Bars & Pubs

ကျေးလက်တောရဲ့ အေးချမ်းမှုကို ခံစားရင်း ထန်းရည်စစ်စစ်သောက်ကြမယ်

August 14, 2023

မြို့တွင်းက လူသူရှုပ်နေတဲ့ ဆိုင်တွေ၊ ဆူညံတဲ့ ဆိုင်တွေ ထိုင်ရတာ ငြီးငွေ့လာပြီဆိုရင် မြို့ပြင်ကို ခရီးတိုလေးထွက်သလို အပန်းဖြေအနားယူနိုင်မယ့်၊ ပင်ပန်းမှုတွေ၊ မွန်းကြပ်မှုတွေကြားကနေ လွတ်လပ်မှုကို အပြည့်အ၀ ခံစားနိုင်မယ့် ထန်းတောပုံစံ ဆိုင်လေးကို ညွှန်ပေးချင်ပါတယ်။ ဆိုင်လေးရဲ့ နာမည်က Million House ဖြစ်ပြီး ရန်ကုန်မြို့ပြနဲ့လည်း နီးတဲ့ လှည်းကူး-ဖောင်ကြီးလမ်းမပေါ်မှာ ရှိပါတယ်။

ဒီဆိုင်က ဓာတ်ပုံလှလှလေးတွေ ရိုက်ဖို့ရော၊ ထိုင်းအစားအသောက်ကောင်းတွေ ကြိတ်ဖို့ရော ရွေးချယ်သင့်တဲ့ ဆိုင်လေးပါ။ ဆိုင်က သစ်ပင်ပန်းမန်တွေနဲ့ စိမ်းလန်းစိုပြေနေပြီး ကျေးလက်ဆန်တဲ့ ဝါးအိမ် ဓနိတဲလေးတွေနဲ့ ပြင်ဆင်ထားတာကြောင့် မိသားစု၊ သူငယ်ချင်းတွေ အပန်းဖြေ အနားယူဖို့လည်း သင့်တော်ပါတယ်။

ဆိုင်မှာ အတွင်း၊ အပြင် နှစ်သက်ရာ နေရာမှာ ထိုင်လို့ရအောင် ဝိုင်းတွေ လုပ်ထားသလို သီးသန့်ဆန်တဲ့ တဲဝိုင်းလေးတွေလည်း ပြင်ဆင်ပေးထားပါတယ်။ သဘာ၀တရားကြီးကို နောက်ခံထားပြီး ဓာတ်ပုံရိုက်ဖို့ အလှနေရာတွေလည်း ဖန်တီးပေးထားပါတယ်။

 

Advertisement

Click Here > Urban

ဒီဆိုင်ရဲ့  ထူးခြားချက်က ပင်ကျရည်စစ်စစ် ထန်းရည်ကို ရောင်းတာမို့ မခါးဘဲ ချိုပါတယ်။ ထန်းရည်ကို မြေအိုးလေးနဲ့ ထည့်ပေးပြီး အိုးအပြင်မှာ ရေခဲတုံးလေးတွေပါ  စိမ်ပေးထားတော့ ချိုအေးမွှေးလေး သောက်လို့ကောင်းပါတယ်။

ထန်းရည်ချိုချိုလေးနဲ့ လိုက်ဖက်တဲ့ လယ်ကြွက်ကြော်၊ ဖားကြော်၊ ငုံးကြော်၊ ကြက်ကြော် စတဲ့ အမြည်းတွေလည်း ရပါတယ်။

ပြီးတော့ ဒီဆိုင်မှာက ကြာဇံကြော်၊ ခေါက်ဆွဲကြော်တို့လို ပုံမှန်မြင်တွေ့နေကျ ဟင်းပွဲတွေအပြင် ထိုင်းဟင်းလျာတွေ၊ ချဥ်ချဥ်စပ်စပ် အထောင်းမျိုးစုံနဲ့ သောက်စရာအအေးတွေလည်း ရှိပါတယ်။ 

ဟင်းပွဲအရသာတွေနဲ့ ပတ်သက်ပြီး ဒီဆိုင်က စားသုံးသူတွေထံက မှတ်ချက်ကောင်းတွေ ရထားပါတယ်။ ဒါပေမဲ့ ဟင်းပွဲစျေးနှုန်းတွေကတော့ Portion များများနဲ့ ၁၀,၀၀၀ ကျပ်အထက်တွေဆိုတော့ လက်ထဲ ငွေရွှင်တဲ့သူတွေအတွက်ပဲ ပိုအဆင်ပြေပါမယ်။ မိသားစုတွေ ဒါမှမဟုတ် သူငယ်ချင်းတွေ စုပြီး အပန်းဖြေခရီးထွက်သလို Vibe မျိုး ရချင်တယ်ဆိုရင်တော့ ဒီဆိုင်လေးက မဆိုးပါဘူး။ 

စနေ၊ တနင်္ဂနွေ ပိတ်ရက်မှာဆိုရင် သံစဉ်တွေကြား စီးမျောဖို့ Unplugged ဖျော်ဖြေရေးလည်း ရှိပါတယ်။ ထန်းရည်လေးသောက်လိုက်၊ အမြည်းလေးစားလိုက်၊ သီချင်းလေးငြီးလိုက်နဲ့ အေးဆေး Chill လို့ ရပါတယ်။

YBS လမ်းညွှန် - ဆူးလေကနေ YBS - ၁၀၇ စီး၊ လှည်းကူးတာဆုံမှာဆင်း၊ ဖောင်ကြီးဘက်သွားတဲ့ဘက် ၄၄ ထပ်စီး၊ လေးအိမ်တန်း (သို့) ငပိတဲ လို့ပြောပြီး ဆင်းရင် ရောက်ပါပြီ။ (လှည်းကူးတာဆုံမှာ ဆင်းပြီး မီနီအိုးဝေ ငှါးစီးလည်းရပါတယ်။) Booking တင်ထားချင်တယ်ဆိုရင်လည်း ဖုန်း 09777617719 ကို ဆက်သွယ်နိုင်ပါတယ်။ 


Read 688 times.