Cafes & Restaurant

ကန်တော်ကြီးပန်းခြံဝန်းထဲမှာ ရှိတဲ့ စားသောက်ဆိုင် (၉) ဆိုင်

December 11, 2023

ကန်တော်ကြီးထဲမှာ မနက်ခင်း လေ့ကျင့်ခန်း လုပ်ရင်း မနက်စာ ဘယ်မှာ စားမလဲ? ကန်တော်ကြီးထဲမှာ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့အတူ အပန်းဖြေရင်း နေ့လည်စာနဲ့ ညစာကို ဘယ်မှာ စားရမလဲ? ဆိုတာတွေကို သိချင်တဲ့သူတွေအတွက် ကန်တော်ကြီးပန်းခြံထဲက နာမည်ကောင်းနဲ့ ရပ်တည်နေတဲ့ စားသောက်ဆိုင် (၉) ဆိုင်ကို ဖော်ပြပေးချင်ပါတယ်။

(၁) Sky Lake View 

ဒီဆိုင်က မနက်ခင်းအစားအသောက်တွေ၊ နေ့လယ်စာနဲ့ ညစာအတွက် BBQ၊ ထိုင်းစာ၊ တရုတ်စာတွေ ရတဲ့ ကရဝိတ်အနီး၊ ကန်သာယာစင်တာအရှေ့က ဝင်ပေါက်၊ ကန်တော်ကြီးထဲက ဆိုင်ဖြစ်ပါတယ်။ အပြင်ဘက် ကန်တော်ကြီး Lake View ဘေးမှာ လေညှင်းခံရင်း သုံးဆောင်လို့ရသလို အတွင်းဘက် အဲကွန်းခန်းမှာလည်း အေးဆေး ထိုင်စားလို့ရပါတယ်။

ဒီဆိုင်မှာ မြန်မာ့ရိုးရာမနက်စာတွေအပြင် မန္တလေးအရသာစစ်စစ် နန်းလတ်သုပ်တွေနဲ့ ထမင်းပေါင်း၊ ရှမ်းရိုးရာအစားအစာတွေ၊ အိန္ဒိယအစားအစာတွေအထိ အစုံရှိပါတယ်။ သောက်စရာအနေနဲ့ကတော့ အနံ့လေးသင်းနေတဲ့ နှပ်ကော်ဖီ၊ မလိုင်ဖက်များများနဲ့ စီလုံတီး၊ ချိုဆိမ့်၊ ပေါ့ဆိမ့်၊ ပုံမှန်နဲ့ ဖန်ချို စတဲ့ အရသာ မျိုးစုံရှိတဲ့ လက်ဖက်ရည်တို့အပြင် နွားနို့ပါ ရပါတယ်။ ညနေခင်း ရှုခင်းလေး ငေးရင်း Chill ဖို့ Mocktail တို့၊ Juice တို့လည်း ရပါတယ်။ 

09 789407772 , 09 881110655 

(၂) Yoon Kitchen

အုပ်စုတောင့်ပြီး မိသားစုမှာ လူများတယ်ဆိုရင် ဒီဆိုင်လေးကို သွားဖို့ အကြံပြုပါတယ်။ သူ့ဆိုင်က ခန့်ခန့်ညားညား ရှိပြီး တော်တော်လေး ကျယ်ဝန်းပါတယ်။ အစားအသောက်မှာဆိုရင် မနက်စာ၊ နေ့လည်စာ၊ ညစာ (၃) မျိုးလုံး ရပါတယ်။ ဆိုင်မှာ ရတဲ့ မီနူးတွေကိုတော့ အောက်ကလင့်ခ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

>> https://shorturl.at/clpw1 (မနက်စာ)

>> https://shorturl.at/DIUW1 (နေ့လယ်စာနဲ့ ညစာ)

မနက် ၁၁:၃၀ ကနေ ၁:၃၀ အထိ Band အစီအစဉ်လည်း ရှိပါသေးတယ်။ လိပ်စာကတော့ ကရဝိတ်အနီး၊ ကန်ရိပ်သာလမ်းဝင်ပေါက်ဘက်ခြမ်းမှာ ရှိပါတယ်။ 

09 780 000166

(၃) တောသူမ

ဒီဆိုင်လေးကတော့ ကန်တော်ကြီး မျှော်စင်ကျွန်း ဝင်ပေါက်နားလေးမှာတင် ရှိတဲ့ Halal ဆိုင်လေး ဖြစ်ပါတယ်။ မနက်စာအတွက် လက်ဖက်ရည်၊ ဂျင်းတီး၊ မဆလာတီး၊ တိုရှည်၊ ပူရီ၊ ပလာတာ၊ ချာပါတီတို့အပြင် ဆိုင်ရဲ့ Signature Menu တွေဖြစ်တဲ့ ကြက်ကင်မွှေး၊ အမဲမိုးခိုကင်၊ ကြက်ထောင်းကင်မွှေးတို့လည်း ရပါတယ်။ မြန်မာမုန့်တွေအပြင် Soft Drinks ချိုချိုအေးအေးလေးတွေရဲ့ အရသာကို ခံစားရင်း Breakfast ကနေ Dinner အဆုံး အရသာရှိရှိ သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။

09 787 622222

Advertisement

Click Here > San Brotherhood

(၄) ချဉ်ငံစပ်

ဆိုင်နာမည်လေးအတိုင်း ချဉ်ငံစပ်အရသာ ထိထိမိမိလေးတွေ စားချင်ရင် ဒီဆိုင်မှာ ထိုင်ကြည့်ပါ။ မြစ်ကြီးနားစာနဲ့ ရှမ်းစာလေးတွေ ရပါတယ်။ စျေးနှုန်းကတော့ ဘတ်ဂျတ်ဖြစ်တဲ့အတွက် သူငယ်ချင်းတွေစုပြီး စားမယ်ဆိုရင် ပိုတန်ပါတယ်။ အချဉ်အငံအစပ်လေးတွေ စားပြီးရင် အချိုတည်းဖို့ သဘာ၀သစ်သီးနဲ့ လုပ်ထားတဲ့ ဖျော်ရည်တွေနဲ့ ရေခဲချောင်းလေးတွေကို စားလို့ရပါတယ်။ အထောင်း၊ အသုပ်၊ အကြော်၊ ခေါက်ဆွဲနဲ့ တခြားဟင်းပွဲတွေလည်း ရပါတယ်။ ဆိုင်တည်နေရာကတော့ တောသူမဆိုင်ရဲ့ ဘေးနားလေးမှာပဲ ရှိပါတယ်။ 

09 787 865666

(၅) Yum We Go

ကိုရီးယားစားသောက်ဆိုင်မှာ Halal ဆိုင်က ရှားတော့ ကန်တော်ကြီးထဲက Yum We Go ဆိုတဲ့ ကိုရီးယားစာလေးတွေ ရောင်းတဲ့ ဆိုင်ကိုလည်း ညွှန်ပေးချင်ပါတယ်။ သူ့ဆိုင်မှာ ဘူလ်ဂိုဂီ၊ တော့ပူကီ၊ ကိုရီးယားထမင်းသုပ်၊ ကင်မ်ချီဂျီဂဲ (အရည်သောက်)၊ ကိုရီးယားကြက်ကြော်၊ ပဲခေါက်ဆွဲ၊ ထမင်းလိပ်၊ ပန်ကိတ် စသဖြင့် ကိုရီးယားအစားအစာတွေ အစုံ ရပါတယ်။ ဆိုင်ကတော့ ချဉ်ငံစပ်ဆိုင်ရဲ့ ဘေးကပ်ရပ်မှာပဲ ရှိပါတယ်။

09 757 757911

(၆) The Round House

ဒီဆိုင်ကတော့ Fine Dining ပုံစံကိုမှ မြန်မာဆန်တဲ့ အသွင်အပြင်နဲ့ တခမ်းတနား ရှိနေတဲ့ စားသောက်ဆိုင်ဖြစ်ပါတယ်။ ဆိုင်ကတော့ မျက်စိအထူးကုဆေးရုံရဲ့ မျက်နှာချင်းဆိုင် ကန်တော်ကြီး ဝင်ပေါက်မှာ ရှိပါတယ်။ သူ့ဆိုင်မှာ မနက်စာကနေအစ နေ့လယ်စာနဲ့ ညစာအထိပါ ရပါတယ်။ မနက်စာအနေနဲ့ ရှမ်းအစားအစာတွေ၊ ထမင်းကြော်၊ ပေါက်ဆီ၊ ပေါင်မုန့်၊ ပလာတာ၊ တိုရှည် စတာတွေ ရပါတယ်။ သောက်စရာအနေနဲ့ ကော်ဖီတို့၊ အသီးဖျော်ရည်တို့လည်း ရပါတယ်။ နေ့လည်စာနဲ့ ညစာအတွက်ကတော့ ထမင်းနဲ့ ဟင်းပွဲတွေကို မှာယူသုံးဆောင်နိုင်ပါတယ်။ 

09 880 177225

(၇) Western Park

ဆိုင်နေရာကျယ်ကျယ်ဝန်းဝန်းမှာ Fine Dining ပုံစံ Lunch ဖြစ်ဖြစ်၊ Dinner ဖြစ်ဖြစ် ဒိတ်ချင်သူတွေအတွက် မဟာမြိုင်ကျွန်း၊ ကန်တော်ကြီးဝန်းအတွင်းမှာ Western Park ဆိုတဲ့ ဆိုင်ရှိပါတယ်။ သူ့ဆိုင်ရဲ့ Signature မီနူးကတော့ ပီကင်းဘဲကင် ဖြစ်ပါတယ်။ တခြားသော ဟင်းပွဲတွေအနေနဲ့ ဝက်ဟင်းလျာ၊ ကြက်ဟင်းလျာ၊ ပုစွန်ဟင်းလျာ၊ ငါးဟင်းလျာ၊ ပင်ယ်စာဟင်းလျာနဲ့ အရည်သောက်တွေအပြင် ခေါက်ဆွဲကြော်၊ ထမင်းကြော်တို့လည်း ရပါတယ်။ အရသာကောင်းသလို စျေးနှုန်းကလည်း ကောင်းပါတယ်နော်။ 

09 782 222553

(၈) Signature Fine Dining & the Garden Bistro

ရှုခင်းလှပြီး အပန်းဖြေလို့ကောင်းတဲ့ နောက်ထပ် Fine Dining ဆိုင်တစ်ဆိုင်ကို ပြောပြပေးချင်ပါတယ်။ သူ့ဆိုင်ကတော့ Signature Fine Dining & the Garden Bistro ဖြစ်ပြီး ကမ္ဘာအေးဘုရားလမ်းနဲ့ ကန်ရိပ်သာလမ်းထောင့်က ကန်တော်ကြီးဝန်းထဲမှာ ရှိပါတယ်။ ဆိုင်မှာ ရနိုင်တဲ့ မီနူးတွေကတော့ မနက်စာကနေ စပြီး နေ့လည်၊ ညစာအထိပါ ရပါတယ်။ ဒင်မ်ဆမ်းနဲ့ တရုတ်အစားအစာ၊ အာရှအစားအစာ၊ ဥရောပအစားအစာတို့ ရှိပါတယ်။ 

09-422831690,  09-422831691,  01-546488,  01-558827,  01-558828

(၉) Malibu Plus 

ကန်တော်ကြီး မျှော်စင်ကျွန်းထဲမှာ ရှိတဲ့အတွက် ဆိုင်ထိုင်းရင်း ကန်တော်ကြီးကန်အလှနဲ့ ကရဝိတ်နန်းတော် View ကို လှမ်းပြီး ခံစားနိုင်ပါတယ်။ အပြင်ဘက်ဝိုင်း ကန်ဘေးမှာ သဘာ၀လေလေးတဖြူးဖြူးနဲ့ အေးဆေးထိုင်လို့ ရသလို အထဲဘက်မှာဆိုလည်း အဲကွန်း မှန်လုံခန်းဖြစ်တဲ့အတွက် အပြင်ဘက်က ရှုခင်းအလှကို မြင်တွေ့နိုင်ပါတယ်။ 

အစားအသောက်အနေနဲ့ကတော့ ထိုင်းလူမျိုး Chef နဲ့ ဝါရင့် Chef တွေ ကိုယ်တိုင် ချက်တဲ့ ထိုင်းအစားအစာတွေ အဓိက ရောင်းတဲ့ဆိုင်ဖြစ်ပြီး အရသာကောင်းတာမို့ စာသုံးသူ အခိုင်အမာရထားတဲ့ဆိုင်လေးဖြစ်ပါတယ်။ မိသားစုနဲ့အတူ၊ ချစ်ရသူနဲ့အတူ ဆိုင်လှလှလေးမှာ နေ့လည်စာ၊ ညစာ ဒိတ်ချင်တဲ့သူတွေအတွက် အထူးသင့်တော်ပါတယ်။  

09 9500 99991 ၊ 09 9500 99992 


Read 1398 times.