစ်၊ ကြက်ကြော်စားတဲ့အခါပဲ ဖြစ်ဖြစ် ဆော့စ်ဆိုတာက မပါမဖြစ် အရာပါ။ စားသောက်ဆိုင်တွေမှာတော့ ဆော့စ်ကောင်းကောင်းတွေ ရှိနိုင်ပေမဲ့ အိမ်မှာတော့ ဆော့စ်ကောင်းကောင်း တစ်ခွက် ရှိနေဖို့ဆိုတာ နည်းနည်း ခက်ခဲပါတယ်။
မိသားစုတွေ၊ သူငယ်ချင်းတွေ မုန့်စုစားကြတဲ့အခါ အိမ်မှာ ဆော့စ်ကောင်းကောင်းလေး မရှိလို့ စိတ်ညစ်နေနိုင်ပါတယ်။ ဒါကြောင့် အိမ်မှာ အလွယ်တကူ လုပ်လို့ရပြီး အစားအစာတွေကို ပိုမို အရသာရှိစေမယ့် ဆော့စ်လုပ်နည်းလေးတွေကို မျှဝေပေးချင်ပါတယ်။
ထိုင်းငရုတ်အချိုဆော့စ် ( Thai sweet chilli sauce )
လက်ညှိုးအရွယ်ရှိတဲ့ ငရုတ်အနီ အစိုသီး အတောင့် ၂၀ မှာ စပ်တဲ့ ငရုတ်အနီအစိုအသေးတောင့် ၅ တောင့် ထည့်ပါ။ ကြက်သွန်ဖြူ ၅ မွှာနဲ့ ခွဲကြမ်းဖြစ်အောင်ထောင်းပါ ( သိပ်မကြေသလို / သိပ်ပြီး အဖက် မကြီးစေရ)။
ထောင်းထားတဲ့ ငရုတ်သီးနဲ့ ကြက်သွန်ဖြူကို ရေ လိုသလောက် အနေတော် ထည့်ပါ။ ဆား/ သကြား/ ရှာလကာရေ ထည့်ပြီး ပွက်ပွက်ဆူဆောင် ကျိုပါ။ အရသာ စိတ်တိုင်းကျပြီဆိုရင် ကော်မှုန့်ကို ရေနဲ့ အနေတော်ဖျော်ပြီး မပျစ်မကျဲ အနေအထားရောက်အောင် ထည့်မွှေပေးပါ။
Sauce အေးသွားပြီးနောက် စားခါနီး သံပုရာရေ အနည်းငယ် ညှစ်ထည့်ပါက အနံ့ ပိုမွှေးပါတယ်။ တချို့ကတော့ ငရုတ်သီးအစိုတောင့်နေရာမှာ အိမ်မှာရှိတဲ့ ငရုတ်သီးအစိမ်းမှုန့်ခွဲကြမ်းကိုလည်း သုံးကြပါတယ်။
အအေးခံပြီး ဗူးသန့်သန့် နဲ့ထားပါက နှစ်ချီ အထားခံပါတယ်။ စားခါနီးမှာ ရှောက်ရွက်လေး သေးသေးမျှင်မျှင် လှီးပြီး စားလို့ရပါတယ်။
ခရမ်းချဉ်သီးဆော့စ် ( Tomato sauce )
ခရမ်းချဉ်သီးရဲရဲနီ အမှည့်ကို လေးစိတ် စိတ်ပြီး ရေနည်းနည်းထည့် အဖုံးအုပ်ကာ အိနပ်နေအောင် ပြုတ်ပါ။
ပြီးရင် Blender နဲ့ ကြေအောင် ကြိတ်ပါ။ ကြိတ်ပြီးရင် ဆန်ခါ အစိပ်နဲ့ အနှစ်တိုက်ချပါ (အစေ့နဲ့ အခွံ မပါစေရ)။
ရလာတဲ့ အနှစ်ကို ဆား / (သကြား ၂ ဆ/ရှာလကာရေ ၁ ဆ) / အရောင်တင်မှုန့် (ငရုတ်သီးမှုန့်) / ရေအနည်းငယ် ထည့်ပြီး မီးအေးအေးနဲ့ အဆက်မပြတ် ၄၅ မိနစ်လောက် မွှေပေးပါ။ အလိုလို နီရဲပြီး ပျစ်လာတာကို တွေ့ရပါမယ်။
ရေ ကျန်/မကျန် သိလိုပါက အနည်းငယ် ယူပြီး ပန်းကန် နှုတ်ခမ်းမှာ တင်ကြည့်ပါ။ ရေစိမ့်ထွက် မလာပါက ရပါပြီ။
ရေမကျန်ပါက နှစ်ချီပြီး အထားခံပါတယ်။ မိမိစားလိုတဲ့ အချိန်မှာ စားလို့ရအောင် အခန်းအပူချိန်အတိုင်း အအေးခံပြီး ဗူးသန့်သန့်နဲ့ လေလုံအောင် ထည့်ပိတ်ထားပါ။
ယိုးဒယား အကင်ဆော့စ်
ဒီဆောစ့်ကတော့ အကင်တွေနဲ့ တွဲစားရင် အရမ်းမိုက်ပါတယ်။ အထူးသဖြင့် ယိုးဒယားအကင်လိုမျိုး လုပ်နည်းကတော့ ထင်သလောက်မခက်ဘူး။
လိုအပ်တဲ့ပစ္စည်း
- ငရုတ်သီးအစိမ်းအသေး ၁၀တောင့် (ဘာကြောင့် ငရုတ်သီးအစိမ်း သုံးလည်းဆိုတော့ ငရုတ်သီးအစိမ်းအနံ့သင်းသင်းလေးက ပိုပြီး စားလို့ ကောင်းလို့ပါ။ ငရုတ်သီးအနီကတော့ အပေါ်ကနေ အလှဆင်တဲ့အခါပဲ အသုံးပြုပါတယ်)
- နံနံပင် လက်တစ်ဆုပ်စာ
- ကြက်သွန်ဖြူ အကြီး ၁ မွှာ
- ထန်းလျက်အခဲ ၃ ခဲ
- သကြား ၂ ဇွန်း
- ဆား ၁ ဇွန်း
- သံပုရာရည် ၄ ဇွန်း
- ငံပြာရည် ၃ ဇွန်း
ပြုလုပ်နည်း
အရင်ဆုံး ဆုံထဲ ငရုတ်သီးကို ထောင်းပါ။ ထောင်းပြီးရင် နံနံပင် ထောင်းပါ။ ကြက်သွန်ဖြူ ထောင်းပါ။ ထောင်းသမျှဟာတွေ သမအောင် မွှေပေးပါ။ ထောင်းတဲ့အခါလည်း ကြေညက်အောင်ထောင်းပါ။
ထောင်းထားတာတွေလည်း ကြေညက်သွားပြီး အကုန်လုံးလည်း သမသွားပြီဆိုရင် ထန်းလျက်ကို ထောင်းပါ။ ထန်းလျက်ထောင်းပြီး သကြား ၊ ဆား ၊ ငံပြာရည်၊ သံပုရာရည် ထည့်ပြီး အချဉ်ရည် သမသွားအောင် ရောပေးပါ။ တစ်အားပျစ်နေရင် ရေ ၃ ဇွန်းလောက် ထည့်ပေးပါ။
ပီဇာဆော့စ် ( Sauce for pizza )
ခရမ်းချဉ်သီးကို ခြမ်းပြီး အိနပ်နေအောင် ပြုတ်ထားပါ။ ကြက်သွန်ဖြူနဲ့ အနီကို ပါးပါးလှီးပြီး ထောပတ်နဲ့ ဆီသတ်ပါ။ Basil leaves / Oregano / Thyme / Dill / Rosemary / Bay leaves စတဲ့ အနောက်တိုင်း ဟင်းခပ် အရွက်နဲ့ အမွှေးအကြိုင်တွေ ထည့်ပါ ( Ocean မှာရှိပါတယ်)။
အနံ့မွှေးလာရင် ပြုတ်ထားတဲ့ ခရမ်းချဉ်သီးတွေကို (ရေမပါဘဲ) ထည့်မွှေချေပါ။ လုံ၀ ကြေသွားပြီဆိုရင် ဆန်ခါနဲ့ စစ်ပါ။ ရလာတဲ့ အနှစ်တွေကို ဒယ်မှာ ပြန်ထည့်ပြီး ဆား / သံပုရာရည် (လိုအပ်ရင်) / သကြား / ငရုတ်ကောင်းမှုန့် ထည့်မွှေပါ။
တချို့ကတော့ Apple Juice (သို့) Apple Cider Vinegar တွေ ထည့်ကြပါတယ်။ မီးအေးအေးနဲ့ ၄၅ မိနစ် ၁ နာရီအထိ ပျစ်လာအောင် မွှေပေးပါ။ (တကယ်တမ်း ကြာချိန်က ၄ နာရီလောက်ထိ နှပ်ထားရပါတယ်)
ဒါမှသာ အနှစ်အရသာ ပြည့်စုံလာပါတယ်။ အအေးခံပြီး ဗူးသန့်သန့်နဲ့ လေလုံအောင် ပိတ်ထားပါ။ အအေးခန်း (14'C ) မှာ ထားပါက အနည်းဆုံး လချီပြီး အထားခံပါတယ်။ ရေခဲခန်း (-18'C) မှာ ထားရင် နှစ်ချီ အထားခံပါတယ်။ ( လိုတဲ့အခါ အခန်းအပူချိန်အတိုင်း အရေဖျော်ပြီး ပြန်နွှေးသုံးပါ)
အီတလီခေါက်ဆွဲ Spaghetti ကို ပြုတ်ထားပြီး ဒီ Sauce ထဲမှာ ပုဇွန် / ကမာ / ပြည်ကြီးငါး / ဂုန်း စတာတွေပြုတ်ထည့်ပါက "Spaghetti Seafood Mariana " ဖြစ်သွားပါတယ်။ ကြက်/ဝက် (ကြိတ်သား) တွေ ထည့်ပါက " Spaghetti Bolonise " ဖြစ်သွားပါတယ်။
ပင်လယ်စာ ဆော့စ်
ပင်လယ်စာတွေနဲ့ တွဲစားလို့ရတဲ့ ဆောစ့်လုပ်နည်းကို အလွယ်ကူဆုံးနဲ့ အိမ်မှာ လုပ်စားနိုင်ပါပြီ။
ပြုလုပ်ပုံ
ငရုတ်သီးစိမ်း အစိမ်းရောင် အတောင့်ကိုပဲအသုံးပြုပါ။ ပထမဆုံး ငရုတ်သီးစိမ်းတွေကို အိလာအောင်အရင်ပြုတ်ပြီး ဆုံထဲမှာ ညက်နေအောင် ထောင်းပါ။ မန်ကျည်းမှည့်ရည်ကို ပျစ်ပျစ်မဖျော်ဘဲ ခပ်ကျဲကျဲအနေထားတိုင်း ဖျော်ထားပြီး ဆား၊ သကြား၊ အရသာမှုန့် အနည်းငယ် ထည့်ပြီး ရောသမမွှေပေးရင် ရပါပြီ။
ငရုတ်သီးမရောနိစ်ဆော့စ်
ငါးအသားပြားကြော်၊ အာလူးကြော်နဲ့ တခြားအသားလုံးကြော်တို့နဲ့ တို့စားရင် လိုက်ဖက်မယ့် ငရုတ်ဆော့စ်ကောင်းကောင်းတစ်ခွက်ကို ပါဝင်ပစ္စည်းလေးမျိုးထဲနဲ့ အလွယ်တကူ လုပ်နိုင်ပါတယ်။
ပါဝင်ပစ္စည်း
မရောနိစ် စားပွဲတင်ဇွန်း ၄ ဇွန်း
ရယ်ဒီမိတ် ကိုရီးယားငရုတ်သီးအနှစ် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
သံပုရာရည် လက်ဖက်ရည်ဇွန်း တစ်ဝက်
ဆားနဲ့ ငရုတ်ကောင်းမှုန့် အနည်းငယ်
ပြုလုပ်ပုံ
ပန်းကန်တစ်လုံးထဲတွင် မရောနီစ် / ငရုတ်သီးအနှစ် / သံပုရာရည် / ဆားနဲ့ ငရုတ်ကောင်းမှုန့် အနည်းငယ်တို့ ထည့်ကာ လိမ္မော်ရောင်ပြောင်းသွားတဲ့အထိ ရောသမအောင် မွှေပေးလိုက်ရင် ရပါပြီ။
#Credit