Cafes & Restaurant

ကိုရီးယားစာကို စျေးတန်တန်နဲ့ စားလို့ရမယ့် ဘတ်ဂျက်ဆိုင်လေး

August 17, 2023

ဒီဆိုင်လေးက မြောက်ဥက္ကလာပမြို့နယ်၊ ဆေးတက္ကသိုလ် (၂) ရှေ့မှာ ဖွင့်ထားတဲ့ ဆိုင်လေးပါ။ လက်ထဲမှာ ငွေ (၁၀,၀၀၀) လောက်ပဲ ရှိရင်တောင် မီနူး (၄) မျိုး၊ (၅) မျိုးလောက်ကို ဗိုက်အ၀စားနိုင်မယ့် ဆိုင်လေးဖြစ်တဲ့အတွက် ဘတ်ဂျက်ဆိုင်လေးလို့ ပြောရတာပါ။ 

ဆိုင်လေးက ဘတ်ဂျတ်ဆိုင်လေးလည်းဖြစ်သလို ကိုရီးယား အစားအသောက်တွေရော ဂျပန်စာတွေပါ အစုံရတာကြောင့် လူငယ်တွေကြား နာမည်ကြီးပြီးသားပါ။ ဆိုင်နာမည်ကတော့ NK Korean & Japanese Food House ဖြစ်ပါတယ်။ 

Advertisement

Click Here > Thein Gi Shwe Sin

ဒီဆိုင်မှာ ပေါ့ပေါ့ပါးပါး စားလို့ရတဲ့ မီနူးလေးတွေဆို စျေးက (၂,၀၀၀) လောက်ကနေ စရှိပါတယ်။ ကိုရီးယားဆိုင်တွေ သွားရင် မစားမဖြစ် စားရမယ့် Army Stew ပူပူစပ်စပ်လေးဆို သူ့ဆိုင်မှာ တစ်သောင်းခွဲဝန်းကျင်လောက်နဲ့ စားလို့ရပါတယ်။ သူများဆိုင်တွေ ပရိုမိုးရှင်းချပေးထားတဲ့ စျေးလောက်ပဲ ရှိတာပါ။ ဒီတစ်အိုးမှာဆို ကြက်/ဝက်/အမဲ အသားတစ်မျိုးမျိုး၊ Sausage ချောင်း၊ တော့ပိုကီ၊ Fishcake တွေအပြင် ငုံးဥ၊ ပဲပြား၊ ကင်ချီ၊ အပ်မှို၊ ချိစ်ပြားနဲ့ ခေါက်ဆွဲတွေ အစုံထည့်ပေးထားတာ အိုးအပြည့်ပါပဲ။ အနည်းဆုံး လူနှစ်ယောက်လောက် အေးဆေးစားလို့ရပါတယ်။ တစ်ယောက်ကို (၈,၀၀၀) ကျပ်တည်းနဲ့ Army Stew ကို အပီဆွဲလို့ရပါပြီ။ 

ဒီဆိုင်ရဲ့ နောက်ထပ် သဘောကျစရာက Couple Set တွေ၊ Family Set တွေက စျေးအရမ်းတန်ပါတယ်။ စပိုင်စီခေါက်ဆွဲ/ပဲခေါက်ဆွဲ၊ ကြက်/ဝက်သားကင်၊ ထမင်းလိပ်၊ အာလူးချောင်းကြော်၊ သခွားသီကင်ချီရယ် အမယ် (၅) မျိုးပါ Couple Set ကိုမှ ၁၆,၀၀၀ ပဲရှိပါတယ်။ 

Family Set မှာဆိုရင် ကိုရီးယား စပိုင်စီခေါက်ဆွဲရယ်၊ ပဲခေါက်ဆွဲရယ်၊ ကြက်/ဝက်သားကင်၊ ရေညှိထမင်းလုံး၊ ကြက်ဥလိပ်၊ သခွါးသီးကင်ချီ အမယ် (၆) မျိုး ပါတာကိုမှ ၂၀,၀၀၀ ဝန်းကျင်လောက်ပါပဲ။ နှစ်ယောက်ပေါင်းစားလို့ရတဲ့ Bulgogi အသားကင်တစ်ပွဲကို (၆,၀၀၀) - (၇,၀၀၀) လောက်နဲ့ဆိုတော့ စားပျော်ပါတယ်။ အချို၊ အစပ် အရသာ (၂) မျိုး ရွေးလို့ရပါတယ်။

ပင်လယ်စာချက်တွေကတော့ လတ်လတ်ဆတ်ဆတ်နဲ့ အကောင်ကြီးတွေကို အနှစ်စပ်စပ်လေးနဲ့ ထည့်ချက်ပေးထားတော့ တစ်ပွဲ ၁ သောင်းလောက်တော့ ကျပါမယ်။

သူ့ဆိုင်က Chicken popcorn ဆိုရင် မသေးမကြီး ကြက်သားတုံး ၁၅ တုံးထက်မနည်း ပါပြီး အပေါ်က ကိုရီးယားဆော့စ် များများလေး ဆမ်းထားတဲ့ တစ်ပွဲကိုမှ ၆,၀၀၀ ကျပ်ပဲဆိုတော့ အမုန်းသာ စားပေတော့။ 

ပေါ့ပေါ့ပါးပါး စားလို့ရတဲ့ တော့ပိုကီ၊ Fishcake၊ ရေညှိထမင်းလုံး၊ ထမင်းလိပ်၊ ကိုရီးယား ပန်ကိတ်၊ ကြက်ဥလိပ်၊ မြေအိုးကြက်ဥပေါင်းလေးတွေဆို တစ်ပွဲ ၂,၀၀၀ - ၃,၀၀၀ ဝန်းကျင်လေးတွေပဲ ရှိပါတယ်။

စားပြီး သောက်ပြီး အချိုတည်းမယ့် သူလေးတွေတွက် NK မှာ ကော်ဖီနဲ့ ဖျော်ရည်တွေ အပြင်၊ ဆိုဒါ၊ Smoothie၊ Bubble Tea၊ ရေခဲမုန့်တွေပါ အစုံရပါတယ်။ သူငယ်ချင်းတွေ စုသွားပြီး အမေရိကန်စတိုင် ပိုက်ဆံရှင်းမယ်ဆိုရင်တော့ ဒီဆိုင်လေးက ရွေးချယ်သင့်တဲ့ ဆိုင်ပါ။ 

ဆိုင် Information အသေးစိတ်

>> https://www.restaurantguide.com.mm/listing/nk-korean-japanese-food-house-l00306428.html

မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့ စားသောက်ဆိုင်တွေ၊ ဘားတွေ၊ ကိတ်ဆိုင်တွေ၊ ဒံပေါက်ဆိုင်တွေရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်တွေကို မြန်မာစားသောက်ဆိုင်လမ်းညွှန်မှာ အလွယ်တကူ ဝင်ရောက်ရှာဖွေနိုင်ပါတယ်။ 

>> https://www.restaurantguide.com.mm/directory.html


Read 289 times.