Best Cuisine

ကမ္ဘာ့အရသာအရှိဆုံး ခေါက်ဆွဲ(၁၀)မျိုးထဲတွင် နန်းကြီးသုပ်ပါ၀င်

December 10, 2020

နိုင်ငံတကာက အရသာရှိပြီး နာမည်ကြီးတဲ့ ခေါက်ဆွဲတွေထဲမှာ မြန်မာ့ခေါက်ဆွဲ တစ်မျိုးဖြစ်တဲ့ နန်းကြီးသုပ် ပါ၀င်တယ်ဆိုတာ သင်တို့သိပါသလား?

နန်းကြီးသုပ်ဆိုရင် မြန်မာလူမျိုး  အများစုက ကြိုက်နှစ်သက်ကြသလို နိုင်ငံတကာက ခရီးသွားတွေကလည်း ကြိုက်နှစ်သက်စွာ စားသုံးလေ့ရှိကြပါတယ်။အခုလို ကမ္ဘာကြီးက နေမကောင်းသေးတဲ့ အချိန်မှာ ဘယ်ခရီးမှ မသွားရသေးတဲ့အတွက် ခရီးသွားလို့ရတဲ့ အချိန်ကျရင် ကမ္ဘာအနှံ့ပတ်ပြီး ခေါက်ဆွဲပတ်စားမယ့် သူတွေအတွက် ကမ္ဘာ့အရသာရှိဆုံး ခေါက်ဆွဲ(၁၀)မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

(၁)Nan Gyi Thoke - Myanmar 

မြန်မာနိုင်ငံက လူမျိုးတွေရော ၊ နိုင်ငံတကာက လူမျိုးတွေပါ ကြိုက်နှစ်သက်ကြတဲ့ နန်းကြီးခေါက်ဆွဲကို ကြက်သားဆီချက်၊ ပဲမှုန့်မွှေးမွှေးလေးတွေနဲ့  သုပ်ထားတာ ဖြစ်ပြီးတော့ ငါးဖယ်၊ ကြက်ဥပြုတ်၊ အကြော်စတာတွေနဲ့ တွဲဖက်စားသုံးလေ့ ရှိကြပါတယ်။ နန်းကြီးသုပ်ကိုတော့ မြန်မာလူမျိုးတွေက မနက်စာ၊ နေ့လည်စာ အဆာပြေအပြင် အလှူတွေမှာလည်း ကျွေးမွေးလေ့ရှိကြပါတယ်။

(၂)Pad Thai - Thai

ထိုင်းနိုင်ငံရဲ့ ရိုးရာအစားအစာ တစ်ခုဖြစ်တဲ့  Pad Thai ကိုတော့ မြန်မာတွေအနေနဲ့  ဆန်ပြားကြော်(သို့) ကတ်ကြေးကိုက် လို့ခေါ်လေ့ရှိကြပါတယ်။မွှေကြော်ထားတဲ့ ကြက်ဥကြော်ရဲ့အရသာရယ်၊ပဲပင်ပေါက်နဲ့  အသားအပါအဝင် ချိုချဉ်စပ် အရသာစုံစုံလင်လင်နဲ့ ပူပူနွေးနွေးစားမယ်ဆိုရင် တကယ်ကို အရသာ ရှိတဲ့ အစားအသောက် တစ်မျိုး ဖြစ်ပါတယ်။

(၃)Pho- Vietnam

 ဗီယက်နမ်ရိုးရာ အစားအစာဖြစ်တဲ့ Pho မှာဆိုရင်တော့ ဆန်ခေါက်ဆွဲနဲ့ အမဲသားကို အများဆုံး  အသုံးပြုလေ့ရှိကြပါတယ်။အခုဆိုရင် Pho ကို  မြန်မာနိုင်ငံမှာရှိတဲ့ စားသောက်ဆိုင် တစ်ချို့မှာ  ရရှိနေပြီ ဖြစ်ပါတယ်။ငါးငံပြာရည်၊ ပင်စိမ်း၊ ပူစီနံ၊ ကြက်သွန်မြိတ်၊ ငရုတ်သီး စတဲ့ဟင်းခတ်အမွှေးကြိုင်တွေနဲ့ ချက်ပြုတ်ပြီး အပေါ်ကနေ ပဲပင်ပေါက်၊ ငရုတ်သီးမှုန့်၊ သံပုရာစတာတွေနဲ့ တွဲဖက်စားသုံးရတာမို့ မြန်မာခံတွင်းနဲ့ သိပ်မစိမ်းနဲ့ အစားအစာဖြစ်ပါတယ်။

(၄)Laksa - Malaysia, Singapore ,Indonesia 

ဒီရိုးရာအစားအစာကတော့ မလေးရှား၊ စင်ကာပူနဲ့ အင်ဒိုနီးရှား သုံးနိုင်ငံစလုံးရဲ့ ရိုးရာအစားအစာ လို့တောင်ပြောလို့ရပါတယ်။ဒီအစားအစာကိုတော့  Laksa လို့ခေါ်ပါတယ်။Laksa ကို အုန်းနို့ (သို့) အချဉ်ဓာတ် တစ်ခုခုကိုသုံးပြီး  ချက်ပြုတ်စားသောက်လေ့ ရှိကြပြီး ပုစွန်၊ ငါးစတဲ့ ပင်လယ်စာတွေကိုပါ ပါ၀င်အောင် ချက်ပြုတ်လေ့ ရှိကြပါတယ်။ 

(၅)Japchae-Korea

Japchae ကိုတော့ ကိုရီးယားဇာတ်လမ်းတွဲ ကြည့်တဲ့သူတွေ အများစု သိကြမှာပါ။ကိုရီးယားမှာ ပြုလုပ်တဲ့ ပွဲတော်တွေ၊ ဧည့်သည်တွေ အတွက် အထူးတလည်ချက်ကျွေးတဲ့အခါမျိုးမှာ Japchae လို့ခေါ်တဲ့ ပဲကြာဇံသုပ်ကို ပြုလုပ်စားသောက်ကြပါတယ်။.အသီးရွက်တွေနဲ့ အမဲသား အများစု ပါဝင်တဲ့ Japchae လေးကတော့ တစ်ခါစားပြီး မမေ့နိုင်မှာ အမှန်ပါပဲ။

(၆)Ramen- Japan

ဂျပန်ရဲ့ အစားအစာ တစ်မျိုးဖြစ်တဲ့  Ramen ဟာ  နေရာဒေသ အပေါ်မူတည်ပြီး အရသာ အမျိုးမျိူးရှိပေမယ့် သူ့ရဲ့ နူးညံ့တဲ့ခေါက်ဆွဲသားနဲ့ အသားပြုတ်ရည်ရဲ့ ပေါင်းစပ်မှု အရသာကတော့  အကုန်တူတူပါပဲ။ ဂျပန်လူမျိုးတွေ အနေနဲ့ကတော့  Ramen ဆို အချိန်မရွေးစားနိုင်လောက်အောင် ကြိုက်ကြပါတယ်။

(၇)Udon- Japan

ပုံမှန်ခေါက်ဆွဲတွေထက် အနည်းငယ် ပိုထူပြီး ပိုကြီးတဲ့  Udon ကို ဂျပန်ပဲငံပြာရည်စိမ်ပြီး စားသောက်ကြသလို ပဲပိစပ်၊ ထောပတ်တို့ကို အသုံးပြုပြီး ခေါက်ဆွဲကြော်၊ အသားပြုတ်ရည်နဲ့ အူဒွန် ခေါက်ဆွဲပြုတ်အနေနဲ့လည်း စားသောက်လေ့ ရှိကြပါတယ်။ ဂျပန်လူမျိုးတွေ အနေနဲ့  တန်ဖိုးထားစားသုံးလေ့ ရှိတဲ့ ခေါက်ဆွဲတစ်မျိုးလည်း ဖြစ်ပါတယ်။

(၈)Bibim Guksu- Korea

Bibim Guksu လို့ခေါ်တဲ့ ခေါက်ဆွဲသုပ်ကတော့ ကိုရီးယားမှာသာက အာရှနိုင်ငံတွေအထိပါ နာမည်ကြီးပြီးတော့  လူကြိုက်များကြတဲ့  ကိုရီးယားလူမျိုးတွေရဲ့ ဂျုံခေါက်ဆွဲ တစ်မျိုး ဖြစ်ပါတယ်။အဆိုပါ ခေါက်ဆွဲကို  ကိုရီးယား ငရုတ်သီးနှစ်၊ ကြက်သွန်ဖြူ၊ ရှလကာရည်၊ သခွားသီး စတာတွေကို နှမ်းဆီများများနဲ့ ခေါက်ဆွဲအေး အဖြစ်သုပ်ထားပြီး အသီးရွက်နဲ့ကြက်ဥပြုတ် တို့ပါ၀င်တဲ့ ချိုချဉ်စပ်အေး အရသာလေးမို့ နွေရာသီရာသီစာအဖြစ် စားသုံးလေ့ ရှိကြပါတယ်။ခုနောက်ပိုင်း ကိုရီးယား ဇာတ်လမ်းတွဲတွေထဲမှာလည်း ခေါက်ဆွဲအေးကို စားသုံးလာတဲ့ ဇာတ်ဝင်ခန်းတော်တော်များများ ပါဝင်လာတာကိုလည်း တွေ့ရပါတယ်။

(၉)  Lo Mein - China

တရုတ်ရိုးရာ အစားအစာ တစ်မျိုး ဖြစ်တဲ့ Lo Mein ဟာ ကြက်ဥခေါက်ဆွဲကို အသားတစ်မျိုးမျိုး၊ ပင်လယ်စာတစ်မျိုးမျိုးနဲ့ အသီးရွက်စတာတွေကို ကြာညို့ရောင်လေးသန်းပြီး တရုတ်စတိုင်ကြော်ထားတာ ဖြစ်ပါတယ်။ ကလေးရော လူကြီးပါ ကြိုက်နှစ်သက်ကြတဲ့  ခေါက်ဆွဲကြော်လေးလည်း ဖြစ်ပါတယ်။

(၁၀) Mie Goreng- Indonesia, Malaysia, Singapore

အင်ဒိုနီးရှားရိုးရာ အစားအစာတစ်ခုဖြစ်တဲ့ Mie Goreng ခေါက်ဆွဲကတော့ စင်္ကာပူနဲ့ မလေးရှားမှာပါ လူကြိုက်များတဲ့ အစားအစာ တစ်မျိုး ဖြစ်ပါတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂေါ်ဖီထုပ်၊ ကြက်ဥ၊ ခရမ်းချဉ်သီး တို့ပါဝင်ပြီး   အရောင်ညိုညိုလေးနဲ့ အစပ်အရသာလေးလည်းပါဝင်ပါတယ်။ များသောအားဖြင့် ကြက်သား၊ ပုစွန်တို့နဲ့ ကြော်ပြီး အပေါ်ကနေ ကြက်ဥကြော်လေးကို ထည့်စားလေ့ ရှိကြပါတယ်။

ကဲဒီလို နိုင်ငံတကာမှာ အရသာရှိတယ်လို့ သတ်မှတ်ထားတဲ့ ခေါက်ဆွဲ(၁၀)မျိုးကို သိပြီးပြီဆိုတော့ ဒီခေါက်ဆွဲ(၁၀)မျိုးထဲက သင်စားဖူးတဲ့ ခေါက်ဆွဲ ဘယ်နှစ်မျိုး ပါဝင်လဲဆိုတာ Comment မှာ ပြောပြခဲ့ပါအုံးနော်။

Ref:taste


Read 1261 times.