Eating Tips

ကိုဗစ်ကာလမှာ ကိုယ်ခံအားကောင်းမွန်စေမယ့် စွပ်ပြုတ်ချက်နည်း (၅) မျိုး

September 21, 2022

ကိုဗစ်ကာလအတွင်း လူကြီးလူငယ်မရွေး နေအိမ်အတွင်း နေထိုင်ကြရချိန်မှာလည်း မိမိစားသုံးတဲ့ အစားအစာကနေ အာဟာရဓာတ်မျှတစွာ ရရှိနိုင်ဖို့ ကိုယ်ခံအားကောင်းမွန်စေမယ့် စွပ်ပြုတ်တွေကို သောက်ပေးသင့်ပါတယ်။ 

(၁) ဝက်ခြေထောက်စွပ်ပြုတ်

ဝက်ခြေထောက်စွပ်ပြုတ်လုပ်ရန်အတွက် ဝက်ခြေထောက် (သို့) ဝက်လက်များကို အနေတော်အရွယ် အတုံးလေးများပိုင်းပြီး ရေစင်အောင်ဆေးပါ။ ပြီးလျှင် ရေနွေးပွက်ပွက်ဆူထဲတွင် မိနစ် ၂၀ လောက်စိမ်ထားပြီး ဝက်မွှေးအမျှင် အနုများကို ဓားနှင့် သန့်စင်သွားအောင် ခြစ်ထုတ်ပြစ်ကာ ရေဆေးထားပါ။

ပြုတ်မည့်အိုးထဲသို့ ဆီကို ပါတယ်ဆိုရုံထည့်ကာ ဆီပူလာလျှင် သကြား လက်ဘက်ရည်ဇွန်း တစ်ဇွန်းစာလောက်ထည့်ပြီး သကြားရောင် အညိုရောင်သမ်းလာသည်အထိ လှော်ပေး၍ ဓားပြားရိုက်ထားသော ဂျင်းနှင့် ကြက်သွန်ဖြူ အနည်းငယ်ကို ထည့်ပြီး မွှေပေးပါ။

ထို့နောက် ဝက်ခြေထောက်များကို ထည့်ပြီး ဆား၊ ငရုတ်ကောင်း၊ ပဲငံပြာရည် အကြည်၊ ပဲငံပြာအနောက်၊ ငံပြာရည် တို့ကို အနည်းငယ်ဆီ ထည့်ကာ အထက်အောက်မွှေကာ ခဏကြာမျှ အနံ့ မွှေးနေအောင် လုံးပေးပါ။

ခဏကြာမျှလုံးပြီးလျှင် ရေမြုတ်အောင်ထည့်၍ ပွက်ပွက်ဆူလာပြီး အသားများ နူးအိလာသည်အထိ အဖုံးကို အလုံပိတ်ကာ တည်ထားပါ။ နာရီဝက်လောက် တည်ထားလျှင် အသားများ နူးအိပြီး အချိန်ကုန်လဲသက်သာပြီး အရသာလဲ ပိုကောင်းပါတယ်။ ပေါင်းအိုး (Pressure Cooker) နှင့် ပြုတ်မည်ဆိုလျှင် နာရီဝက်လောက်ကြာအောင် ပြုတ်ပြီး မီးပိတ်ထားကာ အိုးအဖုံးကို ချက်ချင်းမဖွင့်ရပါ။

အပူအငွေ့ကုန်၍ မိနစ် ၂၀ လောက်ကြာအောင်ထားပြီးမှ အိုးအဖုံးကိုဖွင့်ကာ အပေါ့အငံမြည်းပြီး သုံးဆောင်ပါ။ အရသာရှိသော ဝက်ခြေထောက်စွပ်ပြုတ် ပူပူလေးကို ကြက်သွန်မိတ်၊ငရုတ်ကောင်း တို့ထည့်ပြီး ဝက်ခြေထောက်အသားအိအိလေးများကို ငရုတ်ဆီအချဉ်ရည်လေးနှင့် တို့စားကာ အရသာရှိရှိ သုံးဆောင်နိုင်ပါတယ်။

 

(၂) ကြက်စွပ်ပြုတ်

ပါဝင်ပစ္စည်းများ -
>> ကြက်သား
>> ဂျင်း
>> ကြက်သွန်ဖြူ
>> ကြက်သွန်နီ
>> ငရုတ်ကောင်း
>> မုန်ညင်းဖြူ
>> မုန်ညင်းစိမ်း
>> ခနော
>> ရေ

ပြုလုပ်ပုံအဆင့်ဆင့်
ဂျင်းကိုပါးပါးလှီး၍ ကြက်သားနဲ့ရောပြုတ်ပါ။ ကြက်သားကို ပထမတစ်ရည်ပြုတ်ပါ။ (၅) မိနစ်ခန့်လောက်ပြီးလျှင် ထိုအရည်များကို သွန်ပစ်ပါ။ ကြက်သားကို နူးအိနေအောင် ရေအသစ်ဖြင့် ထပ်မံပြုတ်ပါ။ ရေပွက်ပွက်ဆူလာလျှင် ထောင်းထားသော ကြက်သွန်ဖြူထည့်ပါ။

လေးခြမ်းစိတ်ထားသော ကြက်သွန်နီများထည့်ပါ။ ကြက်သားများ နူးအိလာပြီဆို လှီးထားသော အရွက်များပစ်  ထည့်ပါ။ အရသာလိုအပ်လျှင် ခနောကြက်သားမှုန့်ကို အသုံးပြုပါ။ စားခါနီးလျှင် ငရုတ်ကောင်းမှုန့်လေးဖြူး၍ သုံးဆောင်နိုင်ပါပြီ။

 

(၃) ဆိတ်စွပ်ပြုတ်

ပါဝင်ပစ္စည်းများ-
>> ဒူးဆစ်အောက်ပိုင်းဆိတ်ခြေထောက် - ၃ချောင်း
>> ကြက်သွန်နီကြီးကြီး - ၁ လုံး
>> ကြက်သွန်ဖြူ - ၄ တက်
>> ချင်းသေးသေ - ၁ တက်
>> ခရမ်းချဉ်သီး - ၁လုံး
>> ဇီယာစေ့ - ၁/၂ ဇွန်း
>> နံနံစေ့ - ၁/၂ ဇွန်း
>> စမုံစပါးစေ့ - ၁/၂ ဇွန်း
>> လေးညှင်းပွင့် - ၃ ပွင့်
>> ဖာလာစေ့ - ၂ စေ့
>> သစ်ကြပိုးခေါက် - ၁ခု
>> ကရဝေးရွက် - ၂ ရွက်
>> ရေ - လီတာခွဲ
ဇွန်းက လက်ဖက်စားဇွန်းကိုအသုံးပြုပေးရမှာဖြစ်ပါတယ်။

ဆိတ်ခြေထောက်တွေကို မီးအနည်းငယ်ကင်ပါ ဓားလေးနဲ့ ခြစ်ထုတ်ပြီးသန့်စင်အောင် ဆေးကာ၂ ပိုင်းစီပိုင်းပါ။ (ရိုးတွင်းချဉ်ဆီများမဆုံးရှုံးရန်ဂရုပြုပါ) ကြက်သွန်နီ၊ ဖြူ ၊ ခရမ်းချဉ်သီးတွေကို နုပ်နုပ်စဉ်းပါ။ စမုံစပါးစေ့ ၊ နံနံစေ့ ၊ ဇီယာစေ့တွေကို လှော်ပြီးညှက်နေအောင်ထောင်းပါ။ လေးညှင်း၊ ဖာလာ၊ သစ်ကြပိုးတွေကို မီးကင်ပြီးဓါးပြားရိုက်ထားပါ။ ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်အပူပေးပြီးကြက်သွန်နီ၊ ကြက်သွန်ဖြူ ကိုနနွင်း မှုန့်လေးပါသည်ဆိုရုံနှင့်ဆီသတ်ပါ။

အနည်းငယ်နွမ်းလာလျှင် ခရမ်းချဉ်သီးများထည့်ပေါင်းပြီး ညှက်နေအောင်ထောင်းထားသော ၃မျိုးအရောကို ထည့်ပေါင်းဆီသတ်ပါ။ သန့်စင်ထားတဲ့ ဆိတ်ခြေထောက်ရိုးတွေထည့်ပြီး ဆီသတ်ပါ။ မီးကင်ပြီးဓါးပြားရိုက်ထားတဲ့ ၃ မျိုးကိုလည်းထည့်ပါ။ ဆား၊ ပာင်းခတ်မှုန့်တို့နှင့်အရသာသွင်းပါ။ ကရဝေးရွက်၊ ချင်းကိုပါးပါးလှီးထည့်ကာ ရေ၁လီတာခွဲဖြည့်စွက်ပြီး ပထမတစ်ပွက်မဆူခင်အထိမီးပြင်းပြင်းနှင့်ပြုတ်ပါ။

အညစ်အကြေးနှင့် အမြှုပ်များကို စစ်ထုတ်ပေးပြီးလျှင် မီးကိုလျှော့ချပြီး မီးအေးအေးမှာအဖုံးပိတ်ကာ မိနစ်(၃၀)မှ (၄၅)မိနစ်အထိ နှပ်ချက်ပေးပါ။ ကြက်သွန်နီကြော်လေးနဲ့ နံနံပင်လေးဖြူ း၊ငရုတ်ကောင်းမှုန့်လေးခပ်ပြီးသုံးဆောင်ပါ။ 

 

(၄) အသီးရွက်စွပ်ပြုတ်

ပါဝင်ပစ္စည်းများ -
>> မှို
>> မုန်ညင်း
>> အာလူး
>> မုန်လာဥနီ
>> ပြောင်းဖူး
ဗမာကြက်ရိုးလေးကို အရသာနယ်ပြီး ဂျင်း၊ ကြက်သွန်ဖြူလေးနဲ့ ကြာကြာလေး ပြုတ်ပေးပါ။ အသီးရွက်ကတော့ ကိုယ်ကြိုက်တာ ကိုယ်ထည့်နိုင်ပါတယ်။ ငုံးဥလေးတွေလည်း ထည့်လို့ရပါတယ်။ ကြက်ရိုးကို ကြာကြာလေးပြုတ်ပြီးရင်တော့ မာတဲ့အသီးလေးတွေကို အရင်ထည့်ပြုတ်ပါ။ နောက်ဆုံးမှ မှိုထည့်ပါ။ ငရုတ်ကောင်းလေးနဲ့ တရုတ်နံနံလေးအုပ်လိုက်ရင်ကိုယ်ခံကောင်းစေနဲ့ အသီးနှံစွပ်ပြုတ်လေးသုံးဆောင်လို့ရပါပြီ။

 

(၅) ဝက်ကလီစာ သောက်ဆမ်း(စွတ်ပြုတ်)

ဝက်ကလီစာ တွေကို အူမကြီး အူကြီးမှလွဲ၍ ကျန်ကလီစာများကို ပုံမှန်ရေဆေးသလိုဆေးပြီး အတုံးလေးတွေတုံးထားပါ။ အူမကြီးနဲ့ အူကြီးကိုတော့ ပဲမူန့်စိမ်း (သို့) ဂျူံမှု့နဲ့ သေချာနယ်ဆေးပေးပါ။ ရေဖြင့် အထပ်ထပ်ဆေးကြောပေးပါ။ အူတွေအားလုံး အရိအရွဲတွေကုန်စင်ပြီး ဖွေးလျှင်ရပါပြီ ပိုပြီးအနံ့သက်ကင်းစင်ရန်အတွက် ထိုအူတွေကို ရေဖြင့်သုံးမိနစ်ခန့်ပြုတ်ပြီး ထိုပြုတ်ရည်ကိုသွန်ပစ်လိုက်ပါ။

ပြီးရင်ထိုအူတွေကို ရေဖြင့်သေချာပြန်ဆေးလိုက်ရင် အနံအသက် တော်တော်တော်သက်သာသွားပါပြီ ဝက်ကလီစာတွေကို ပန်ဒါခရုဆီ (အလွယ်မရှိရင်) မိမိတို့သုံးနေသော ခရုဆီဖြင့် နယ်ပေးပြီး အိုးတစ်ခုထဲထည့်ပြုတ်ပါ။ ဂျင်းနှစ်ပြား လောက်ထည့်ပြုတ်ရပါမယ်။

နောက်အိုးတစ်ခုထဲမှာ ဝက်နံရိုး၊ ဝက်ရိုးတွေကို အရိုးအချိုရည် ထွက်သည်ထိ ပြုတ်ထားပေးပါကလီစာတွေနဲ့အတူရောမပြုတ်ရပါ။ ရောပြုတ်ရင်စွတ်ပြုတ်သောက်တဲ့အခါ စွတ်ပြုတ်ရည်အနံ့ ပြင်းမှာစိုးလို့ပါ။ အတတ်နိုင်ဆုံး စွတ်ပြုတ်ရည်ကိုလည်းအဖြူထည်လေးလိုချင်လို့ပါ။

ကလီစာ တွေနူးအိပီဆိုမှ ထိုကလီစာတွေကို ဝက်ရိုးပြုတ်ရည်ထဲသို့ ထည့်ပေးပါ။ အရသာမြည်း ကြည့်ပြီး လိုအပ်လျှင် ဆားအရသာမှုန့် ယိုးဒယားငံပြာရည် အနည်းငယ်ထည့်ပေးပါ။ ချခါနီး တရုတ်နံနံ ကြက်သွန်မြိတ် ငရုတ်ကောင်း မှုန့်အုပ်ပြီး ကလီစာတွေကို ဘိတ်ချဉ်(သို့)မိမိတို့နှစ်သက်ရာ ဆောစ့်တမျိုးနဲ့တွဲဖက်သုံးဆောင်နိုင်ပါပြီ။

စွတ်ပြုတ်ရည်ကိုတော့ အချဉ်အရသာသောက်ချင်ရင် သံပုရာရည်လေးညှစ်ထည့်ပြီးလည်း သုံးဆောင်နိုင်ပါတယ်။

ဒါကြောင့် စွပ်ပြုတ်စားသုံးခြင်းဟာ လူတွေရဲ့ ကိုယ်ခံအင်အားကို တိုးမြှင့်စေနိုင်သလို ကိုယ်ခံအားကျခြင်းကြောင့် ဝင်ရောက်လာတတ်တဲ့ ကူးစက်ရောဂါတွေကိုလည်း ကာကွယ်ရာရောက်တာမို့ ဒီလိုကာလအတွင်း ကိုယ်ခံအား ကောင်းမွန်စေတဲ့ အစားအစာများ စားသုံးကြဖို့ တိုက်တွန်းလိုက်ပါတယ်။

 MyanmarRestaurantGuide


Read 671 times.