Cafes & Restaurant

သာမန်နဲ့ ကွဲထွက်နေတဲ့ အမှတ်တရလေးတွေ ဖန်တီးလို့ရမယ့် ကိတ်ဆိုင်လေး

January 9, 2024

ပိတ်ရက်မှာ သူငယ်ချင်းတွေနဲ့ ဖြစ်ဖြစ်၊ ချစ်သူနဲ့ ဖြစ်ဖြစ် ဒိတ်လို့ကောင်းမယ့် နေရာလေး ရှာနေတယ်ဆိုရင် Untitled Dessert Studio လေးမှာ ပုံမှန် ကော်ဖီဆိုင်တွေ၊ ကိတ်ဆိုင်တွေနဲ့ မတူတဲ့ အမှတ်တရကောင်းတွေ ဖန်တီးလို့ရပါတယ်။ ဘယ်လို Activity တွေ လုပ်လို့ရလဲ? ဘာတွေ ပြင်ဆင်ပေးထားလဲ? ဘယ်လို မီနူးတွေရလဲ? ဆိုင်အပြင်အဆင် ဘယ်လို ရှိလဲ? ဆိုတာတွေကို အောက်မှာ ဆက်ပြောပြပေးသွားပါမယ်။

May be an image of table and indoors

ကိုယ်ဒိတ်မယ့်နေရာက လူရှင်းပြီး တိတ်ဆိတ်အေးချမ်းတာကို လိုချင်တာဆိုရင် ၄၇ လမ်း၊ အပေါ်ဘလောက်မှာ တည်ရှိပြီး ဆိုင်နေရာ ကျယ်ဝန်းတဲ့ ဒီ Dessert ဆိုင်လေးကို ရွေးချယ်သင့်ပါတယ်။ သူ့ဆိုင်မှာ သဘောကျစရာ အကောင်းဆုံးအချက်က စိတ်ကို တည်ငြိမ်စေတဲ့ DIY Activity လေးတွေ လုပ်ဆောင်လို့ ရပါတယ်။ ဒါကြောင့် သာမန် ကော်ဖီဒိတ်နဲ့ မတူဘဲ အမှတ်တရကောင်းတွေ ဖန်တီးနိုင်မှာပါ။

ဘယ်လို DIY Activities လေးတွေ လုပ်လို့ရလဲ?

May be an image of chiffon cake

၁။ ကိတ်အလှဆင်ခြင်း - ၂ လက်မ၊ ၄လက်မ၊ ၆လက်မနဲ့ ၈လက်မ Cake လေးတွေကို စိတ်ကြိုက်ပုံဖော်လို့ ရပါတယ်။ ဆိုင်က လုပ်ပြီသား ကိတ်သားပေါ်မှာ ကိုယ်ကြိုက်တဲ့ ဒီဇိုင်းလုပ်ရုံပါပဲ။ ဒီဇိုင်းလုပ်ဖို့အတွက် လိုအပ်တဲ့ Cream တွေ၊ Cake Accessories တွေကို ဆိုင်က အကုန်ပေးပါတယ်။ Cake လေးတွေကို လက်ဆောင်ပေးဖို့ဖြစ်ဖြစ်၊ ချစ်တဲ့သူနဲ့ အတူတူ ပုံဖော်ချင်တာဖြစ်ဖြစ် အဆင်ပြေပါတယ်။ ကိတ်က လုပ်ပြီးရင် ဆိုင်မှာ တစ်ခါတည်း ထိုင်စားလို့ရသလို အိမ်ပြန်သယ်သွားလို့လည်း ရပါတယ်။ 

၂။ အိုးပုတ်ဆေးခြယ်ခြင်းနဲ့ ပုံဆွဲခြင်း - ငယ်ဘ၀ကို ပြန်လည်အမှတ်ရစေတဲ့ မြေအိုးပုတ်လေးတွေကို အရောင်ခြယ်ပြီး ပုံဆွဲလို့ရမယ့် Activity ပါ။ ဒီ Activity က လူကြီးတွေရော ကလေးတွေအတွက်ပါ တီထွင်ဖန်တီနိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပါတယ်။ နောက်ပြီး ကိုယ်က ပန်းချီဆွဲရတာ ဝါသနာပါတယ်၊ နားအေးပါးအေးရှိတဲ့နေရာလေးမှာ ခံစားချက်ကောင်းကောင်းနဲ့ ပုံဆွဲချင်တာဆိုရင်လည်း ကိုယ်ပိုင်ပစ္စည်းလေးတွေ ယူသွားပြီး ဖန်တီးနိုင်ပါတယ်။

No photo description available.
 
၃။ ချည်ထိုးခြင်း - ကိုယ်ပိုင် Handmade ပစ္စည်းလေးတွေကို ချည်ထိုးရင်း ပုံဖော်ဖန်တီးချင်သူတွေအတွက် ရောင်စုံချည်လုံးလေးတွေနဲ့ လိုအပ်တဲ့ပစ္စည်းလေးတွေကိုလည်း ထားပေးထားပါတယ်။ ချည်ထိုးတတ်တဲ့သူတွေအတွက်တော့ အပျင်းပြေစေမယ့် နေရာလေးပါ။ 

May be an image of macrame, lace and text

၄။ စာဖတ်ခြင်း - မုန့်လေးစားရင်း စာအုပ်ဖတ်ချင်သူတွေအတွက် စာအုပ်စင်လေးလည်း ရှိပါတယ်။ ဆရာမခင်ခင်ထူး၊ ဂျူး၊ မိုးမိုး (အင်းလျား)၊ ဂျာနယ်ကျော်မမလေး၊ ခင်နှင်းယု၊ တက္ကသိုလ်ဘုန်းနိုင်တို့အပြင် တခြားစာရေးဆရာတွေရဲ့ စာအုပ်တွေပါ ရှိတာမို့ တိတ်တိတ်ဆိတ်ဆိတ် ကောင်းမွန်တဲ့ Quality Time ကို စာဖတ်ရင်း ကုန်ဆုံးနိုင်ပါတယ်။

May be an image of indoors

၅။ ပန်းစည်းပြုလုပ်ခြင်း - စားသောက်ရင်း ကြုံတုန်းလေး ပန်းစည်းလှလှလေးတွေကို အကြိုက်ရွေးဝယ်လို့ ရပါတယ်။ ဝါသနာပါလို့ ကိုယ်တိုင် ပန်းစည်းအလှ ပြုလုပ်တတ်ချင်တာဆိုရင်လည်း ဆိုင်ရှင်အမကိုယ်တိုင် သင်ပေးတဲ့ ရက်တိုသင်တန်းလေးတွေ ရှိပါတယ်။ စိတ်ဝင်စားရင် စုံစမ်းပြီး တက်လို့ရပါသေးတယ်။ ပန်းလေးတွေနဲ့ ဓာတ်ဖမ်းချင်တာဆိုရင်လည်း ပုံလှလှလေးတွေ ရိုက်ခဲ့လို့ရပါတယ်။   

May be an image of peony, prairie gentian and baby's-breath

Activity တွေအကြောင်း ပြောပြီးသွားပြီဆိုတော့ အစားအသောက်အကြောင်း ပြောပါမယ်။ Dessert မှာဆိုရင် Tarts၊ Cupcakes၊ Cookies၊ Brownies နဲ့ Cheese Cake တို့ရပါတယ်။ Food Menu အနေနဲ့က ဆိတ်မွှထမင်း၊ ကြက်မွှထမင်း၊ လက်ဖက်ထမင်း၊ ခေါက်ဆွဲပြုတ် စသဖြင့် ဗိုက်၀စေမယ့် မီနူးတွေ ရပါတယ်။ သောက်စရာဆိုရင် Soda Drinks နဲ့ Juice တို့ပဲ ရှိပါသေးတယ်။

ဆိုင်အပြင်အဆင်ကတော့ DIY Activity လေးတွေလုပ်ဖို့ နေရာကျယ်ကျယ်ဝန်းဝန်းရှိပြီး တိုက်အဖြူလေးမို့ မျက်စိအေးပါတယ်။ ကိတ်ဆိုင်ဆိုတာထက် နွေးထွေးတဲ့ ရှေးဟောင်းအိမ်လေးတစ်လုံးပုံစံ ပြင်ဆင်ထားတာဖြစ်တဲ့တွက် ငယ်ဘ၀ကို ပြန်လွမ်းသွားစေပါတယ်။ သူ့ဆိုင်ကို Pet လေးတွေလည်း ခေါ်ဆောင်သွားလို့ ရပါတယ်။

Event Planning ဝန်ဆောင်မှုရှိလို့ Private Event လေးတွေ၊ Workshop လေးတွေ လုပ်ချင်တာမျိုးရှိရင် နာရီအလိုက် နေရာငှါးလို့ ရပါတယ်။ Community Based Organization တွေအတွက်ကိုတော့ စျေးနှုန်းသီးသန့်ရှိတာမို့ ပွဲကျင်းပဖို့နေရာ ရှာနေတယ်ဆိုရင် ကိုယ့် Event Proposal လေးကို untitled.cafedecreativespace@gmail.com ကို ပေးပို့နိုင်ပါတယ်။

Address - No (172), 47th Street (Upper Block), Botahtaung Township, Yangon. 
Phone - 09 42011 1172


Read 257 times.