Eating Tips

ရိုးရာပတ်ထိုင်း ခေါက်ဆွဲကြော်/ ကွေ့တီယိုပတ်ထိုင်း လုပ်စားကြမယ်

September 12, 2022

အခုတင်ပေးမယ့်  ဟင်းလျာလေးတစ်မျိုးကတော့ ထိုင်းအစားအစာတစ်မျိုးဖြစ်ပြီး လူကြိုက်များထင်ရှားတဲ့ “ပတ်ထိုင်း ဆန်ပြားကြော်” လို့ခေါ်တဲ့ “Classic Pad Thai Noodle (or) Kuay Tiaw Pad Thai” ဆန်ပြားခေါက်ဆွဲကြော်ပဲ ဖြစ်ပါတယ်။ ချဉ်ငန်စပ်အရသာကို ကြိုက်နှစ်သက်တဲ့ မြန်မာတွေအတွက် ခံတွင်းတွေ့စေမယ့် အစားအစာတစ်မျိုးပါပဲ။ ပြင်ဆင်ရတာ လွယ်ကူပြီး စားခါနီးမှ ပူပူလေးကြော်စားရတဲ့ အစားအစာမျိုးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းတွေကတော့ - 

ဆန်ခေါက်ဆွဲ (အစိမ်း)  –  ၁၆၀  ဂရမ်

ပုစွန်ကျား   –  ၅  ကောင်

ဝက်သုံးထပ်သားပြားအငန်  –  ၂  ပြား

ဝက်အူချောင်း  –  ၁ ချောင်း

ကြက်ဥ  –  ၁  လုံး

ကြက်သွန်ဖြူ  –  ၃  မြွှာ (နုပ်နုပ်စဉ်းပြီး)

ကြက်သွန်ဖြူ  –  ၂  မြွှာ (ပါးပါးလှီးပြီး)

ပုစွန်ခြောက်   –  ၁  ဇွန်း (ရေစိမ်ပြီး)

မုန်လာဥ ဆားစိမ်  –  ၁  ဇွန်း

ရှမ်းငရုတ်သီး (အနီ)  –  ၁  တောင့်

မြေပဲလှော်  –  ၁  ဇွန်း (ထောင်းပြီး)

ပဲပင်ပေါက်  –  အနည်းငယ်

ပန်းငရုတ်သီးမှုန့်  –  လက်ဖက်ဇွန်း ဝ.၅   ဇွန်း

သံပရာသီး  –  ၁  စိတ်

ပတ်ထိုင်းဆော့စ်တွင် ပါဝင်ပစ္စည်းများ

မန်ကျည်းမှည့်  –  ၂  ဇွန်း

ရေသန့်  –  ၂၀ဝ  မီလီလီတာ

သကြားညို  –  ၂  ဇွန်း

ငါးငံပြာရည်  –  ၁  ဇွန်း

ပဲပိစပ်အငန်  –  ၁  ဇွန်း

ကြက်သွန်နီ  –  ၁  လုံး

ကြက်သွန်ဖြူ  –  ၂  မြွှာ

မုန်လာဥဆားစိမ်  –  ၁  ဇွန်း

နေကြာဆီ  –  ၂  ဇွန်း

ပြုလုပ်ပုံအဆင့်ဆင့်

၁။ ပတ်ထိုင်းဆော့စ်အတွက် ပါဝင်ပစ္စည်းများထဲမှ နေကြာဆီကို အပူပေး၍ အသင့်လှီးထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် မုန်လာဥဆားစိမ်တို့ကို ဆီသတ်ပါ။ အသင့်ဖျော်ထားသော မန်ကျည်းမှည့်၊ သကြားညို၊ ရေသန့်၊ ငါးငံပြာရည်နှင့် ပဲပိစပ်အငန်တို့ကို ထည့်ချက်၍ မီးပျော့ပျော့မှာ ၃၀ မိနစ်ခန့် ပျစ်အောင်မွှေပြီး ကျိုထားပါ။

၂။ ဒယ်အိုးထဲမှာ ဝက်သုံးထပ်သားပြားအငန်ကို အပူပေးပြီး အနည်းငယ်ဆီထွက်လာလျှင် နေကြာဆီထည့်၍ အသင့်နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူကို အနည်းငယ် ညိုလာသည်အထိ ဆီသတ်ပါ။

၃။ ကြက်သွန်ဖြူ အနည်းငယ်မွှေးလာလျှင် လှီးထားသော မုန်လာဥဆားစိမ်နှင့် ရေစိမ်ထားသော ပုစွန်ခြောက်ကို ထည့်ကြော်ပါ။

၄။ မုန်လာဥဆားစိမ်နှင့် ပုစွန်ခြောက် မွှေးလာလျှင် အသင့်သန့်စင်ထားသော ပုစွန်ကျားနှင့် ဝက်အူချောင်းထည့် ကြော်၍ ပုစွန်ကျား အရောင်နီလာလျှင် ဒယ်အိုးထဲမှ ဆယ်ယူပြီး ဖယ်ထားပါ။

၅။ ဒယ်အိုးထဲ နေကြာဆီ အနည်းငယ်ထပ်ထည့်ပြီး ပူလာလျှင် ဆန်ခေါက်ဆွဲ ထည့်ကြော်၍ ဆန်ခေါက်ဆွဲမွှေးလာလျှင် ဒယ်အိုးထဲမှာ ဘေးကပ်ထားပြီး အသင့်ချက်ထားသော ပတ်ထိုင်းဆော့စ် ထည့်ကြော်၍ ဆန်ခေါက်ဆွဲ အနည်းငယ်ပျော့အောင် ကြော်ပါ။

၆။ ဆန်ခေါက်ဆွဲမွှေးပြီးပျော့လာလျှင် အသင့်ကြော်ထားသော ပုစွန်ကျားနှင့် ဝက်အူချောင်း ပြန်ထည့်၍ သမအောင် ကြော်ပါ။

၇။ ဆန်ခေါက်ဆွဲကျက်လျှင် ဒယ်အိုးထဲမှာ ဘေးကပ်၍ ဖယ်ထားပြီး နေကြာဆီ အနည်းငယ်ထပ်ဖြည့်၍ ကြက်ဥ ဖောက်ထည့်ကြော်ပါ။ ကြက်ဥ အနည်းငယ်ကျက်လျှင် အသင့်ကြော်ထားသော ဆန်ခေါက်ဆွဲနှင့် သမအောင် မွှေကြော်ပါ။

၈။ ဆန်ခေါက်ဆွဲကျက်လျှင် ရှမ်းငရုတ်နီ၊ ကြက်သွန်ဖြူနှင့် ပဲပင်ပေါက်တို့ ထည့်ကြော်ပြီး မီးပိတ်လိုက်ပါ။

၉။ အသင့်ကြော်ထားသော ရိုးရာ ပတ်ထိုင်းခေါက်ဆွဲ ကြော်ကို နှစ်သက်ရာ ပန်းကန်ထဲထည့်၍ အသင့် ထောင်းထားသော မြေပဲလှော်ဖြူးပေးပြီး ပဲပင်ပေါက် အနည်းငယ်အုပ်၍ သံပရာရည် ညှစ်ဆမ်းပြီး တည်ခင်းလို့ရပြီပဲဖြစ်ပါတယ်။

Source: tastewindowmagazine

Myanmar Restaurant Guide


Read 355 times.