Healthy Food

ဘာကြောင့် ဆလတ်ရွက်က စားသောက်ဆိုင်တွေရဲ့ မရှိမဖြစ် အရွက်တစ်မျိုးဖြစ်နေရတာလဲ?

November 21, 2020

ဆလတ်ရွက်ဆိုတာနဲ့ အရွက်ဖားဖားတွေနဲ့ စိမ်းစိုနေတဲ့အရွက်တစ်မျိူးကို ပြေးမြင်ကြပါလိမ့်မယ်။ နောက်ပြီး ဆလတ်ရွက်ကို စားသောက်ဆိုင်တော်တော်များများမှာ တွဲဖက်စားရတဲ့ အရွက်တစ်မျိုးအနေနဲ့ တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ဆလတ်ရွက်ဟာ အရသာကောင်းမွန်တဲ့အပြင် ဗီတာမင်နဲ့ အာဟာရဓာတ်များစွာလဲ ပါဝင်ပါတယ်။ ဗီတာမင် ကေ နဲ့ အေကြွယ်ဝစွာပါဝင်တဲ့အပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများစွာလဲ ပါဝင်နေပါတယ်။

ဒါ့ကြောင့် ဆလတ်ရွက် စားသုံးခြင်းကြောင့် ရရှိနိုင်တဲ့ ကျန်းမာရေးကောင်းကျိုးအချို့ကို မျှဝေပေးလိုက်ပါတယ်။

 

(၁) ကိုယ်အလေးချိန်ကျစေခြင်း

ဆလတ်ရွက် ၂ခွက်စာမှာ ကယ်လိုရီစုစုပေါင်း ၅ကယ်လိုရီသာပါဝင်တာမို့ ကိုယ်အလေးချိန်ကျလိုသူများ စားသင့်သောအရွက်ထဲတွင် ပါဝင်ပါတယ်။ ထို့ပြင် diet လုပ်နေသူများအတွက် လိုအပ်သော အာဟာရဓာတ်များကိုလဲ ဆလတ်ရွက်ကပေးစွမ်းနိုင်ပါသေးတယ်။ အဆီဓာတ် မပါရှိတဲ့ အပြင် အမျှင်ဓာတ်ကြွယ်ဝတာမို့ သင့်ကို ကြာကြာ အဆာခံစေပါလိမ့်မယ်။ ဒါကြောင့် ကယ်လိုရီများတဲ့ အစားအစာတွေရောင်းတဲ့ စားသောက်ဆိုင်တွေမှာ ဆလတ်ရွက်ကို တွဲဖက်စားဖို့ ထားရှိပေးတာ ဖြစ်ပါတယ်။


(၂) ဦးနှောက်ကျန်းမာရေးကိုကောင်းမွန်စေခြင်း

ဦးနှောက်ဆဲလ်များ ပျက်စီးသေဆုံးရာကနေ သတိမေ့ရောဂါလို့ အလွယ်တကူခေါ်ကြသော အယ်လ်ဇိုင်းမားကဲ့သို့ ဦးနှောက်ရောဂါများ ဖြစ်ပေါ်လာစေပါတယ်။ ထိုသို့မဖြစ်ရအောင် နေ့စဉ် ဆလတ်ရွက်ကို စားပေးသင့်ပါတယ်။ ဆလတ်ရွက်မှာ နိုက်ထရိတ်ဓာတ်ပါဝင်တာကြောင့် အသက်ကြီးလို့ဖြစ်တဲ့ ဦးနှောက်ရောဂါများနဲ့ မှတ်ဉာဏ်ကျဆင်းခြင်းတို့ကို ကာကွယ်ပေးပါတယ်။


(၃)နှလုံးကျန်းမာရေးအတွက်အထောက်အကူပြုခြင်း

ဆလတ်ရွက်ဟာ ဖောလိတ်ဓာတ်ပြည့်ဝစွာပါဝင်သော အရွက်တစ်မျိူးဖြစ်တဲ့အတွက် နှလုံးသွေးကြောကို ဖျက်ဆီးသော ဓာတ်ပေါင်းများပေါ်ထွက်ခြင်းမှ ကာကွယ်ပေးပါတယ်။ ဒါကြောင့် နှလုံးသွေးကြောအဆီဖုံးခြင်းနှင့် နှလုံးသွေးကြောကျဉ်းခြင်းကို တားဆီးပေးနိုင်ပါတယ်။ ထို့ပြင် ဗီတာမင်အေနဲ့ စီပါဝင်တာမို့ နှလုံးသွေးကြောများကို သန်မာစေပါတယ်။ သွေးလှည့်ပတ်မှုကိုလဲကောင်းမွန်စေတာမို့ နှလုံးရောဂါများဖြစ်ပေါ်ခြင်းကို လျှော့ချပေးနိုင်ပါတယ်။

 

(၄)ကင်ဆာရောဂါကာကွယ်ပေးခြင်း

ဆလတ်ရွက်ပုံမှန်စားပေးခြင်းဖြင့် အစာအိမ်ကင်ဆာရောဂါကိုကာကွယ်နိုင်ပါတယ်။ ထို့ပြင် ပါးစပ်ကင်ဆာ၊အစာရေမျိူကင်ဆာနဲ့လည်ချောင်းကင်ဆာကိုပါ ကာကွယ်နိုင်ကြောင်း ကင်ဆာသုတေသနအဖွဲ့တစ်ခုက တင်ပြထားပါတယ်။ BBQတွေ လမ်းဘေး အကင်တွေကြိုက်တဲ့ Foodieတွေ အနေနဲ့ မဖြစ်မနေ ဆလတ်ရွက်ကို စားသုံးပေးကြပါနော်။ နောက်ပြီး ဂျပန်နိုင်ငံလေ့လာရေးအဖွဲ့တစ်ခုအရ ဆလတ်ရွက်စားခြင်းဖြင့် အဆုတ်ကင်ဆာကို ကာကွယ်နိုင်ကြောင်းတွေ့ရှိရပါတယ်။
 
 

(၅)ဆီးချိူရောဂါကိုကာကွယ်ပေးခြင်း 

အချိုကြိုက်တဲ့သူတွေအတွက် ဒီအချက်ကို သိထားဖို့ လိုအပ်ပါတယ်။ ဆလတ်ရွက်ကို ပုံမှန်စားပေးခြင်းဖြင့် type 2 ဆီးချိူကို ကာကွယ်နိုင်ကြောင်း လေ့လာတွေ့ရှိချက်များစွာ ရှိပါတယ်။ ထို့ပြင် ဆလတ်ရွက်၂ခွက်စာမှာ ၅ကယ်လိုရီနဲ့ ကစီဓာတ် ၂ဂရမ်သာပါဝင်တာမို့ ဆီးချိူသမားများ စိတ်ချစွာ စားသုံးနိုင်ပါတယ်။

 

(၆)အစာချေစနစ်ကောင်းမွန်စေခြင်း

ဆလတ်ရွက်မှာပါသော အမျှင်ဓာတ်များစွာက သင့်ကိုအစာကြေစေပြီး ဝမ်းမှန်စေဖို့ အထောက်အကူပြုပါလိမ့်မယ်။ လေပွခြင်းနဲ့အစာအိမ်အနာများကိုပါ သက်သာစေမှာပါ။ ဒါကြောင့် Buffet ဆိုင်တွေ Hotpot နဲ့ BBQ ဆိုင်တွေမှာ ဆလတ်ရွက်က အဓိက ကဏ္ဍက ပါဝင်နေတာ ဖြစ်ပါတယ်။

 

(၇)မျက်စိအမြင်အာရုံကောင်းမွန်စေခြင်း

ဆလတ်ရွက်တွင်ပါသော ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိူးဖြစ်တဲ့ zeaxanthin ဟာ သင့်မျက်စိအာရုံကို အားဖြည့်ပေးနိုင်တဲ့အကောင်းဆုံးဓာတ်တစ်ခုပဲ ဖြစ်ပါတယ်။အသက်အရွယ်ကြီးလို့ဖြစ်တဲ့ အမြင်အာရုံပျက်စီးခြင်းကိုလဲ ကာကွယ်ပေးနိုင်ပါသေးတယ်။

 

(၈)အရိုးများသန်မာစေခြင်း

ဗီတာမင် အေ၊ ကေ နဲ့ စီ ပါဝင်တာမို့ အရိုးတွင်းကော်လဂျင်ထုတ်လုပ်မှုကို တိုးတက်စေပါတယ်။ ဒါကြောင့် အရိုးသိပ်သည်းဆမြင့်မားစေပြီးကြံ့ခိုင်သန်မာစေပါတယ်။ ထို့ပြင် ဗီတာမင်ကေ က အရိုးနုနဲ့ အရိုးတွယ်ဆက်တစ်ရှူးများ တည်ဆောက်ရာတွင် အားဖြည့်ပေးပါတယ်။ ဗီတာမင် အေ ပါဝင်တာမို့ အရိုးပါးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

 

(၉)ကိုယ်ခံအားကောင်းမွန်စေခြင်း

ဆလတ်ရွက်မှာပါသော ဗီတာမင် အေနဲ့စီက ကိုယ်ခံအားစနစ်ကို ကောင်းစေပါတယ်။
 
 

(၁၀)ကိုယ်ဝန်ဆောင်ကျန်းမာရေးကောင်းမွန်စေခြင်း

ဖောလိတ်ဓာတ်ပါဝင်မှုများတာမို့ ကိုယ်ဝန်ဆောင်မိခင်နဲ့ သန္ဓေသားကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ မွေးလာမယ့်ကလေးရဲ့ ချို့ယွင်းမှုများကို ကာကွယ်နိုင်သော ဓာတ်တစ်မျိူး ဖြစ်ပါတယ်။ ထို့ပြင် ဗီတာမင် ကေ က ကလေးမွေးဖွားစဉ် သွေးအလွန်ထွက်ခြင်းကို ကာကွယ်ပေးနိုင်ပါသေးတယ်။ အမျှင်ဓာတ်ကြွယ်ဝတဲ့အရွက်ဖြစ်တာကြောင့် ကိုယ်ဝန်ဆောင်စဉ် ဝမ်းချုပ်ခြင်းကို သက်သာစေမှာ ဖြစ်ပါတယ်။

 

By The Myanmar Restaurant Guide


Read 514 times.