Eating Tips

ကလေးများကို ကျန်းမာရေးနှင့်အညီ ကျွေးသင့်သော အစားအစာ ၁၀ မျိုး

September 26, 2022

ကလေးများ၏ ကြီးထွားမှုနှင့် ဖွံ့ဖြိုးဆဲကလေးတို့အတွက် ၎င်းတို့နေ့စဉ်စားသုံးသော အစာအာဟာရ များထဲတွင် ဗီတာမင်အေ၊ ဗီတာမင်ဘီ အုပ်စုများ၊ ဗီတာမင်စီ၊ ဗီတာမင်ဒီ၊  ကယ်စီယမ်၊ သံဓာတ်၊ သတ္တုဓာတ်  စသည့်ဗီတာမင်နှင့်သတ္တုဓာတ်များ ညီညွတ်မျှတရန် အထူးလိုအပ်ပါတယ်။

ထိုသို့ ပြည့်ဝနေစေရန်အတွက်  အာဟာရရှိပြီး ကျန်းမာရေးနှင့်ညီညွှတ်သော အစားအစာများကိုကျွေးရပါမယ်။

(၁) ဂျုံ
တခြားသော အစားအစာထက် ပိုမိုထူးကဲတဲ့ အာနိသင်ရှိတဲ့ ဂျုံမှုန့်ကို ညွှန်းဆိုကြပါတယ်။ ဂျုံမှုန့် စားသုံးစေခြင်းဖြင့် ကလေးတွေကို ပုံမှန်ကြီးထွားမှုနှုန်းတိုးတက်အောင် ကူညီပေးနိုင်ပါတယ်။

(၂) ကြက်သား
ကလေးလေးတွေ အကြိုက်တွေ့မှာဖြစ်ပါတယ်၊ ကြက်ကင်ဆိုင်၊ ကြက်ကြော်ဆိုင်တွေရှေ့ဆို အမြဲလက်ညိုးထိုးပြီး စားချင်တယ် ပူဆာနေတာမို့ ကျွေးရတာ မခက်ခဲတော့ပါဘူး။ အသားဓာတ်ပြည့်ဝလုံလောက်စွာ ရရှိစေတာမို့ ကြက်သားကျွေးပေးဖို့လည်း လိုအပ်ပါတယ်။

(၃) သစ်သီးဝလံများ
ကလေးတွေရဲ့ ကျန်းမာရေးနဲ့ သန်စွမ်းမှုအတွက် သစ်သီးဝလံတွေက အရေးကြီးတဲ့ အစားအစာဖြစ်ကြောင်း အားလုံးသိပြီးသားပါ။ ဗီတာမင်အေ ကြွယ်ဝစွာ ပါဝင်တဲ့ သရက်သီး၊ မက်မွန်သီးတို့က ကလေးငယ်တွေ အရပ် ရှည်လာစေဖို့ ကူညီပေးပြီး အရိုးတွေသန်မာအောင်လည်း ထောက်ပံ့ပေးနိုင်ပါတယ်။

(၄) ဒိန်ချဉ်
ဗီတာမင်ဒီ နဲ့ ကယ်လ်စီယမ် ပေါကြွယ်ဝတဲ့ ဒိန်ချဉ်က ကလေးတွေ ကြီးထွားမှုကို ကူညီပေးတဲ့ မရှိမဖြစ်လိုအပ်တဲ့ အစားအသောက် ဖြစ်ပါတယ်။ တကယ်လို့များ ကလေးငယ်တွေက ဒိန်ချဉ်ကို မနှစ်သက်ရင် ဒိန်ချဉ်အစား ချိစ်ကို အခြား အစားအသောက်တွေနဲ့ ရောနှောပြီး ကျွေးမွေးနိုင်ပါတယ်။

(၅) ကြက်ဥ
ပရိုတင်းဓာတ် အများအပြားပါဝင်တဲ့ ကြက်ဥဟာ ကလေးငယ်တွေကို အရပ်ရှည်ဖို့အတွက် အထောက်အကူ ပြုပါတယ်။ ဒါကြောင့် ကလေးတွေကို တစ်နေ့မှာ အနည်းဆုံး ကြက်ဥ (၁)လုံးတော့ ကျွေးပေးသင့်ပါတယ်။ ပြုတ်ပြီးတော့ပဲဖြစ်ဖြစ် ၊ Omelet လုပ်ပြီးတော့ပဲဖြစ်ဖြစ် မနက်စာအဖြစ် ကျွေးသင့်ပြီး နေ့စဉ်လိုအပ်တဲ့ ပရိုတင်း ဓာတ်တွေကို ရရှိစေပါလိမ့်မယ်။

(၆) အစိမ်းရောင်ရှိသော အရွက်မျာ
ဂေါ်ဖီထုပ်၊ ကိုက်လန် အစရှိသော အစိမ်းရင့်ရောင်အရွက်များကို ကလေးများကို ကျွေးသင့်ပါတယ်။ အစိမ်းရောင်ရှိသော အရွက်များမှာ သံဓာတ်၊ ကယ်လ်စီယမ်၊ ဖောလိတ်၊ ဗီတာမင်စီ၊ အိုမီဂါသရီးဖက်တီးအက်ဆစ်နှင့် အမျှင်ဓာတ်များ ပါဝင်ပါတယ်။ 

(၇) နို့
ကယ်လ်ဆီယမ်ပြည့်ဝတဲ့ နို့ကတော့ အရိုးတွေကို သန်စွမ်းကျန်းမာစေပြီး ကြံ့ခိုင်စေပါတယ်။ နို့မှာ ပရိုတင်းလည်း ပါဝင်နေပြီးတော့ ကလေးငယ်လေးတွေ အရပ်ရှည်လာစေဖို့အတွက်တော့ အကောင်းဆုံးအစားအစာတစ်မျိုး ဖြစ်ပါတယ်။

 (၈) ပဲ
ပဲမှာလည်း ပရိုတင်းဓာတ်ပြည့်ဝစွာ ပါဝင်တဲ့အတွက် ကြွက်သား၊ အရိုးတွေကို ပိုမိုသန်မာစေပါတယ်။ ပဲကို အမျိုးမျိုးသော နည်းလမ်းနဲ့ ချက်ပြုတ်လို့ရပြီး ကလေးငယ်များ ကြီးထွားမှုအတွက် အံ့သြဖွယ်ရာ အစားအစာတစ်မျိုးဖြစ်ပါတယ်။

(၉) ငါး
ငါးတွင် အိုမီဂါသရီး (omega 3)၊ ဖက်တီးအက်ဆစ် (fatty acid) များစွာ ပါဝင်ပါတယ်။ ၎င်းတို့သည် ဦးနှောက်ဖွံ့ဖြိုးမှုကို အားပေးပြီး ခန္ဓာကိုယ်အတွက် လိုအပ်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ဖြည့်ဆည်းပေးပါတယ်။ ဆော်လမွန်ငါးကဲ့သို့သော ငါးများစားခြင်းက ကလေး၏ စိတ်ခံစားမှုကို ပိုမိုကောင်းမွန်စေပြီး မှတ်ဉာဏ်ကိုလည်း ပိုမိုတိုးတက်စေပါတယ်။

(၁၀) ကန်စွန်းဥများ
ကန်စွန်းဥများသည် အမျှင်ဓာတ်ကြွယ်ဝပြီး သင်၏ ကလေးအတွက် စွမ်းအင်ရရှိနိုင်သော အစားအစာဖြစ်ပါတယ်။ ကန်စွန်းဥများတွင် ဗီတာမင်ဘီ၊ ဗီတာမင်စီ၊ ဗီတာမင်အီး အပါအဝင် ကယ်လ်စီယမ်၊ ပိုတက်စီယမ်နှင့် သံဓာတ်ကဲ့သို့သော သတ္တုဓာတ်များပါရှိသောကြောင့်ကလေး၏ ကြီးထွားဖွံ့ဖြိုးမှုအတွက် များစွာအထောက်အကူပြုမှာပဲဖြစ်ပါတယ်။

 

MyanmarRestaurantGuide
 


Read 392 times.