New Opening

ဂျပန်မှာ KFC ကြက်ကြော် စတင်ခဲ့သူ စန်ဆာစံ

December 28, 2019

ဂျပန်နိုင်ငံတစ်လွှားမှာ ခရစ်စမတ်အချိန်အခါတွင် မိသားစုတို့ KFC အတူ ထိုင်စားကြသည့်ဓလေ့မှာ စိတ်ဝင်စားစရာ အလွန်ကောင်းသည်။ KFC ဟု အလွယ်ခေါ်ကြသည့် Kentucky Fried Chicken သည် အမေရိကန် အသင့်စား စားစရာဖြစ်သည်။ ဂျပန်ရိုးရာအစားအစာ မဟုတ်ချေ။ ဂျပန်နိုင်ငံတွင် ဗုဒ္ဓဘာသာဝင် အများစု နေထိုင်ကြသည်။ ခရစ်စမတ်ကာလတွင် စားလေ့စားထ ရှိသည်မှာ ကြက်ဆင်ဖြစ်သည်။ ကြက်ကြော် မဟုတ်ချေ။ သို့ပါလျက် ခရစ်ယာန်ဘာသာဝင်တို့၏ ခရစ်စမတ် အချိန်အခါတွင် အမေရိကန် အသင့်စား အစားအစာ ကြက်ကြော်ကို ဂျပန်နိုင်ငံတွင် ဂျပန်မိသားစုတို့က အစဉ်အလာတစ်ခုအဖြစ် မိသားစု အတူစားကြသည်။

ကုန်စည်တစ်ခု၏ brand သည် ဓလေ့ထုံးတမ်းတစ်ခု ဖြစ်သွားအောင် ထိုးဖောက်နေရာယူလိုက်ပြီးသောအခါ အစဉ်အလာတစ်ခုအဖြစ် ဆက်လက် တည်တံ့နိုင်သောအခါ မည်သို့မည်ပုံ ရောင်းအားကောင်းနိုင်ပုံအတွက် KFC သည် စံပြနမူနာတစ်ခု ဖြစ်သည်။ ခရစ်စမတ်အကြိုဖြစ်သည့် ဒီဇင်ဘာလ ၂၄ ရက်တွင် ဂျပန်နိုင်ငံတွင် KFC ရောင်းအားသည် ခါတိုင်းထက် ၃ ဆ မှ ၁၀ ဆ အထိ မြင့်တက်သည်။ KFC Japan မှ ထုတ်ပြန်သည့် စာရင်းအင်းအရ ၂၀၁၈ ခုနှစ်တွင် ဒီဇင်ဘာလ ၂၀ မှ ၂၅ ရက်အတွင်း ရောင်းအားမှာ ၆.၉ ဘီလျံယန်း(အမေရိကန်ဒေါ်လာ ၆၃ သန်းဝန်းကျင်) ရှိခဲ့သည်။ 

KFC ၏ ပထမဆုံးဆိုင်ကို ၁၉၇၀ ခုနှစ်တွင် နာဂိုယ၌ စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် ဆိုင်ပေါင်း ၃၂၄ ဆိုင် ဖွင့်လှစ်ထားပြီ ဖြစ်သည်။ ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် ဆိုင်ပေါင်း ၃၀ တိုးချဲ့ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ အကြမ်းအားဖြင့် နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ဝန်းကျင် ရောင်းအား ရှိပေရာ ခရစ်စမတ်အချိန်အခါ  ၆ ရက်ရောင်းအားသည် တစ်နှစ်တာရောင်းအား၏ သုံးပုံတစ်ပုံနီးပါးဖြစ်သည်။ 

ဂျပန်နိုင်ငံတစ်လွှားရှိ မိသားစုများသည် ခရစ်စမတ်ချိန်ခါတွင် KFC မှ ခရစ်စမတ် အထူးထုတ်ဖြစ်သော “Party Barrel” ကို ဝယ်ယူစားသောက်ကြသည်။  မိသားစု စားသုံးရန် လောက်ငသည့် အရွယ်အစားဖြင့် “Party Barrel” ကို စီစဉ်ပေးထားသည်။ ဒီဇင်ဘာ ၂၃ နှင့် ၂၄ တို့တွင် KFC ဆိုင်များ၌ “Party Barrel” ကို ဝယ်ယူရန် တန်းစီနေသော လူတန်းကို တွေ့ကြရမည် ဖြစ်သည်။ 

မည်သို့ အစပြုခဲ့သနည်း။
================

KFC ကို ဂျပန်သို့ စတင်သယ်ဆောင်လာသူမှာ တာကီရှီ အိုကာဝါရာ Takeshi Okawara ဖြစ်သည်။ သူသည် ဂျပန်နိုင်ငံ၏ ပထမဆုံး KFC ဆိုင်၏ မန်နေဂျာဖြစ်သည်။ 


သူက ဂျပန်နိုင်ငံ အိုစာကာမြို့တွင် ကျင်းပသော 970 World Expo တွင် KFC နမူနာဆိုင် ပြခန်းကို  ကြည့်ရှုလေ့လာသည်။ ထိုဆိုင်တွင် KFC ကို အသက် ၆၀ ကျော်မှ KFC ဖြင့် မဟာအောင်မြင်မှု ရရှိခဲ့သောသူ ဖြစ်ပြီး KFC ကို စတင်ထူထောင်သူလည်းဖြစ်သည့် အမေရိကန်သား ကာနယ်ဆင်းဒါးနှင့် တွေ့ဆုံပြောဆိုခွင့် ကြုံကြိုက်ခဲ့သည်။ အိုကာဝါရာကို  ဂျပန်နိုင်ငံ KFC လုပ်ငန်းခွဲတွင် အုပ်ချုပ်ရေးအရာရှိ လုပ်ကိုင်ရန် ကာနယ်ဆင်းဒါးက ကမ်းလှမ်းသည်။ အိုကာဝါရာက ငြင်းသည်။ သူက KFC ဆိုင်တစ်ဆိုင် ဖွင့်လှစ်လုပ်ကိုင်ခွင့် တောင်းခံသည်။ ထိုဆိုင်သည် ဂျပန်နိုင်ငံတွင် ပထမဆုံး ဖွင့်လှစ်မည့်ဆိုင် ဖြစ်မည်။ “အဲဒီလို လုပ်ရင် ကျွန်တော် သင်ယူနိုင်မည်။ စားလို့ကောင်းတဲ့ ကြက်ကြော်တွေ ဘယ်လိုလုပ်သလဲ သိရမယ်။ ဒီတော့ ဘာမှ မရှိသေးတဲ့ အဖြစ်ကနေ စတင်ရမှာကို ကျွန်တော် ဝန်မလေးဘူး”  ဟု အိုကာဝါရာက မီဒီယာတစ်ခုနှင့် တွေ့ဆုံရာ၌ ပြောပြသည်။ 

KFC ပထမဆုံးဆိုင်ကို နာဂိုရာတွင် ၁၉၇၀ ခုနှစ်တွင် အိုကာဝါရာ စတင်ဖွင့်လှစ်လိုက်သည်။ ဆိုင်ခန်းငှားခပင်လျှင် အနိုင်နိုင် ဖြစ်ရသည့်အထိ ရောင်းအား အခြေအနေက ဆိုးဝါးသည်။ နေစရာအိမ်လည်း မရှိတော့ချေ။ ဆိုင်မီးဖိုချောင်တွင် ဂျုံအိတ်များပေါ်မှာ သူ အိပ်ရသည်။ 

“ဒီဆိုင်မှာ ဘာရောင်းနေသလဲဆိုတာ သိတဲ့သူ မရှိသလောက်ပဲ။ ဆိုင်ရှေ့မှာ အမိုးအဖီထုတ်ထားတာ အဖြူနဲ့ အနီး အစင်းတွေနဲ့ KFC ရဲ့ အရောင်နှစ်ရောင်ကို သုံးထားတော့ တချို့သူတွေက ဆိုင်ထဲ ဝင်လာပြီး ဆံပင်ညှပ်ဆိုင် ထင်လို့ ဝင်လာတာလို့ ပြောကြတယ်။ ချောကလက် ရောင်းတာလားလို့ မေးတဲ့သူတွေလည်း ရှိတယ်”  သို့တိုင်အောင် အိုကာဝါရာ လက်မလျှော့ခဲ့ချေ။ ကာနယ်ဆင်းဒါး ကြက်ကြော် စားလို့ကောင်းတာ သေချာနေသည်။  “ကျွန်တော် မြည်းကြည့်လိုက်တိုင်း အရသာက ကောင်းနေတယ်။ ဒီလုပ်ငန်းက အိုကေမှာပါလို့ ယုံကြည်စိတ်ချမှု တိုးသွားတယ်” ဟု သူက ပြောပြသည်။ သို့သော် ဆိုင်က ပြုတ်လုပြုတ်ခင် ဖြစ်နေပြီ။

ထိုသို့ရှိရာမှ ကယ်တင်ခြင်းကို မလှမ်းမကမ်းတွင် တည်ရှိသေ ကက်သိုလစ်ကျောင်းမှ မယ်သီလရှင်တစ်ဦးက ပြုပေးခဲ့သည်ကို ကြုံကြိုက်သည်။ 

ကက်သိုလစ်ကျောင်းမှာ ခရစ်စမတ်ပွဲ ကျင်းပမည်။ သူ့ဆိုင်မှ ကြက်ကြော်ဖြင့် ဧည့်ခံမည်။ ထို့အတွက် အိုကာဝါရာက ခရစ်စမတ်ဘိုးဘိုးကြီးအဖြစ် ဝတ်စားဆင်ယင်ပြီး ပွဲမှာ မူကြိုကလေးများကို ဧည့်ခံပေးရမည်ဟု ဆိုလာသည်ကို အိုကာဝါရာက သဘောတူလိုက်သည်။ သူ့က ခရစ်စမတ်ဘိုးဘိုးကြီး စန်တာကလော့အဖြစ် ဝတ်ဆင်ပြီး ပွဲတက်ရာ သူ့ကို စန်ဆာ စံ ဟု ဂျပန်စကားဖြင့် ကလေးများက ခေါ်ကြသည်။ သူက ပွဲမှာ ကပြဖျော်ဖြေရ  လူကြိုက် များသည်။ ကနေရင်း သီချင်းထဲ ဆိုင်ကို ထည့်ကြော်ငြာသည်။ ဆိုင်၏ brand ဖြစ်သော KFC ကို ထည့်သုံးဖြစ်သည်။ “ကျွန်တော် ကပြတယ်။ ကြက်ကြော်ထည့်ထားတဲ့ ဘူးဝိုင်းကြီးကို လက်တစ်ဘက်မှာ ပိုက်ထားတယ်။ ပါးစပ်က သီချင်း အော်ဆိုတယ်။ ကင်တွတ်ကီ ခရစ်စမတ်၊ ကင်တွတ်ကီ ခရစ်စမတ်၊ ဟက်ပီး ဟက်ပီး ကင်တွတ်ကီ ခရစ်စမတ်  . . . ကျွန်တော့ဘာသာ လက်တန်း သီချင်းစပ်ပြီး ဆိုတယ်။ ကတယ်။ ကလေးတွေ သဘောကျကြတယ်”

မကြာခင်မှာပင် နောက်ထပ် မူလတန်းကျောင်းတစ်ကျောင်းကလည်း အလားတူပင် လုပ်ကိုင်ရာ သူ့ဆိုင်ကို ခရစ်စမတ်က ကယ်တင်နိုင်ဖွယ် ရှိကြောင်း အိုကာဝါရာ သတိပြုမိလိုက်သည်။ မြောက်ဝင်ရိုးစွန်း ရေခဲနေသည့် နှင်းထုဒေသမှ ရောက်လာသော ခရစ်စမတ်ဘိုးဘိုးကြီးကို ကလေးများ နှစ်သက်ကြသည်။ မိဘများက သဘောကျကြသည်။ ခရစ်စမတ်သည် ဂျပန်တို့အကြား နေရာယူထားပြီးပြီ ဖြစ်သည်။ လိုနေသည်မှာ ခရစ်စမတ် အကြိုတွင် စားသောက်လေ့ရှိသည့် ကြက်ဆင် ဖြစ်သည်ဟု သူ တွေးမိသည်။ ကြက်ဆင်အစား သူရောင်းချနေသည့် KFC ကြက်ကြော် အစားထိုးနိုင်လျှင် သူ့ဆိုင် အလုပ်ဖြစ်ပြီဟု စိတ်ကူးရသည်။ ဂျပန်မိသားစုတို့သည် တီဗီနှင့် ရုပ်ရှင်တို့မှတစ်ဆင့် ကြက်ဆင်စားသည့် ခရစ်စမတ် အစဉ်အလာကို သိထားကြသော်လည်း အိမ်မှာ ကြက်ဆင် စီစဉ်ဖို့ဆိုသည်မှာ လွယ်ကူသောအလုပ် မဟုတ်ချေ။ သို့ဖြစ်ရာ စန်တာစံက ကြက်ကျော်ဖြင့် အစားထိုးပေးဖို့ ကြံစည်လုပ်ကိုင်သည်။ စီးပွားကျနေသည်ကို ဆန်းသစ်တီထွင်ခြင်း INNOVATION ဖြင့် သူက ဖောက်ထွက်လိုက်သည်။ ပြုတ်လုနီးပါး ဖြစ်နေသော သူ့ဆိုင်နှင့် သေလုနီးပါးဖြစ်နေသော Brand  တို့ကို ပြန်လည် အသက်သွင်းပေးနိုင်ခဲ့သည်။ 

သူက ဘာကို ဆန်းစစ်တီထွင်လိုက်သနည်း။
============================
ခရစ်စမတ်ကို ရောင်ပြန်ဟပ်ပေးထားသည့် “Party Barrels” ကို သူ စီစဉ်ပြီး ရောင်းချသည်။ ဆိုင်ကိုလည်း ကာနယ်ဆန်းဒါးက ခရစ်စမတ်ဘိုးဘိုးကြီး စန်ဆာစံအဖြစ် အလှဆင်သည်။ KFC ၏ အမှတ်တံဆိပ်သည် ကာနယ်ဆန်းဒါးပုံကို အသုံးပြုထားပေရာ ကာနယ်ဆန်းဒါးသည်လည်း မုတ်ဆိတ်အရှည် ထားသူ ဖြစ်သဖြင့် ပုံမှားရိုက်ဖို့ အဆင်ပြေနေစေသည်။ အံဝင်ခွင်ကျ ဖြစ်နေတော့သည်။

Christmas “Party Barrels”  ဆိုသော စကားလုံးသည် ဂျပန်နိုင်ငံတစ်လွှား လူသိများသည့် စားစရာရောင်းကုန် ဖြစ်သွားသည်အထိ အောင်မြင်မှု ရရှိသည်။ KFC Japan သည် ဆိုင်ခွဲများ ထပ်မံဖွင့်လှစ်ခဲ့သည်။  “Kentucky for Christmas” ကမ်ပိန်းကို လုပ်ဆောင်သည်။ အိုကာဝါရာသည် KFC Japan ၏ CEO ဖြစ်လာသည်။ ခရစ်စမတ်နှင့် “Party Barrels” သည် ဂျပန်မိသားစုတို့အကြား တွဲလုံးတစ်ခုအဖြစ် ဓလေ့ထုံးတမ်း ဖြစ်သွားသည်။  ကြက်ဆင်သည် ကြက်ကြော် ဖြစ်သွားသည်။ မုတ်ဆိတ်ရှည် ကာနယ် ဆန်းဒါးသည် စန်တာစံ ဖြစ်သွားသည်။ KFC Japan သည် ခရစ်စမတ်ရောက်တိုင်း ဂျပန်စားသုံးသူဦးရေ သုံးသန်းခွဲကျော်တို့ စားသောက်ကြရန် party barrels ခုရေ သုံးသိန်း + Christmas pack ၈ သိန်း ရောင်းချရသည်။ 

 


Read 934 times.