Easy Recipes

ကိုရီးယား အစားအစာတွေကို အလွယ်ကူဆုံးနည်းနဲ့ ချက်စားကြမယ်

December 15, 2020

၂၁ရာစု အစပိုင်းလောက်ကတည်းက ဇာတ်လမ်းတွဲတွေနဲ့  ထိုးဖောက်လာတဲ့  ကိုရီးယားနိုင်ငံရဲ့ ယဉ်ကျေးမှု အယူအဆနဲ့ အစားအစာတွေက ကျွန်တော်တို့ရဲ့  ယဉ်ကျေးမှု၊ အနုပညာ၊ အစားအသောက်၊ နေထိုင်မှု စတဲ့ ကဏ္ဍအသီးသီးကို တဖြည်းဖြည်း နေရာယူလာကြပါတယ်။ နောက်ပိုင်းမှာ ကိုရီးယား အစားအစာ အတွက် သီးသန့် စားသောက်ဆိုင်တွေတောင် ဖွင့်ပြီး အောင်မြင်လာကြပါတယ်။

ချဉ်၊ ငန်၊ စပ် ကြိုက်တဲ့ မြန်မာခံတွင်းနဲ့ လိုက်ဖက်တဲ့ ကိုရီးယား အစားအစာတွေက လူကြိုက်များတာ အထူးအဆန်းတစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် တကူးတက သွားစားနေရတာကတော့ နည်းနည်း စားရိတ်စားခ များတယ်လို့ ခံစားရပါတယ်။ လူတိုင်းကြိုက်တဲ့ ဒီလို ကိုရီးယား အစားအစာတွေကို အိမ်နေရင်းပဲ ဖြစ်ဖြစ်၊ ပိတ်ရက်မှာ စားချင်လို့ပဲ ဖြစ်ဖြစ်၊ မိသားစု /သူငယ်ချင်းတွေနဲ့ ဆုံလို့ပဲ ဖြစ်ဖြစ် လွယ်ကူတဲ့ ချက်နည်းတွေနဲ့ မချက်တတ်ချင်ဘူးလား?

ယောက္ခမ/ယောက္ခထီးမြေက အစားအစာတွေကို ချက်တတ်တာက အိပ်မက်ထဲက Idolနဲ့ နီးစပ်ဖို့ ခြေလှမ်းတစ်ခုပဲနော်။ ဒါ့ကြောင့် အခုပြောပြပေးသွားမယ့် ကိုရီးယား အစားအစာချက်နည်းတွေကတော့ - Sundubu-jjigae၊ ကိုရီးယား ပင်လယ်စာခေါက်ဆွဲပြုတ်၊ ကင်မ်ချီ ဟင်းရည်၊ ကိုရီးယားကြက်ကြော်နှင့် ပင်လယ်စာ ကင်ချီဟင်းရည်တို့ပဲ ဖြစ်ပါတယ်။

Sundubu-jjigae

Image may contain: food

K food Loverလေးတွေ အတွက် မြန်မာလိုဆိုရင် (တို့ဟူးစတူး)၊ ကိုရီးယားလိုဆိုရင် (Sundubu-jjigae) ချက်နည်းကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ Sundubu-jjigae ကိုအသား၊ ပင်လယ်စာတို့နဲ့ ချက်နိုင်သလို သက်သတ်လွတ်လည်း ချက်လို့ရပါတယ်။

လိုအပ်တဲ့ ပစ္စည်း -

 Korean soft tofu (sundubu) – 350 g (ရိုးရိုးရယ်ဒီမိတ် တို့ဟူးအဖြူအစိမ်းကိုအသုံးပြုလို့လည်းရပါတယ်)
 ဂုံး - 110g
ပုစွန် - အနည်းငယ်
အပ်မှို၊ ရှီတာကီမှို၊ ကောက်ရိုးမှို - စတဲ့ကိုယ်နှစ်သက်ရာမှို နှစ်မျိုးသုံးမျိူး အနည်းငယ်စီ
ကြက်သွန်မြိတ် - တစ်ချောင်း
ကြက်ဥ - တစ်လုံး
ကိုရီးယားငရုတ်သီးမှုန့်(gochugaru) – 1 tsp (အစပ်ကြိုက်ရင်နည်းနည်းပိုထည့်ပါ)
ကြက်သွန်ဖြူ - တစ်မွှာ (နုပ်နုပ်စင်းထားပါ)
ပဲငံပြာရည် - 1 tsp
ငရုတ်ကောင်းမှုန့် - အနည်းငယ်
ဆား - အနည်းငယ်
ဆီ - အနည်းငယ်

ချက်ပြုတ်နည်း -

• အရင်ဆုံး အိုးထဲမှာ ဆီထည့်ပြီး ငရုတ်သီး၊ ကြက်သွန်ဖြူနဲ့ ပဲငံပြာရည်ထည့်ပြီး အနံ့လေးမွှေးလာတဲ့အထိ တစ်မိနစ်လောက်ဆီသတ်ပေးရပါမယ်နော်။ ဆီသတ်ပြီးရင် ဂုံးနဲ့ ပုစွန်ကိုထည့်ပြီး ငရုတ်သီးဆီသပ်နဲ့ သမအောင်နယ်ပေးရပါမယ်။
• အပြင်အသားလေးတွေတင်းသွားရင်တော့ ရေ ဒါမှမဟုတ် dried kelp and anchovy stock ထည့်ပေးရပါမယ်။ dried kelp and anchovy stock ဝယ်ရခက်ရင် ရေထည့်ရင်လည်းရပါတယ်။
• ပင်လယ်စာအစား ကိုယ်နှစ်သက်ရာအသားတစ်မျိုးမျိုးကို အသားတုံးလေးတွေလှီးပြီးထည့်လို့လည်းရပါတယ်။ ပင်လယ်စာဆိုရင်တော့ ရေထည့်ပြီး နှစ်မိနစ်လောက်ဆိုတာနဲ့ တို့ဟူးထပ်ထည့်လို့ရပါပြီ။ အသားဆိုရင်တော့ ၅ မိနစ်လောက်ထားဖို့လိုပါတယ်။
• ပင်လယ်စာထည့်ပြီးနှစ်မိနစ်လောက်နေလို့ အရည်ပွက်ပွက်ဆူလာပြီဆိုရင် မှိုတွေနဲ့ တို့ဟူးကိုထည့်ပြီး (၁ - ၂ )မိနစ်လောက်
ထားပေးပါ။
• မီးဖိုပေါ်ကချကာနီးမှ ကြက်ဥတစ်လုံးဖောက်ချလိုက်ရုံပါပဲ။ နောက်ဆုံးမှာ ငရုတ်ကောင်းမှုန့်နဲ့ နှမ်းဆီမွှေးလေးနည်းနည်းထည့်ပြီး ကြက်သွန်မြိတ်ပါးပါးလေးညှပ်ထည့်ရုံပါပဲ။
(ဒီအဆင့်မှာ ကြက်ဥနဲ့ ကြက်သွန်မြိတ်မကြိုက်ဘူးဆို မထည့်လို့ရပါတယ်)

သက်သတ်လွတ်ချက်လိုတယ်ဆိုရင်တော့ ပင်လယ်စာနေရာမှာ အသီးရွက်အနည်းငယ်ထည့်ပြီး သက်သတ်လွတ်ငံပြာရည်ကိုအသုံးပြုနိုင်ပါတယ်။

ကိုရီးယားမှာတော့ ထမင်းဖြူနဲ့ အခြားပေါ့ပေါ့ပါးပါးအရံဟင်းတွေနဲ့ စားသုံးကြပြီး လူကြိုက်များတဲ့ ရိုးရာအစားအစာတစ်ခုဖြစ်ပါတယ်။

ကိုရီးယား ပင်လယ်စာခေါက်ဆွဲပြုတ် (JJAMPPONG)

Image may contain: food

ပူပူစပ်စပ်လေးနဲ့ ခံတွင်းမြိန်စေတဲ့ ပင်လယ်စာခေါက်ဆွဲပြုတ် လုပ်နည်းလေးပါ။

လိုအပ်သော ပစ္စည်း - 

  • ဂျုံခေါက်ဆွဲအဖြူ (promart ဆိုင်မှာ ရနိုင်ပါတယ်) ဒါမှမဟုတ် စပါဂတီခေါက်ဆွဲ
  • ပုစွန်
  • ပြည်ကြီးငါး
  • ဂုံးကောင် ၊ ကြာယပ်ခုံး
  • cooking oil - စားပွဲတင်ဇွန်း (၂)ဇွန်း
  • ကြက်သွန်ဖြူ - (၃)မွှာ နုတ်နုတ်စင်းထားပါ
  • ကြက်သွန်နီ - အသေးတစ်လုံး (ပါးပါးလှီးပါ)
  • မုန်ညင်းထုပ်
  • တရုတ်မုန်ညင်း (Bok Choy)
  • gochujang (Korean Chili Paste) - စားပွဲတင်ဇွန်း (၄)ဇွန်း
  • gochugaru (Korean chili powder) - စားပွဲတင်ဇွန်း (၁)ဇွန်း
  • ကြက်ပြုတ်ရည် (သို့)ကြက်ရိုးပြုတ်ရည် - (၄)ခွက်
  • ပဲငံပြာရည် - - စားပွဲတင်ဇွန်း (၂)ဇွန်း
  • ဆား - အနည်းငယ်
  • ကြက်သွန်မြိတ် - (၂)ပင်

ချက်ပြုတ်နည်း -

(၁) ခေါက်ဆွဲကို package တွင်ပြထားတဲ့အတိုင်းပြင်ဆင်ချက်ပြုတ်ထားပါ။
(၂) ဆီပူပူမှာ ကြက်သွန်ဖြူ၊ ကြက်သွန်နီထည့်ပြီး အနံ့မွှေးလာတဲ့အထိ မွှေပေးပါ။ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီ ရွှေညိုရောင်သန်းသွားပြီဆို ပင်လယ်စာတွေထည့်ပြီး ကိုရီးယားငရုတ်သီးမှုန့်နဲ့ ငရုတ်သီးအနှစ်ထည့်ပါ။ အစပ်ကြိုက်ရင်ငရုတ်သီးမှုန့်ပိုထည့်ပါ။ ပြီးရင်အားလုံးသမသွားအောင်မွှေပေးပါ။ ပင်လယ်စာတွေရဲ့ အနံ့မွှေးလာပြီဆိုရင် ကြက်ပြုတ်ရည်ထည့်ပါ။ (ပင်လယ်စာမှာ ရေဘဝဲ၊ ဂဏန်း ကိုယ်နှစ်သက်သလိုထည့်လို့ရပါတယ်)
(၃) ပြီးရင် ဆားနဲ့ ပဲငံပြာရည်ထည့်ပြီး ဂျုံခေါက်ဆွဲထည့်ပြီး မိနစ်(၃၀)လောက်ချက်ပါ။ ချကာနီး မုန်ညင်းတွေထည့်ပြီး အပေါ်က ကြက်သွန်မြိတ်ပါးပါးလှီးထည့်လိုက်ပါ။ ခေါက်ဆွဲက စပါကတီခေါက်ဆွဲဆိုရင်တော့ (၁၀)မိနစ်လောက်ချက်ရုံပါပဲနော်။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကိုရီးယားပင်လယ်စာခေါက်ဆွဲပြုတ်ပူပူလေး ရပါပြီ။

ကင်မ်ချီ ဟင်းရည်

Image may contain: food

လူကြိုက်များတဲ့ ချဉ်၊ ငန်၊ စပ် (ကင်မ်ချီ ဟင်းရည်) ကို အလွယ်ကူဆုံးနဲ့ ချက်စားကြမယ်။

အရင်ဆုံး ဆီနည်းနည်းလေးကို ကြက်သွန်ဖြူနဲ့ ဆီမွှေးသပ် ရပါမယ်။ မွှေးလာရင် ကြက်သား လှီးထားတာထည့်ပါ။ ရေနွေးလောင်ပြီးဆူလာရင် ကိုရီးယား ငရုတ်ဆီ တစ်ဇွန်း၊ ကင်မ်ချီ၊ အရသာမှုန့်၊ ပဲပြား ထည့်ပြီး ဟင်းရည်ကျအောင် ခဏထားပါ။

အရသာ မြည်းပြီး လိုအပ်တဲ့ ပါဝင်ပစ္စည်းကို ထည့်ပါ။ ငံပြာရည်လိုရင် ငံပြာရည် ဖြစ်ဖြစ်ပေါ့။ ပန်းငရုတ်ပွလေး အုပ်ရင်တော့ တော်တော်မွှေးပါတယ်။ အရသာအနေတော်ဆို ကြက်သွန်မြိတ်နဲ့ နှမ်းဆီမွှေးအုပ်ပါ။ နောက်ဆုံးမှာ ကြက်ဥတစ်လုံး ဖောက်ထည့်ပြီး သုံးဆောင်လို့ရပါပြီ။

ဟင်းရည် ပူပူနွေးနွေးလေးကို ကင်မ်ချီဖတ်လေး ကြွပ်ကြွပ်လေး ဖြစ်နေတာနဲ့ဆို တော်တော် စားလို့ကောင်းပါတယ်။

ကိုရီးယားကြက်ကြော် 

Image may contain: food

Homemade Korea Chicken Fried လေးကို ပြောပြပေးချင်ပါတယ်။ တကယ်အရသာရှိပြီး လွယ်ကူမြန်ဆန်တာကြောင့် တစ်ခါလောက်တော့ လုပ်စားကြည့်ဖို့ recommend ပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ-

  • (ကြက်သားကြော်ရန်)
  • ကြက်သား - (၁၅) ကျပ်သား
  • ကြက်ဥ - (၁) လုံး
  • ပြောင်းကော်မှုန့် (သို့) အာလူးကော်မှုန့် - (၂) ဇွန်း
  • ငရုတ်ကောင်းမှုန့် - အနည်းငယ်
  • ကြက်သွန်ဖြူ - အနည်းငယ်
  • (အချဉ်ပြုလုပ်ရန်)
  • ပဲငံပြာရည်အကြည် - (၂) ဇွန်း
  • ပဲငံပြာရည်အနောက် - ဇွန်းတစ်ဝက်
  • ခရမ်းချဉ်သီးဆော့စ် (tomato ketchup) – (၁) ဇွန်း
  • ငရုတ်သီးဖတ်ဆော့စ်အချို (Sweet Chili sauce) - (၁) ဇွန်း
  • ငရုတ်သီးအကြမ်းမှုန့် - ဇွန်းတစ်ဝက် (အစပ်ကြိုက်ရင်ပိုထည့်ပါ)

ပြုလုပ်နည်း-

ကြက်ကြော်ဖို့ ကြက်သားကို အတုံးခပ်သေးသေးအနေတော်လေးတွေ တုံးပြီး ပါဝင်ပစ္စည်းတွေအကုန်လုံးကို ရောနယ်လိုက်ပါ။ ဆီပူပူမှာ အရောင်ရဲတဲ့အထိ ဆီမြုပ်အောင် ကြော်လိုက်ပြီး ဆယ်ထားပါ။ နည်းနည်းအအေးခံထားပြီး အတွင်းထဲထိ သေချာကျက်ဖို့ နောက်ထပ် (၃) မိနစ်လောက်ထပ်ကြော်ရမယ်နော်။

ဆော့စ်စပ်ဖို့ကတော့ ဒယ်အိုးထဲမှာ ဆီအနည်းငယ်ထည့်ပြီး ဆော့စ်စပ်ဖို့ ပါဝင်ပစ္စည်းအားလုံးကို ထည့်ကာ ဆော့စ်အနေအထားပုံစံ ပျစ်ပျစ်လေးရောက်တဲ့အထိ မွှေပေးပါ။ ပြီးရင်တော့ ကြော်ပြီးသားကြက်ကြော်ထည့်မွှေပြီး ဒယ်အိုးထဲက ချကာ စားသုံးနိုင်ပါပြီ။ ကြိုက်တတ်ရင်တော့ နှမ်းနဲ့ ကြက်သွန်မြိတ်လေးတွေ အပေါ်ကနေ ဖြူးလို့ရပါသေးတယ်။

ကြက်ကြော်မထည့်ခင် ဆော့စ်အရသာကိုတော့ အရင်မြည်းပြီး ဆား၊အချို လိုသလိုအနည်းငယ်ထည့်ထပ်လို့ရပါတယ်။ ဒီအချိုးအစားလေးက နှစ်ယောက်/သုံးယောက်စာ ပဲဖြစ်လို့ လူများရင်များသလို အချိုးအစားအလိုက် ပိုထည့်သွားရုံပါပဲ။ လွယ်လည်းလွယ်သလို ချိုချိုစပ်စပ်နဲ့ အရသာလည်းအရမ်းရှိပါတယ်နော်။

ပင်လယ်စာ ကင်ချီဟင်းရည်

Image may contain: food

ချဉ်၊ ငန်၊ စပ် လေးကို ပူပူနွေးနွေးလေး သောက်ချင်တဲ့ သူတွေ အတွက် ပင်လယ်စာ ကင်ချီဟင်းရည် ချက်နည်းလေး ဖြစ်ပါတယ်။

လိုအပ်သော ပါဝင် ပစ္စည်း -

  • ကြက်ပြုတ်ရည် (သို့) ဝက်ပြုတ်ရည် – 9 cups (2250 ml)
  • ကင်ချီ အဖတ် နှင့် အရည်- 2 cups (500 ml)
  • ကိုးရီးယား ငရုတ်သီးမှုန့် hot pepper powder (သို့) ကိုးရီးယား ငရုတ်သီးအနှစ် hot pepper paste – ထမင်းစားဇွန်း ၁ ဇွန်း
  • ငါးငံပြာရည် – ထမင်းစားဇွန်း ၆ ဇွန်းခန့်
  • chicken powder – လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်
  • ကြိုက်နှစ်သက်ရာ ပင်လယ်စာ – ထမင်းစားပန်းကန်ပြား တစ်ချပ်စာခန့်
  • ငုံးဥပြုတ် – ၁ ဗူး (အလုံး ၂၀ ခန့်)
  • ၁ နာရီခန့် ရေစိမ်ပြီး ရေစစ်ကာ လှီးထားသော ကြွက်နားရွက်မှို – 1 cup (250 ml) ခန့်
  • ရေဆေး အမြစ်ဖြတ်ထားသော ပင်အပ်မှို (Enoki Mushroom) – 400 g
  • ကြိုက်နှစ်သက်သလို လှီးထားသော တိုဟူး အတုံးကြီး – ၁ တုံး (275 g)
  • ၁ လက်မအရှည်ခန့် ခပ်စောင်းစောင်း လှီးထားသော ကြက်သွန်ပင် – 1/2 cup (125 ml) ခန့်
  • လှီးထားသော ငရုတ်သီးစိမ်း – လိုအပ်လျှင် ထည့်ပါ။

ချက်ပြုတ်နည်း -

ပွက်ပွက်ဆူနေသော ကြက်ပြုတ်ရည် (သို့) ဝက်ပြုတ်ရည် ထဲ ကင်ချီ အဖတ်၊ အရည် နှင့် hot pepper powder (or) paste ကို ထည့်ပါ။ ပြန်ဆူလာလျှင် ပင်လယ်စာများ၊ ငုံးဥ၊ ငါးငံပြာရည် နှင့် chicken powder တို့ကို ထည့်ကာ အနည်းငယ်မွှေပြီး တည်ထားပါ။

ထပ်ပြီးပြန်ဆူလာသည်နှင့် ကြွက်နားရွက်မှို၊ ပင်အပ်မှို နှင့် တိုဟူးတို့ကို ထည့်ပြီး ၃-၄ ခါမွှေကာ ဆက်တည်ထားပါ။ နောက်တစ်ခါ ထပ်ဆူလာပါက ကြက်သွန်ပင် နှင့် ငရုတ်သီးစိမ်းထည့်ကာ အထက်အောက်လှန်မွှေပေးပြီး ဟင်းရည်အိုးကို မီးဖိုမှ ချကာ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

By The Myanmar Restaurant Guide

Credit Original Photo

Credit 


Read 1513 times.