Best Cuisine

New Year ကိုအိမ်မှာနေပြီး အကင်လုပ်စားချင်သူတွေအတွက် အကင်ပြုလုပ်နည်း

December 26, 2022

မကြာခင် နှစ်သစ်လည်းရောက်တော့မှာဆိုတော့ ဆောင်းရာသီလေးနဲ့လည်း တကယ်ကိုလိုက်ဖက်တဲ့ စားချင်စဖွယ် အကင်ပြုလုပ်နည်းလေးကို ပြောပြပေးမှာဖြစ်ပါတယ်။

၀က်သားဆလပ်၊ အမဲသားဆလပ်၊ ကြက်သားဆလပ် အကင် (BBQ)
ပထမဆုံးပြောပြပေးမယ့် အကင်လုပ်နည်းလေးကတော့ ကိုရီးယားအစားအစာလည်းဖြစ် မြန်မာနိုင်ငံသားတွေရဲ့အကြိုက်နဲ့လည်း ခံတွင်းတွေ့စေတဲ့ ၀က်သားဆလပ်၊ အမဲသားဆလပ်၊ ကြက်သားဆလပ် ပြုလုပ်နည်းလေးပဲဖြစ်ပါတယ်။ ဆိုင်တွေမှာဆိုရင်တော့ ဆလပ်ရွက်နဲ့ အသားကို ထုပ်စားရပါတယ်။

၀က်သားဆလပ်၊ အမဲသားဆလပ်၊ ကြက်သားဆလပ် ထဲမှာပါဝင်တဲ့ ပစ္စည်းတွေကတော့ -
-  ကြိုက်နှစ်သက်ရာအသား - ၁ပေါင် (၂၅ ကျပ်သား) (အမဲသားဆိုပိုအရသာရှိပါတယ်)
- ပဲငံပြာရည်အကြည် -ထမင်းစားဇွန်း ၃ ဇွန်း (အငံကြိုက်ရင် ၄ဇွန်း)
- သကြားအညို - ထမင်းစားဇွန်း ၂ ဇွန်း (သကြားအညိုမရှိရင် အဖြူထည့်လို့လဲရပါတယ် အရောင်လှအောင် အညိုကိုထည့်တာပါ)
- နှမ်းဆီ- ထမင်းစားဇွန်း ၁ ဇွန်းခွဲ
- လှော်ပြီးသားနှမ်း - ထမင်းစားဇွန်း ၂ ဇွန်း
- ကြက်သွန်ဖြူ - ၃တက် (တောက်တောက်ဆင်း)
- ကြက်သွန်မြိတ် - ၃ပင် (သေးသေးလေးတွေလှီးထားပါ။)
- ကြက်သွန်နီ -သေးလျှင် ၁လုံး ကြီးလျှင် ၁ ခြမ်း (ပါးပါးလှီးထားပါ။)
- ခါချက်ဥ(မုန်လာဥနီ)- ၁ ဥကို (ရှည်ရှည်ပါးပါးလေးတွေလှီးထားပါ။)
- ငရုတ်ကောင်း- အနည်းငယ် တို့ပဲဖြစ်ပါတယ်။

ပြုလုပ်ပုံ အဆင့်ဆင့်
ပထမဆုံး မကပ်တဲ့ဒယ်အိုးပေါ်မှာ တစ်လွှာချင်းကင်ရမှာဖြစ်ပါတယ်။ အသားကို ပါးနိုင်သမျှ ပါးပါးလှီးပါ။ တချို့ဆိုင်တွေက အဲဒီပါးပါးလေးတွေကို သေးသေးတွေဖြစ်အောင် ပြန်လုပ်ကြပါတယ်။ ကိုယ်ကြိုက်နှစ်သလိုအရွယ်အစားအလိုက် လုပ်နိုင်ပါတယ်။ ပါးပါးလေးတွေ အရင်လှီးပါ။ လှော်ပြီးသား နှမ်း ၁ ဇွန်းကို ချန်ပြီး ကျန်တဲ့ ပါဝင်ပစ္စည်းတွေ အကုန်လုံးနဲ့ အသားကိုနှပ်ထားပါ။ အနည်းဆုံး ၃ နာရီနှပ်ထားပါ။ တစ်ညသိပ်နှပ်ထားရင် ပိုစားကောင်းပါတယ်။ မကပ်တဲ့ဒယ်အိုးပေါ်မှာ အသားကို တစ်လွှာပဲဖြစ်အောင်တင်ပါ။ အိုးကို အပူပေးပြီး ဆီကိုန အိုးမကပ်ရုံလောက်နည်းနည်းပဲထည့်ပါ။ အသားကို တစ်လွှာဆီ တင်ပါ။ ကြက်သွန်နီနဲ့ ခါချက်ဥ(မုန်လာဥနီ) မပါအောင် အသားကို အရင်လုပ်ပါ။ အသားကို တစ်ဖက် ၂ မိနစ်ဆီလောက်ပဲ ကင်ပါ။ အရမ်းကင်ရင် အသားကစားမကောင်းပါဘူး။ တစ်ခါကင်ပြီးတိုင်း အိုးမှာ ကပ်နေတဲ့အမည်းတွေကို ယောင်းမနဲ့ခြစ်ချပြီး ရေဆေးပါ။ ပြီးရင် မီးဖိုပေါ်ပြန်တင်ပြီး အိုးပူရင် ဆီနည်းနည်းထည့်ပြီး နောက်တခေါက်ကင်ပါ။ နောက်ဆုံးအသားနည်းနည်းနဲ့ ကြက်သွန်၊ ခါချက်ဥ(မုန်လာဥနီ) ကျန်ပါလိမ့်မည်။ အဲတာတွေကို တခါတည်း အားလုံး ကင်လိုက်ပါ။ ပန်းကန်ပေါ်ကို ပြင်တဲ့အခါမှာ ကင်ထားတဲ့ကြက်သွန်နီ၊ ခါချက်ဥ (မုန်လာဥနီ) ကို အောက်ဆုံးကထားပါ။ သူတို့ရဲ့အနံတွေက အပေါ်က အသားဆီကို ရောက်သွားပြီး ပိုမွှေးပါလိမ့်မယ်။ ပြီးမှ အသားတွေကို အပေါ်ကတင်ပါ။ ပြီးရင် ချန်ထားတဲ့လှော်ထားတဲ့နှမ်း ထမင်းစားဇွန်းတဇွန်းကို အပေါ်ကနေ အလှဆင်ပါ။ ပြီးရင် ဆလပ်ရွက်နဲ့တွဲစားလို့ရပါပြီဖြစ်ပါတယ်။(ကြက်သွန်နီ နှင့် ခါချက်ဥ(မုန်လာဥနီ)ကို မကြိုက်ရင် မထည့်လဲရပါတယ်။ တချို့ဆိုင်တွေက မထည့်ပါဘူး ။ သူတို့ကိုကင်ရင် ထွက်လာတဲ့အနံ ကပိုမွှေးလို့သူတို့ကိုထည့်ရင်ပို ကောင်းပါတယ်။)

 

ငါးကင်
နောက်ထပ်ပြောပြပေးမှာကတော့ ငါးကင်ပြုလုပ်နည်းပဲဖြစ်ပါတယ်။ ငါးကင်ပြုလုပ်တဲ့အခါ ပါဝင်ပစ္စည်းတွေကတော့ -
- စလားဗီးယား ငါး (သို့) ကြိုက်နှစ်သက်ရာ ငါး - ၁ ကောင်
- ဆား - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ (သို့) အနည်းငယ် (ငါးအကောင် အကြီးအသေးပေါ်မူတည်ပါတယ်)
- ဂျင်း - လက်တစ်ဆစ်
- ကြက်သွန်ဖြူ - ၂ မွှာ
- နံနံပင် - ၁၀ ပင်
- ရှမ်းနံနံ - ၁၀ ပင်
- ငရုတ်သီးစိမ်း - ၅ တောင့်
- ငရုတ်သီးဆီချက် (တရုတ်မပုံ ပုလင်း) (မရှိလျှင် ငရုတ်သီးအကြမ်းမှုန့်နှင့် တရုတ်မဆလာကို ဆီသပ်ထားပါ။)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml) တို့ပဲဖြစ်ပါတယ်။

ပြုလုပ်ပုံး အဆင့်ဆင့်
ငါးကို သန့်စင်ပြီး တဖက်တချက်ဆီကို မွှန်းထားပါ။ ဂျင်း နှင့် ကြက်သွန်ဖြူကို ညက်အောင်ထောင်းထားပါ။
ဂျင်းနှင့် ကြက်သွန်ဖြူမှထွက်တဲ့ အရည်ကို ငါးပေါ်သို့အနှံ့သုတ်ပေးပါ။ ငါးဗိုက်သားထဲကိုပါသုတ်ပေးပါ။ ထို့နောက် ဆားဖြင့်ငါးကိုနယ်ထားပါ။ အရည်ညှစ်ထားသော ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ရှမ်းနံနံ၊ နံနံပင် တို့ကို ထောင်းပါ။ ထောင်းထားသောအစာပလာများကို ငါးရဲ့ဗိုက်သားထဲကို အစာသွပ်ပါ။ ငရုတ်သီးဆီချက်ကို ငါးရဲ့မျက်နှာပြင် ၂ ဖက်လုံးကို စုတ်တံ ဖြင့်သုတ်ထားပါ။ အခုဆိုရင် ငါးကင်စတင်ပြုလုပ်လို့ရပြီဖြစ်ပါတယ်။ ကင်နေစဉ်မှာ ငါးရဲ့မျက်နှာပြင်ကို ငရုတ်သီးဆီချက်ဖြင့် သုတ်ပေးပါ။ (အစပ်ကြိုက်လျှင် ငရုတ်သီးအဖတ်တွေပါ သုပ်ပါ။) ငါးကင်ကင်မည့် သံပြားကိုလဲဆီသုတ်ပါ။ ငါးအရေခွံများ ကပ်မသွားအောင်လို့ပါ။ ငါးအသားကကြတ်ပြီးအနံ့လေးမွှေးလာပြီဆိုရင်တော့ စားလို့ အဆင်သင့်ဖြစ်နေပြီဖြစ်တဲ့ ငါးကင်မွှေးမွှေးလေးကို သုံးဆောင်လို့ရပြီဖြစ်ပါတယ်။


The Myanmar Restaurant Guide
 


Read 680 times.