Healthy Food

ငါးများများ စားသုံးပေးခြင်းက ကိုဗစ်-၁၉ ကို ကူးစက်ခြင်းကနေ ကာကွယ်နိုင်တယ်ဆိုတာ သိပါသလား?

December 4, 2020

ကမ္ဘာမှာရော မြန်မာမှာပါ ရှိတဲ့ ကျန်းမာရေး အဖွဲ့အစည်းများစွာဟာ လူသားတွေရဲ့ အခြေခံအာဟာရ ပြည့်စုံဖို့ ငါးကို စားသုံးသင့်ကြောင်း တိုက်တွန်းလေ့ ရှိပါတယ်။ ဒီဘက်ခေတ် လူငယ်တွေကတော့ ငါးဟင်းကို မကြိုက်သူတွေ များပါတယ်။ 

ငါးကို မကြိုက်ရတဲ့ အကြောင်းအရင်း မျိုးစုံ ရှိကြပေမယ့် အဓိက အကြောင်းပြချက်ကတော့ ရေထွက်ပစ္စည်း ဖြစ်တာကြောင့် ညှီတာရယ်၊ အသားတွေလောက် အရသာ မရှိတာရယ်ကြောင့်ပါ။ ငါးကို ကြိုက်ကြတဲ့ လူတွေလည်း ရှိပေမယ့် လူငယ်တွေကတော့ ငါးဟင်းကို ငြင်းကြသူ များမှာပါ။ 

အခု ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ် ကာလတွေမှာ ကျန်းမာရေး အသိရှိသူတွေနဲ့ ဆရာဝန် တော်တော်များများက ကိုယ်ခံအား ကောင်းစေမယ့် အစားအသောက်တွေကို လုံလုံလောက်လောက် စားသုံးခိုင်းကြပါတယ်။ ဒီလိုမျိုး အာဟာရ ပြည့်ဝတဲ့ အစားအစာတွေထဲ ငါးလည်း အပါအဝင် ဖြစ်ပါတယ်။ 

လူသားတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေး တိုးတက် မြင့်မားရေးတို့အတွက် လူတစ်ဦး နေ့စဉ်စားသုံးရမယ့် ပရိုတင်းဓာတ်တွေထဲ ငါးရဲ့ အာဟာရဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်တဲ့အပြင် အခြေခံပြည်သူတွေ လက်လှမ်းမီနိုင်တဲ့ ဈေးနှုန်းနဲ့ ဝယ်ယူစားသုံးနိုင်တဲ့ အာဟာရဓာတ်တစ်ခုလည်း ဖြစ်ပါတယ်။ 

ငါးကို စားသုံးခြင်းကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူး များစွာ ရှိပါတယ်။ ဒါတွေကတော့ … 

  • ဗီတာမင်-ဒီ နဲ့ ဇင့်ဓာတ် လုံလောက်စွာ ရရှိနိုင်ခြင်း၊ 
  • ကိုယ်ခံစွမ်းအား တိုးတက် ကောင်းမွန်စေခြင်း၊ 
  • နှလုံးရောဂါနှင့်  လေဖြတ်ခြင်း အန္တရာယ်ကို လျှော့ချစေနိုင်ခြင်း၊ 
  • ဦးနှောက် ကျန်းမာရေးကို မြှင့်တင်ပေးခြင်း၊   
  • အမြင်အား ကောင်းစေခြင်း၊  
  • အရိုးအကြောနှင့် ကြွက်သား သန်မာစေခြင်း၊  
  • ပန်းနာရင်ကျပ် ရောဂါမှ  ကာကွယ်နိုင်ခြင်း၊ 
  • အရိုးအဆစ် ရောင်ရမ်းမှုကို သက်သာစေခြင်း၊ 
  • ဆီးချိုရောဂါမှ ကာကွယ်စေနိုင်ခြင်း၊  
  • အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်စေနိုင်ခြင်း၊
  • လမစေ့ဘဲ ကလေးမွေးဖွားခြင်းကို လျှော့ချစေနိုင်ခြင်း  

စသဖြင့် အကျိုးကျေးဇူး များစွာ ရရှိနိုင်မှာ ဖြစ်ပါတယ်။ 

FAO ရဲ့  သတင်းအချက်အလက် ကိန်းဂဏန်းတွေအရ  ကမ္ဘာတစ်ဝန်းက လူသားပေါင်း (၃.၁) ဘီလီယံကျော်ဟာ တိရစ္ဆာန်က ရရှိတဲ့  အသားဓာတ် စုစုပေါင်းရဲ့ ၂၀%ဟာ ငါးကနေ ရရှိတာဖြစ်တယ်လို့ သိရပါတယ်။ 

ကိုဗစ်ကာလအတွင်း လူကြီးလူငယ်မရွေး နေအိမ်အတွင်း   နေထိုင်ကြရချိန်မှာလည်း   မိမိစားသုံးတဲ့ အစားအစာကနေ အာဟာရဓာတ် မျှတစွာ ရရှိနိုင်ဖို့ ငါးကို စားသုံးပေးသင့်ပါတယ်။ 

ဒါကြောင့် ငါး စားသုံးခြင်းဟာ လူတွေရဲ့ ကိုယ်ခံအင်အားကို တိုးမြှင့်စေနိုင်သလို ကိုယ်ခံအား ကျခြင်းကြောင့် ဝင်ရောက်လာတတ်တဲ့ ကူးစက်ရောဂါတွေကိုလည်း ကာကွယ်ရာ ရောက်တာမို့ ဒီလိုကာလအတွင်း ချေးမများဘဲ ငါးကို စားသုံးကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ကိုးကား - ဒေါက်တာအောင်နိုင်ဦး(ငါးဦးစီး)


Read 680 times.