Eating Tips

ပဲပြားတို့ဟူး အိမ်မှာ ကိုယ်တိုင်လုပ်စားကြမယ်

August 11, 2022

တို့ဟူးခဲ (coagulate) ဖို့အတွက် liquid nigari (or) nigari flakes ကို အဓိက သုံးပြီးလုပ်ကြပါတယ်။ ကြက်ဥခွံ နဲ့ ရှာလကာရည် ရောပြီး ၄ ရက်လောက် စိမ်ထားတဲ့အရည်ကို ပြန်စစ်ကာ ထည့်ခြင်းဖြင့်လည်း ခဲနိုင်ပါတယ်။ ခဲဖို့အတွက် သံပုရိုသီး ထည့်တဲ့နည်း သုံးထားပါတယ်။ တို့ဟူးဖြစ်သွားပြီးနောက် သံပုရိုအနံ့ ထွက်ပြီး ချဉ်မနေစေရန် သံပုရိုရည် အများကြီးမထည့်ရသလို၊ အဖတ်လေးတွေမပါအောင်လည်း ဂရုစိုက်ပေးဖို့လိုပါတယ်။

တို့ဟူးထည့်ခဲရာတွင် သုံးသည့် အရည်အလွယ်တကူ စိမ့်ထွက်နိူင်ကာ ပုံစံလှစေသော Tofu Kit (Tofu Mold) အစားဗူးတွေဖောက်ပြီး သုံးမည်ဆိုပါက အရည်များများ မြန်မြန်စိမ့်ထွက်နိုင်စေရန် နေရာအနှံ့ အပေါက်များများ ဖောက်ပေးနိုင်လျှင် ပိုပြီးကောင်းပါတယ်။ ပဲပြားတို့ဟူးလုပ်ရန် လိုအပ်သောပစ္စည်းမျာကတော့-

(၁) သံပုရိုရည် ထမင်းစားဇွန်း ၃ ဇွန်း
(၂) ရေ – 1/4 cup (60 ml)

မည်သည့် အနံ့၊ အရသာမှ မထည့်ထားသည့် အိမ်လုပ် ပဲနို့ရည် – 8 cups (2000 ml) သံပုရိုရည် ညစ်ယူပြီးနောက် အဖတ်များမပါအောင်ဖယ်ထုတ်ကာ ရေဖြင့်ရောဖျော်ထားပါ။ ပဲနို့ကို အလယ်အလတ်မီး (medium heat) ဖြင့် ဆူလာအောင်တည်ထားပါ။

ဆူလာပြီးနောက် ၂ မိနစ်ခန့် ဆက်ဆူခိုင်းပြီးသည်နှင့် မီးဖိုမှဖယ်ပါ။ တည်ထားသောအချိန်တွင် အိုးမကပ်စေရန် အိုးအောက်ခြေကို ခြစ်ပြီး မကြာခဏမွှေပေးဖို့ လိုသလို၊ ဝေကျလွယ်သည့်အတွက် မျက်ခြေမပြတ် ကြည့်ပေးရန် လိုပါတယ်။ မီးဖိုမှဖယ်ပြီး အပူရှိန် အနည်းငယ် ကျသွားစေရန် ၁ မိနစ်ခန့် မွှေပေးပါ။

ပြီးနောက် သံပုရိုရည်နှင့် ရေ ရောဖျော်ထားသော အရည်ကို ဖြည်းဖြည်းချင်းဖြန့်ကာ လောင်းထည့်၍ ၄-၅ ခါခန့် ဖွဖွမွှေရောပါ။ (အရမ်းမမွှေရပါ။) ပုံပါအတိုင်း နို့ချဉ်သကဲ့သို့ အဖြူဖတ် အတုံးအခဲလေးများ စပြီးဖြစ်လာလျှင်မှောင်ပြီး နွေးနေစေရန် အိုးအဖုံးဖုံးပါ။ အိုးကို လုံးဝမလှုပ်အောင်ထားပါ။

“ကျွန်မရဲ့ အိုးအဖုံးက ဖန်အကြည်ရောင်ဖြစ်သည့်အတွက် မှောင်နေစေရန် လက်သုတ်ပဝါဖြင့် ထပ်ဖုံးထားခြင်း ဖြစ်ပါတယ်။”

၂၀ -၂၅ မိနစ်ခန့် ထားပြီးနောက် အိုးအဖုံးဖွင့်လိုက်ပါက ပုံပါအတိုင်း ဒိန်ချဉ်ကဲ့သို့ ပျစ်ခဲနေပါမယ်။ ထိုပျစ်ခဲနေသည်များကို အဝတ်စပါးပါး ခင်းထားသည့် အပေါက်များပါသော ခွက်ထဲခပ်ပြီးထည့်ပါ။ ခွက်ထဲရောက်မှ အရည်စစ်ပါက အရမ်းကြာသည့်အတွက် အပေါက်များပါသော ဇကာကဲ့သို့ဇွန်းကို သုံးပြီးခပ်ထည့်နိုင်လျှင် ၂ နေရာခွဲကာ အရည်စစ်သကဲ့သို့ဖြစ်၍ အနည်းငယ် ပိုမြန်စေပါတယ်။ အဖတ်အားလုံး ထည့်ပြီးလျှင် တို့ဟူးမျက်နှာပြင် ညီညာစေရန် အဝတ်စကို ပြန့်ပြန့်ဆန့်ဆန့်ခေါက်ပြီးဖုံးပါ။

ပြီးနောက် တတ်နိူင်သမျှ နေရာလွတ်မကျန်ပဲ ဖိမိစေရန် တို့ဟူးထည့်ထားသည့်ခွက်ထက် အလျား အနံအနည်းငယ်သာ တိုသော မာပြီးပြန့်ပြူးသည့် အပြားတစ်ပြားထားပေးပါ။ လေးသည့်အရာ ၁ ကီလိုခွဲခန့်ဖြင့် ဖိကာ မိနစ် ၄၀ ခန့် အရည်စစ်ထားပါ။ တို့ဟူးအဖြစ် မာလာလျှင် အဝတ်စမှ ညင်ညင်သာသာခွာပေးပါ။

မာပြီးပြန့်ပြူးသည့် အပြားဖြင့် လွတ်နေ၍ လေးသောအရာဖြင့် မဖိမိသောကြောင့် ပျော့ဖွာနေသည့် တို့ဟူးဖတ်များ အသုံးမပြုပါ။ အနည်းဆုံး ၁ နာရီခန့် ရေအေးထဲ ထည့်စိမ်ပြီးလျှင် ကြော်ချက်ပြုတ်ရန် အသင့်ဖြစ်နေပြီဖြစ်သော ပဲပြားတို့ဟူးကို ရရှိပြီပဲ ဖြစ်ပါတယ်။


chawsu
#MyanmarRestaurantGuide
 


Read 318 times.