Healthy Food

မဖြစ်မနေ သိထားသင့်သည့် စားသောက်မှုပုံစံ

October 15, 2020

ကျန်းမာစေရန် သတိပြုသင့်သည့်ညစာ

လူ့ခန္ဓာကိုယ်ရဲ့ ဇီဝယန္တရားတွေအလုပ်လုပ်ပုံကို ကမ္ဘာတစ်ဝန်းရှိ သုတေသီတွေက လေ့လာတွေ့ရှိလာခဲ့ကြပါတယ်။ ဇီဝယန္တရားတွေဟာ အံ့သြစရာကောင်းလောက်အောင် တိတိကျကျ အလုပ်လုပ်ကြတာ တွေ့ရပါတယ်။

နေ့အချိန်တွေမှာ အစားအစာတွေကို ကောင်းစွာ ချေဖျက်ပါတယ်။ ဒါဟာနေ့အချိန်လုပ်ရတဲ့ အလုပ်များစွာထဲက အဓိကအလုပ်တစ်ခု ဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ဇီဝယန္တရားဟာ စားလိုက်တဲ့အစာကို စားတဲ့အချိန်ပေါ် လိုက်ပြီး တုံ့ပြန်တာကိုတွေ့ရပါတယ်။

နေ့အချိန် စားသလား၊ ညအချိန်စားသလား စားတဲ့အချိန်ပေါ် မူတည်ပြီး ခန္ဓာကိုယ်အပေါ်ကွဲပြားစွာ အကျိုးသက်ရောက် ပါတယ်။ ညပိုင်း နောက်ကျကျစားတတ်ရင် ကိုယ်အလေး ချိန် တက်လာနိုင်ပါတယ်။ ညအိပ်ခါနီး ရေခဲမုန့်စားကြည့်ပါလား၊ အလေးချိန်တက်လာဖို့ ဖြစ်လာတတ်ပါတယ်။


အချိန်ကို သတိပြု
 

မော်လီကျူးဇီဝပညာရှင်တွေက စမ်းသပ်ခံ ကြွက်လေးတွေကို အုပ်စုနှစ်စုခွဲပြီး တစ်စုကို တစ်နေ့လုံး ၂၄ နာရီပတ်လုံး အစာစားစေပါတယ်။ နောက်တစ်စုကိုတော့ နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအတွင်းသာ အစာစားစေပါတယ်။

ဒုတိယအုပ်စုဟာ ကျန်းမာပြီး ပိန်ပိန်ပါးပါး ဖြစ်နေတာတွေ့ရပါတယ်။ ပထမအုပ်စုဝင်ကြွက်တွေဟာ ကိုယ်အလေးချိန် တိုးလာတာ၊ သွေးတွင်းအချိုဓာတ်တွေ များလာတာ တွေ့ရပါတယ်။

သူတို့ကိုလည်း ဒုတိယအုပ်စုလိုနေ့အချိန် ပဲ အစာစားစေရာမှာတော့ ကိုယ်အလေးချိန်လျော့သွားတာ၊ အချိုဓာတ်လျော့သွားတာတွေ တွေ့ရပါတယ်။ ဒါကြောင့်အဖြစ်များလှတဲ့ ဆီးချို၊ အသည်းအဆီဖုံး စတဲ့ရောဂါတွေအတွက် လူအများအစာစားတဲ့အချိန်ကို သတိပြုကြဖို့ ဖြစ်လာပါတယ်။

ကမ္ဘာကြီးရဲ့ နေထွက်၊ နေဝင် အလင်းနဲ့အမှောင် ကာလတွေမှာ ကွဲပြားစွာအလုပ်လုပ်တာ ဖြစ်ပါတယ်။ ကိုယ်တွင်းအင်္ဂါတွေဟာ နေ့ အချိန်တစ်မျိုး၊ ညအချိန် တစ်မျိုး လုပ်ပါတယ်။ ဒါကို ဇီဝနာရီ နရီမှန် (circadian rhythm) လို့ ဆိုနိုင်ပါတယ်။

ညအချိန် အမှောင်ကျလာချိန်မှာ နေ့အချိန်လို အလင်းရောင်တွေ၊ မီးအလင်းရောင် တောက်တောက်ပပတွေ၊ တီဗွီ၊ ကွန်ပျူတာဖန်သားတွေကို အချိန်ကြာကြာထိတွေ့မိရင် ဇီဝနာရီနရီမှန် ထိခိုက် သွားတတ်ပါတယ်။

ဒါကစပြီး ကျန်းမာရေးထိခိုက် စေနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ရင်ဆိုင်လာရ စေနိုင်ပါတယ်။ ကမ္ဘာတစ်ဝန်းက လူပေါင်း ၆၃၄၅၁၁ ဦးကို လေ့လာရာမှာ အိပ်ချိန်လျော့နည်းသူတွေမှာ ကိုယ်အလေးချိန်တိုးလာပြီး ဝဖြိုးသူတွေဖြစ်လာတာကို တွေ့ရပါတယ်။

ညဘက် ကောင်းစွာအိပ်မပျော်ခဲ့ရင် အစာစားချင်စိတ်ကို အားပေးတဲ့ဟော်မုန်းတွေ မြင့်တက်လာပြီး ဆာလောင်မှုကို ဟန့်တားတဲ့ ဟော်မုန်းတွေကတော့ လျော့သွားပါတယ်။ သွေးထဲကအချို ဓာတ်တွေကို ထိန်းထား နိုင်တဲ့ အင်ဆူလင်ဟော်မုန်းရဲ့ စွမ်းအင်ကို ကျဆင်းစေတာ၊ အဆီဓာတ်တွေစုပုံလာစေတာ၊ ဆက်စပ်ပြီး ဆီးချိုရောဂါ၊ အဝလွန်တာတွေဖြစ်လာစေတာ ဖြစ်ပါတယ်။
 

သင်ကြားမှုနဲ့ မှတ်ဉာဏ်ဆိုင်ရာစွမ်းရည် ကျဆင်း
 

အဆိုပါ ဇီဝနာရီ နရီမှန်မှာ အစာနဲ့ပတ်သက်လို့လည်း နေ့နဲ့အချိန်တွေကိုလိုက်ပြီး လူ့ဇီဝယန္တရားက ကွဲပြားစွာ အလုပ်လုပ်တဲ့၊ အစာနဲ့ပတ်သက်တဲ့ ဒုတိယဇီဝနာရီ ဆိုပြီးတော့လည်း ရှိနေနိုင်တာကို ပညာရှင်တွေက သတိပြုမိလာကြပါတယ်။

နေ့၊ ညအလင်းရောင်တွေနဲ့ မဆိုင်ဘဲ စားလိုက်တဲ့အစာကို နေ့၊ ညအချိန်တွေနဲ့လိုက်ပြီး ကွဲပြားစွာတုံ့ပြန်တတ်တာ ဖြစ်ပါတယ်။ ၂၄ နာရီပတ်လုံး အစာကို တစွတ်စွတ်စားနေတတ်သူတွေ၊ ညဘက် အစာများများစားတတ်သူတွေမှာ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ ကင်ဆာရောဂါတွေနဲ့ ဆက်စပ်ရုံသာမက သင်ကြားမှုနဲ့ မှတ်ဉာဏ်ဆိုင်ရာစွမ်းရည်တွေ ကျဆင်းသွားတာ တွေ့ရ ပါတယ်။

လူသားတွေ ဆင့်ကဲဖွံ့ဖြိုးလာမှုသဘာဝအရ နေ့အချိန်တွေဟာ အစာရှာဖွေ စားသောက်ကြရတာဖြစ်ပြီး ညအချိန်မှာတော့ အစာမစားဘဲ နားနေအိပ်စက် အနားယူ ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီစည်းဝါးချက်အတိုင်း ကိုယ်တွင်း အင်္ဂါတွေကလည်း ဖွံ့ဖြိုးပြောင်းလဲလာတာ ဖြစ်ပါတယ်။ အစာချေအင်ဇိုင်းတွေ၊ ဟော်မုန်းတွေဟာ လူတွေနေထိုင် လှုပ်ရှား၊ အနားယူကြတဲ့ စည်းချက်နဲ့အညီ အလုပ်လုပ်ကြ ပါတယ်။

အခုခေတ်မှာတော့ ညပိုင်းမှာ ပိုပြီးလှုပ်ရှား သွားလာကြတယ်၊ အစာစားကြတယ်ဆိုတဲ့ ပုံစံကြောင့် မူလစည်းဝါးနဲ့ မကိုက်ညီတော့တာ တွေ့ရပါတယ်။ အစာစားလိုက်တာနဲ့အတူ အင်ဆူလင်ဟော်မုန်းတွေ၊ သွေးအတွင်း အချိုဓာတ်တွေ တက်လာကြပါတယ်။ ညပိုင်းစားရင် ညပိုင်းမှာ တက်နေပါတယ်။ စည်းချက်မကျဘဲ အခုလိုဖြစ်နေခြင်းက ကင်ဆာဖြစ်လာနိုင်မယ့် ဆဲလ်တွေကို လှုံ့ဆော်ပေးလာနိုင်ပါတယ်။
 

နံနက်စောစာဟာ အလွန်အရေးကြီး
 

လေ့လာမှုတွေအရ ရင်သားကင်ဆာကုသမှုခံယူအပြီး အသက်ရှင်သန်နေသူတို့မှာ ညအချိန် အနည်းဆုံး ၁၃ နာရီလောက် အစာမစားဘဲနေပါက ကင်ဆာရောဂါ ပြန်ဖြစ်လာမှု သိသာစွာလျော့သွားတာ တွေ့ရပါတယ်။ ညအချိန် အစာမစားခြင်းဟာ အစားရှောင်ခြင်းအမျိုးမျိုးထက် အကျိုးရှိနေနိုင်ကြောင်း ယူဆကြပါတယ်။

ညနေ ၆ နာရီ၊ နောက်အကျဆုံး ည ၈ နာရီနောက်ပိုင်း အစာမစားဘဲ နေကြည့်ပါ။ အဲဒီနောက်ပိုင်း ၁၂ နာရီခြားပြီးမှ အစာစားပါ။ ည ၈ နာရီ ညစာစားထားတယ်ဆိုပါစို့ နံနက် ၈ နာရီမှာ နံနက်စာစားပါ။ အစာလမ်းကြောင်းကို ပြည့်ဝစွာ အနားပေးလိုက်ခြင်း ဖြစ်ပါတယ်။

ဒါဟာ အတော်အကျိုးပြု နိုင်တာ တွေ့ရပါလိမ့်မယ်။ အရေးကြီးတာက နံနက်စာ ကိုတော့ စားရမှာဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွက် အာဟာရဖြည့်တင်းဖို့ နံနက်စောစာဟာ အလွန်အရေးကြီးပါတယ်။ ညစာစားပြီး ၁၂ နာရီမှ ၁၄ နာရီအကြာမှာ မဖြစ်မနေ အစာစားသင့်ပါတယ်။
 

ကိုယ်ခန္ဓာအတွက် အပိုအလေးချိန်တွေ မစုလာစေဖို့ အောက်ပါအချက်တွေကို တင်ပြလိုပါတယ်။
 

၁။ ညနေစာ (သို့မဟုတ်) ညစာကို ညနေ ၆နာရီ-ည ၈ နာရီ နောက်ဆုံးထားစားပါ။ အဲဒါပြီး ၁၂ နာရီကြာအောင်အစာမစားပါနဲ့၊ ရေသောက်နိုင်ပါတယ်။
 

၂။ နံနက်စာကို ရှင်ဘုရင်လိုစား၊ နေ့လယ်စာကို မင်းသားလိုစား၊ ညစာကို သူတောင်းစားလိုစား ဆိုတဲ့ အဆိုရှိပါတယ်။ ဒါကြောင့် နံနက်စာကို ရှင်ဘုရင်စားသလို ကောင်းနိုးရာရာတွေ ဝေဝေဆာဆာ စားနိုင်ပါတယ်။ တစ်နေ့တာအာဟာရ အတွက် အင်အားတွေ ဖြည့်တင်းပေးခြင်း ဖြစ်ပါတယ်။ နေ့လယ်စာကတော့ မင်းသားလို အလှစားပါလို့ ဆိုပါတယ်။ သို့သော် နေ့လယ်စာကိုလည်း အင်အားအတွက် ပြည့်ပြည့်ဝဝ စားသင့်တယ်လို့ ထင်ပါတယ်။ ညစာကတော့ ပေါ့ပေါ့ပါးပါး ရှိတာလေးနဲ့ တင်းတိမ်ရုံလေးစားပါလို့ ဆိုပါတယ်။ ညစာကတော့ အရေးကြီးတာပါ။ ညနေ၊ ညပိုင်း အချိန်စောစောလေးစားနိုင်လေကောင်းလေ ဖြစ်ပါတယ်။
 

၃။ ညစာစားပြီးတာနဲ့ နံနက်မိုးလင်းတဲ့အထိ ဘာမှ မစားသင့်တော့ပါ။ ရေကိုသာသောက်သင့် ပါတယ်။ အချိုရည်တွေ၊ အသီးအနှံစတာ တွေလည်း မစားတော့ဘဲအစာလမ်းကြောင်းကို ၁၂ နာရီလောက် အနားပေးလိုက်ဖို့ပါ။
 

၄။ သဘာဝစည်းဝါးချက်ဖြစ်တဲ့ ဇီဝနာရီ နရီမှန်ကို ထိန်းထားနိုင်ရေးဟာ ကျန်းမာသက်ရှည်ရေး အတွက် အရေးကြီးတဲ့အချက်ဖြစ်တယ်ဆိုတာ နှလုံးသွင်းဆောင်ရွက်ရပါမယ်။ ။
 

ရှေးမြန်မာကြီးတွေဟာ တစ်နေ့ကို ၆၅ ကျပ်သား ကနေ ၉ဝ ကျပ်သားပဲ စားတယ်လို့ ဖတ်ဖူးပါတယ်။ ချိန်ခွင်နဲ့ချိန်ပြီး တစ်နေ့တာစားစရာကို စားကြတာပါ။ အင်အားအသုံးများသူတွေက ထမင်း၊ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ အတို့အမြှုပ်တွေကို ၉ဝ ကျပ်သားလောက် စားကြတယ်၊ အစာတစ်ခုနဲ့တစ်ခုကို အနည်းဆုံး အချိန် နှစ်နာရီမှ လေးနာရီခန့်ခြားပြီး စားကြတယ်။

အစာအိမ်နားရအောင်လို့လို့ ဆိုပါတယ်။ အစာစားရင်လည်း ရေသောက်ဖို့ရေအတွက်နေရာ ချန်ထားရပါတယ်။ ညစာကိုလည်း အနည်းအကျဉ်းသာ စားကြပါတယ်။ နေဝင်မိုးချုပ်ချိန်ဟာ နားချိန်ဖြစ်ပါပြီ။
 

မိသားစုတွေ စုဝေးစကားပြောကြ၊ ဘုရားဝတ်ပြုကြ၊ စောစောအိပ်ရာဝင်ကြပါတယ်။ ရှေးမြန်မာတွေရဲ့ ဘဝနေထိုင်ပုံဟာ ရိုးရှင်းပြီး သဘာဝစည်းချက်နဲ့လည်း ကိုက်ညီပါတယ်။ ဒါကြောင့် ရောဂါဘယတွေ ကင်းလေ့ ရှိကြပါတယ်။
 

အိပ်ခန်းအပူချိန်ဟာ အရမ်းပူ/ အရမ်းအေး မဖြစ်သင့်
 

ညအချိန်ဟာ နားနေချိန် ဖြစ်ပါတယ်။ ညနေ ၆ နာရီဟာ အထက်မှာတင်ပြခဲ့သလို တစ်နေ့တာအတွက် အစာစားမှု နောက်ဆုံးအချိန် ဖြစ်သင့်ပါတယ်။ ည ၇ နာရီကတော့ မိသားစုအတွက်အချိန်ပါ။ မိသားစုဝင်တွေနဲ့ နွေးနွေးထွေးထွေး စကားစမြည်ပြောသင့်တဲ့အချိန် ဖြစ်ပါတယ်။

ည ၈ နာရီမှာတော့ အိမ်တွင်းက မီးအလင်းရောင်တွေကို လျှော့ထားသင့်ပါပြီ။ မလိုတဲ့ လျှပ်စစ်မီးနဲ့ အသုံးအဆောင်တွေကို ပိတ်ထားသင့်ပါတယ်။ အလားတူပဲ ည ၉ နာရီမှာတော့ အသံတွေကို အနိမ့်ဆုံး ထားသင့်ပါတယ်။ 60Decibles ထက်ကျယ်တဲ့ အသံ (ရိုးရိုးစကားပြောသံထက် ကျယ်တဲ့အသံ) တွေဟာ အာရုံကြောစနစ်ကိုလှုံ့ဆော်တတ်တာမို့ အိပ်စက်ခြင်းကို ထိခိုက်စေနိုင်ပါတယ်။

ညင်သာတဲ့ အသံမျိုးတွေတရားသံ၊ ငြိမ့်ညောင်းတဲ့ ဂီတသံလေးတွေ နားထောင် နိုင်ပါတယ်။ ည ၉ နာရီ ၁၅ မိနစ်လောက်မှာ ရေနွေးနွေးလေးနဲ့ ရေချိုးနိုင်ပါတယ်။ ကိုယ်ခန္ဓာသန့်စင်သွားသလို အပူချိန်နွေးနွေးလေးကနေ အပူချိန်တဖြည်းဖြည်းလျော့ကျလာမှုက အိပ်ချင်စိတ်ကို ဖြစ်စေပါတယ်။ အိပ်ခန်းအပူချိန်ဟာ မပူ၊ မအေးလွန်း ဖြစ်သင့်ပါတယ်။

၁၇ ဒီဂရီစင်တီဂရိတ်လောက်ဟာ အသင့်တော်ဆုံးလို့ သိရပါတယ်။ ည ၁ဝ နာရီမှာတော့ လျှပ်စစ်အသုံးပြုတာ တွေ အားလုံးပိတ်ပစ်ပါ။ အိပ်ခန်းအတွက် အလင်းမှိန်မှိန် လေးသာထားပါ။ ဘုရားရှိခိုးတာ၊အာရုံပြုတာတွေလုပ်ပြီး အေးချမ်းစွာ အိပ်စက်အနားယူရမှာ ဖြစ်ပါတယ်။

ညအချိန်ကို ကောင်းစွာအနားပေးခြင်းဖြင့် ကျန်းမာ သက်ရှည်မှုကို များစွာအထောက်အကူပေးနိုင်တာ တွေ့ရပါလိမ့်မယ်။ အခုလို stay at Home ကာလမှာ ကိုယ်အလေးချိန်တွေတက်မလာစေဖို့ သတိပြုထိန်းသိမ်းကြဖို့ လိုပါတယ်။ ဒါ့ကြောင့်ညစာကို သတိနဲ့ယှဉ်၊ ချင့်ချိန်စားနိုင် ဖို့ မျှော်လင့်ပါတယ်။

 

By The Myanmar Restaurant Guide
 

Reference - You are when you eat..Reader's Digest


Read 1020 times.