New Opening

နာမည်ကျော် အီတလီ အစားအစာများ အကြောင်း

February 25, 2020

..
အီတာလျံအစားအစာတွေဆိုတာ ကမ္ဘာ့ နာမည်အကြီးဆုံး အစားအသောက်တွေပဲ ဖြစ်ပါတယ်။ ပီဇာတို့ ပါစတာတို့ဆိုတာကတော့ မြန်မာပြည်မှာ လူကြိုက်များသလို ၊ မြန်မာလူမျိုးတွေနှင့် ရင်းနှီးလှပါတယ်။ ဒါကြောင့် အီတလီနိုင်ငံရဲ့ ကျော်ကြားလှတဲ့ အစားအသောက်တွေထဲကမှ ...
--


.. ပီဇာ (Pizza)
.. ပါစတာ (Pasta)
.. စပါကတီခေါက်ဆွဲ (Spaghetti Noodle) 


တို့ အကြောင်းကို ပြောပြပေးပါ့မယ် ..
..

ပီဇာ (Pizza)
=========


ပီဇာ ဆိုသည်မှာ အီတလီအစားအစာ တစ်မျိုးဖြစ်သည်။အီတလီအစားအစာ ပီဇာကို ပေါင်မုန့်ပြား အဝိုင်းကို ဂျုံနှစ် ၊ အချဥ်ရည် (များသောအားဖြင့် ခရမ်းချဉ်သီး ) ၊ ဒိန်ခဲ စသည်တို့ဖြင့် ပြုလုပ်ထားသော အစားအစာတစ်မျိုးဖြစ်ပြီး နေ့လယ်စာ (သို့မဟုတ်) ညစာ အဖြစ်စားသုံးလေ့ရှိကြသည်။

ပီဇာရရှိရန် ဝိုင်းအောင်လုပ်ထားသည့် ဂျုံနှစ်ပွကို ခရမ်းချဉ်နှစ်၊ ဒိန်ခဲ နှင့် အခြားအဆာပလာများ (ငါးပါးနီ၊ သံလွင်သီး၊ အသား စသည်တို့) ထည့်ကာ မီးပြင်းတွင်ဖုတ်၍ ပြုလုပ်ကြသည်။ ရိုးရာနည်းအတိုင်းပြုလုပ်လိုပါက ထင်းမီးသုံးထားသည့် မုန့်ဖုတ်ဖိုကို အသုံးကြရမည် ဖြစ်သည်။ စားသောက်ဆိုင်ကဲ့သို့ အကျအနပြင်ဆင်သည့်နေရာများတွင် ဇွန်းခက်ရင်းဖြင့် စားကြသော်လည်း အသုံးများသည့်စားနည်းမှာ အစိတ်ငယ်ပိုင်းကာ လက်ဖြင့်စားခြင်း ဖြစ်သည်။ ပီဇာစိတ်များကို ပီဇက်တက် (pizzettas) ဟု အခေါ်ရှိသည်။

ပီဇာဟူသော စကားလုံးကို ကန်ပေနီးယား (Campania) နယ်စပ်၊ အီတလီတောင်ပိုင်းမြို့တစ်ခုမှရသည့် (၁၀) ရာစု လက်ရေးမူ တစ်ခုတွင် စတွေ့ရကြောင်း မှတ်တမ်းရှိသည်။ ခေတ်သစ်ပီဇာမှာ နေပယ်မြို့တွင် ပေါ်ပေါက်လာခြင်းဖြစ်ပြီး အခြားနိုင်ငံအသီးသီးသို့ ပျံ့နှံ့သွားတော့သည်။ လူကြိုက်အများဆုံးအစားအစာများအနက် တစ်ခုအပါအဝင်ဖြစ်ပြီး ဥရောပနှင့် မြောက်အမေရိကားရှိ အသင့်စားအမယ်တစ်ခုအဖြစ် အသုံးတော်ခံနေသည်။ ပီဇာဆိုင် (pizzeria) သို့မဟုတ် မြေထဲပင်လယ်ထွက် အစားအစာများရောင်းသည့် စားသောက်ဆိုင်တို့တွင် အိမ်အရောက်ပို့စနစ်ကို ဝန်ဆောင်မှုပေးလေ့ရှိသည်။ ဖုတ်ပြီးသားပီဇာကို ခဲထားပြီး အိမ်သို့ရောက်မှ အပူပေး၍ အသင့်စားနိုင်ရန် စီမံပေးထားသည်။

အကျိုးအမြတ်မယူသည့် အဖွဲ့တစ်ခုဖြစ်သော နေပယ်ထွက် ပီဇာအသင်း (Associazione Verace Pizza Napoletana) ကို ၁၉၈၄ ခုနှစ်တွင် ထူထောင်ပြီး နေပယ်မြို့၌ ရုံးချုပ်ဖွင့်ထားသည်။ အသင်း၏ ရည်ရွယ်ချက်မှာ စစ်မှန်သော ပီဇာကို ကာကွယ်ရန် နှင့် သတင်းဖြန့်ရန် ဖြစ်သည်။ ၂၀၀၉ ခုနှစ်တွင် အီတလီနိုင်ငံ၏ တောင်းဆိုချက်အရ ပီဇာကို ရသာမှန် ရိုးရာအစာ အဖြစ် မှတ်ပုံတင်ထားသည်။ 
..

ပါစတာ (Pasta)
==========


ပါစတာ ဆိုသည်မှာ အီတလီ ရိုးရာဟင်းရာများ၏ အဓိကအမယ်တစ်မျိုး ဖြစ်သည်။ ၁၁၅၄ ခုနှစ်ကတည်းကစားကြကြောင်း စစ္စလီရှိ မှတ်တမ်းအရ သိရသည်။ပါစတာဖြင့် ဟင်းလျာအများအပြားပြုလုပ်ကြသည်။ ပွဆေးမထည့်ထားသည့် ဒူရန် (durum wheat) ဂျုံနှစ်ကို ရေ (သို့) ဥတစ်မျိုးမျိုးဖြင့် နယ်ကာ ပုံစံအမျိုးမျိုးလုပ်၍ ပြုတ်၍ဖြစ်စေ၊ ဖုတ်၍ဖြစ်စေ ချက်ကြသည်။ အချို့ပါစတာတွင် အရောင်နှင့် အရသာအပြောင်းအလဲဖြစ်စေရန် သို့မဟုတ် ဂလူတင် (gluten) မပါစေရန် ဆန်မှုန့်ကို သုံးသည်။

ပါစတာကို အခြောက် (pasta secca) နှင့် အစိမ်း (pasta fresca) ဟူ၍ နှစ်မျိုးခွဲနိုင်သည်။ ပါစတာခြောက်ကို စီးပွားဖြစ်ထုတ်ရာတွင် အဓိကတွေ့ရသည်။ ပါစတာစိမ်းကိုလည်း ကုန်စုံဆိုင်များတွင် ရောင်းချသည်ကို တွေ့နိုင်သည်။ သို့သော်လည်း အဆိုပါနှစ်မျိုးစလုံးကို အိမ်၌ပင် ကိုယ်တိုင်ပြုလုပ်၍ ရသည်။

အမျိုးအစားမှာ နှစ်မျိုးသာဖြစ်သော်လည်း ပုံစံမှာမူ အစားစားဖြစ်နိုင်သည်။ စာအုပ်ပေါင်း (၁၃၀၀) ကျော်ကို လေ့လာရာ မျိုးကွဲ (၃၁၀) အထိရှိကြောင်း သိရသည်။ အီတလီတွင်ပင် ဒေသအလိုက် ပါစတာတစ်မျိုး၌ အမည်ကွဲ များရှိနေသည်။ ဥပမာဆိုသော် ကာဗက်တယ်လီ (cavatelli) တွင် နေရာဒေသအလိုက် အခြားအမည် (၂၈) မျိုး ရှိသည်။ အတွေ့များသည့် ပုံစံတို့မှာ အတို၊ အရှည်၊ ခေါင်းပေါက်၊ အပြား၊ အရွက်၊ စွပ်ပြုတ်နှင့် အလှဆင်ရာတွင်သုံးရန် ရုပ်ပုံငယ်များ ဖြစ်ကြသည်။

ပါစတာစိမ်းရော ပါစတာခြောက်ပါသုံးသည့် အီတလီလက်ရာ ပါစတာဟင်းပုံစံတို့မှာ ပါစတာကိုချက်ကာ အချဉ်ရည် သို့မဟုတ် ဟင်းခတ်တို့ထည့်ထားသည့် ပါစတာ ရှူတာ (pasta asciutta)၊ စွပ်ပြုတ်တွင် ပါစတာထည့်ထားသည့် ပါစတာ အင် ဘရိုဒို (pasta in brodo) နှင့် ပါစတာကို မုန့်ဖိုတွင်ဖုတ်ကာ ဟင်းနှင့်တွဲစားရသည့် ပါစတာ အယ် ဖော်နို (pasta al forno) တို့ ဖြစ်ကြသည်။ပါစတာဟင်းလျာများမှာ ရိုးစင်းသော်လည်း ဟင်းလျာအလိုက် တည်ခင်းပုံ ကွဲပြားသည်။ ဥပမာအားဖြင့် ပါစတာသုပ်ကို နေ့လယ်စာ၏ ပထမထပ်အဖြစ် ချပေးလေ့ရှိသည်။ အချို့ဟင်းလျာတို့ကိုမူ ညစာအတွက် သုံးသည်။ ထို့အပြင် ပါစတာအချဉ်ရည်မှာလည်း အရသာ၊ အရောင် နှင့် အပျစ်အကျဲ အမျိုးမျိုး ကွဲပြားမည် ဖြစ်သည်။

ချက်ထားသည့် ပါစတာအလွတ်တွင် အာဟာရအားဖြင့် ကာဘိုဟိုက်ဒရိတ် ၃၁%၊ ပရိုတိန်း ၆% နှင့် အဆီအနည်းငယ်နှင့် မက်ဂနိစ်အချို့ ပါဝင်သည်။ သို့သော်လည်း ထိုပမာဏကို လိုအပ်သလို အတိုးအလျှော့ လုပ်နိုင်သည်။ ယေဘူယျအားဖြင့် မည်သည့်နှံပင်မှမဆို ပါစတာဖြစ်နိုင်သည်။ 
..

စပါကတီခေါက်ဆွဲ (Spaghetti Noodle)
=========================


စပါကတီခေါက်ဆွဲ (Spaghetti Noodle) ဆိုတာကလည်း နာမည်ကျော် အီတလီ အစားအစာတွေ ထဲက တစ်ခုပင်ဖြစ်ပါတယ်။ ကိုယ်တိုင်လည်းပြုလုပ်စားသောက်နိုင်သလို စားလို့လည်း ကောင်းတဲ့ အစားအစာ တစ်မျိုးဖြစ်ပါတယ်။

အီတလီအစားအစာ ခေါက်ဆွဲ (Spaghetti) ကိုဘယ်အချိန်ဘယ်နေရာတွင် တီထွင်ခဲ့သည်နှင့် ပတ်သက်၍ နည်းလမ်းပေါင်းများစွာပေါ်ထွက်ခဲ့သည်။ ၁၁၅၄ ခုနှစ်ကဒုတိယမြောက် ရော်ဂျာဘုရင်သည် ပထဝီနှင့်သမိုင်းသုတေသီဖြစ်သူ အဘူအဗ္ဗဒူလာ မိုဟာမက် အယ်လ်အက်ဒရစ်ဆီကို စစ္စလီနိုင်ငံနှင့် စပိန်၊ ပါဘာမိုစသောနယ်မြေများသို့ ခရီးထွက်ကာလေ့လာစေခဲ့သည်။ The Book of Roger အမည်ဖြင့် သူ၏ စွန့်စွန့်စားစားခရီးအကြောင်း စာအုပ်ထုတ်ခဲ့ပြီး ထိုအထဲတွင် အီတလီခေါက်ဆွဲနှင့်ပတ်သက်၍ ရေးသားဖော်ပြခဲ့ကြောင်းသိရသည်။ စစ္စလီနိုင်ငံရှိ ထရာဘီယာမြို့တွင် တခြားဒေသများသို့ သင်္ဘောနှင့်တင်ပို့ရန် အီတလီ ဂျုံခေါက်ဆွဲအလုံးကြီးများကို တီထွင်ခဲ့ကြပြီး၊ ခေါက်ဆွဲအသေးများကိုပါ တီထွင်စားသောက်ခဲ့ကြသည်။ အစောပိုင်းကာလ အီတလီ ခေါက်ဆွဲများတွင် အသားနှင့် ဟင်းခတ်အမွှေးအကြိုင်ထည့်ကာ အရသာစုံဖြစ်အောင် ပြုလုပ်စားသောက်ကြပြီးအထက်တန်းလွှာများသာ စားသောက်လေ့ကြသည်။ 

အခုပြောပြထားတဲ့ အစားအစာတွေကတော့ အီတလီရဲ့ နာမည်ကျော် လူကြိုက်များတဲ့ ကမ္ဘာကျော် အစားအစာတွေပဲ ဖြစ်ပါတယ် ..
 


Read 2231 times.