Best Cuisine

ဘန်ကောက်ရောက်ရင် မဖြစ်မနေစားသင့်တဲ့ Street Food ဆိုင် (၅) ဆိုင်

January 10, 2023

တရုတ်နှစ်ကူးနဲ့ မြန်မာနှစ်သစ်ကူး ပိတ်ရက်တွေမှာ ဘန်ကောက်ကို ခရီးထွက်မယ့် အစားတစ်လိုင်းလေးတွေအတွက် ဘန်ကောက်ကိုရောက်ရင် မဖြစ်မနေစားကြည့်သင့်တဲ့ Street food ဆိုင် (၅) ဆိုင်ကိုဖော်ပြပေးလိုက်ပါတယ်။ ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ ဘန်ကောက်မြို့ဟာ ဈေးဝယ်စရာနေရာပေါများပြီး လည်ပတ်စရာလည်းအလွန်ပေါတဲ့အပြင် အစားအသောက်မျိုးစုံလည်း တကယ်ပေါတဲ့နေရာဖြစ်ပါတယ်။  Shopping Mall တွေ၊ ညဈေးတန်းတွေက မနက်ကနေ ညအထိစည်စည်ကားကားနှင့် ခရီးသွားတကယ်များတဲ့ နေရာလည်းဖြစ်ပါတယ်။ အစားအစာဆိုရင်လည်း အင်းဆက်သေးသေးလေးကနေ မိချောင်းသားထိရတဲ့ အစားအသောက်အစုံလင်ဆုံး မြို့ဆိုရင်လည်းမမှာပါဘူး။ 

(1) Wattana Panich
ပထမဆုံးပြောပြပေးမယ့်ဆိုင်လေးကတော့ ဘန်ကောက်မှာ အမဲသားခေါက်ဆွဲကောင်းကောင်းလေး စားဖို့ဆိုရင်တော့ Nhong Rim Klong ကနေ နည်းနည်းဆက်လျှောက်တာနဲ့ အသားတွေကို ဧရာမအိုးကြီးတွေ၊ ဒယ်တွေနဲ့ ပေါင်းနေ ၊ချက်နေ၊ စတူးလုပ်နေတဲ့ ဒီဆိုင်လေးကိုတွေ့ရမှာဖြစ်ပါတယ်။ ဒီဆိုင်က အမဲခေါက်ဆွဲချက်တဲ့နေရာမှာ ထိပ်တန်းပါ။ လတ်ဆတ်တဲ့ အမဲသားက အရသာအရမ်းကောင်းပါတယ်။ အမဲသားအပြင် ဆိတ်သားလည်းရပါတယ်။ ဒီဆိုင်ကတော့ ဘန်ကောက်မြို့မှာဆိုရင်တော့ အမဲသားခေါက်ဆွဲနဲ့ တကယ်နာမည်ကြီးတဲ့ဆိုင်ပဲဖြစ်ပါတယ်။

Address 336/338 Ekkamai Rd, Khlong Tan Nuea, Watthana, Bangkok 10110, Thailand

(2) Khao Gaeng Jake Puey
နောက်ထပ်ပြောပြပေးမယ့်ဆိုင်ကတော့ ဘန်ကောက်ရဲ့ သမိုင်းဝင်နာမည်အကြီးဆုံး Street Food တန်းကြီးကိုပြဆို Khao Gaeng Jake Puey ကိုပြရမှာပါဖြစ်ပါတယ်။ Street Food Asia မှာလည်းပါခဲ့ပြီး ထိုင်းစာကြိုက်တဲ့ Foodie တိုင်ရဲ့ Recommendation ကောင်းကောင်းကိုလည်း အပြည့်ရထားတဲ့ဆိုင်ပဲ ဖြစ်ပါတယ်။ ထိုင်းဟင်းနဲ့ ထမင်းကို အဓိကထားရောင်းပြီး ဒီဆိုင်မှာ လာရောက် စားသုံးသူများတာကြောင့် တန်းစီပြီး ကိုယ့်အလှည့်ရောက်မှ ဘာနဲ့စားချင်လဲမှာရပါတယ်။ ဒီဆိုင်ရဲ့ ထူးခြားချက်ကတော့ ညနေ ၃ နာရီမှာ ဖွင့်ပြီး စားပွဲခုံလုံးဝမရှိပါ။ စားတဲ့သူတွေက ကိုယ့်ပန်းကန်ကိုယ်ကိုင်ပြီး ထိုင်ခုံအနီလေးတွေနဲ့ ထိုင်စားရပါတယ်။ ဒီလိုစားနေကြတဲ့ပုံစံကလည်း ဘန်ကောက်ရဲ့ နာမည်အကြီးဆုံး မြင်ကွင်းတွေထဲက တစ်ခုပဲဖြစ်ပါတယ်။

Address: 25 Mangkon Rd, Pom Prap, Pom Prap Sattru Phai, Bangkok 10100, Thailand

(3) Raan Jay Fai
Bangkok ရောက်ပြီး Jay Fai ကိုမသိရင် အစားအသောက်နဲ့ပတ်သက်ပြီး တကယ်ခေတ် နောက်ကျတဲ့သူဖြစ်သွားပါပြီ။ Jay Fai ဆိုတာ အသက် ၇၄ နှစ်အရွယ် စားသောက်ဆိုင် ပိုင်ရှင်မိန်းမကြီးတစ်ယောက်ကိုယ်တိုင် လေကြောင်းမျက်မှန်ကြီးဝတ်ကာ Apron အမဲကြီးဝတ်ပြီး ကြော်ချက်ပေးတဲ့ Bangkok Street Foods တွေရောင်းချပေးတဲ့ဆိုင်ပဲဖြစ်ပါတယ်။ ဘယ်လောက်တောင် နာမည်ကြီးလဲဆိုရင် ကမ္ဘာကျော် Michelin Guide စာရင်းဝင်တဲ့အထိဖြစ်ပါတယ်။ သူ့ကို ဘန်ကောက်ရဲ့ အတော်ဆုံးစားဖိုမှုးလို့လည်း ခေါ်ကြပါသေးတယ်။ ချက်ပြုတ်တဲ့အခါ အပူချိန်၊ အချိုးအဆကို တစ်စက်မှမလွဲ ချက်နိုင်ပြီး ခုချိန်ထိ သွက်လက် နေဆဲမို့လို့ပါ။ ဒီဆိုင်မှာနာမည်အကြီးဆုံးကတော့ ကဏန်းသားနဲ့ ကြက်ဥရောထားတဲ့ Crab Omelette ဖြစ်ပါတယ်။ ဒါတောင် စားဖို့ တန်းစီနာမည်စာရင်းပေးရပြီး အလှည့်ကျစားရတာပါ။

Address: 327 Mahachai Road, Bangkok 10100, Thailand

(4) Nhong Rim Klong
ဒီဆိုင်လေးကတော့ ဖြစ်သလို ရေမြောင်းဘေးက ဆိုင်ခန်းသေးသေးလေးပါ ဒါပေမယ့် နာမည်ကြီးပြီး မစားမဖြစ်တဲ့အထဲမှာ ဒီဆိုင်လေးလည်းပါ ပါတယ်။ ဒီဆိုင်ရဲ့ နာမည်အကြီးဆုံးအချက်က ပင်လယ်စာတွေကတအားကြီးပြီး လတ်လွန်းလို့ပါ။ ဆိုင်မှာ လူကြိုက်အများဆုံးက ကဏန်းသားကို အဓိကထားတဲ့ ဟင်းပွဲတွေဖြစ်ပြီး အရက်မူးကဏန်းဆို ကဏန်းအသားတွေချည်း နွှာချက်ထားတာမို့ လူကြိုက်များကြပါတယ်။ Galam Bee Pad ဆိုတဲ့ ကဏန်းကြက်ဥမွှေကြော်လည်း မစားမဖြစ်ပါ ပါတယ်။

Address: 51 Ekkamai 23 Alley, Khlong Tan Nuea, Watthana, Bangkok 10110, Thailand

(5) Pe Aor Tom Yum Goong
နောက်ဆုံးပြောပြပေးမယ့်ဆိုင်ကတော့ Pad Thai လိုပဲ Tom Yum Goong ကလည်း ဘန်ကောက်မှာ နာမည်အကြီးဆုံး အစားအစာဖြစ်ပြီး Tom Yum Goong စားဖို့ အကောင်းဆုံးဆိုင်ဆိုလည်း Pe Aor Tom Yum Goong ဆိုင်က မလာမဖြစ်ပဲဖြစ်ပါတယ်။ Tom Yum Soup ကို ခေါက်ဆွဲနဲ့ တွဲထားတာက ဒီဆိုင်ရဲ့ အကောင်းဆုံးအစားအစာဖြစ်ပြီး အုန်းနို့အစားနို့စိမ်းကို သုံးထားလို့ အရသာမှာ ပိုမိုထူးခြားပါတယ်။ ဒါ့အပြင် တုန်ယမ်းပြုတ်ရည်ကလည်း ပုစွန်ခေါင်းတွေပြုတ်ထားတဲ့အရည်မို့ မွှေးမွှေးချိုချိုအရသာလေးပါ။ ကဏန်းဆီနဲ့ ထမင်းတွေ၊ တုန်ယမ်းကွေ့တီယိုတွေလည်း နာမည်ကြီးပါတယ်။

Address: 68, 51 Phetchaburi Rd, Thung Phaya Thai, Ratchathewi, Bangkok 10400, Thailand

ဒါကြောင့် ဘန်ကောက်ရောက်ရင် လည်ပတ်ဖို့နဲ့ စားဖို့သွားမယ့် အစားတစ်လိုင်းတွေအတွက် ဘန်ကောက်ရောက်ရင် မဖြစ်မနေစားရမယ့် နာမည်အကြီးဆုံး street food ဆိုင်၅ ဆိုင်ကို လိပ်စာတွေနှင့်တကွ ဖော်ပြပေးလိုက်ပါတယ်။ ဒီဆိုင်တွေက မရောက်ရောက်အောင်သွားပြီး စားကိုစားသင့်တဲ့ထဲ ထိပ်ဆုံးကဆိုင်တွေပဲဖြစ်ပါတယ်။ 

Ref: tastemm.com

The Myanmar Restaurant Guide


Read 678 times.