Easy Recipes

သစ်တိုသီး ငါးပိချက် ချက်နည်း

November 3, 2022

သစ်တိုသီးဆိုတာ တချို့က မမြင်ဖူးကြဘူး အင်္ဂလိပ်လို Santol လို့ခေါ်ပါတယ် နိုင်ငံခြားမှာလဲရှိနိုင်ပါတယ်။ သစ်တော်သီးနဲ့လည်း မှားတတ်ကြတာကို တွေ့ရပါတယ်။

သစ်တိုသီး အပြင်အခွံက သစ်တော်သီးနဲ့ ခပ်ဆင်ဆင်ပေမဲ့ အထဲကခွာလိုက်ရင် အစေ့တွေက မင်ဂွတ်သီးလို ဖြစ်နေတာပါ။ အစေ့နဲ့အခွံနဲ့ ကြားက အသားကို စားတာပါ။ ချဉ်သော အရသာရှိပါတယ်။

ဟင်းရည်အဖြစ်လဲ ချက်သောက်နိုင်ပါတယ်။ ဖိလစ်ပိုင်တွေစားသလို ငါးကို အုန်းနို့နဲ့ အရည်ဆမ်းစားသလို  စားနိုင်ပါတယ်။ အခုကတော့ မြန်မာ့နည်း မြန်မာ့ဟန်အတိုင်း ငပိချက်ချက်မှာပါ တချို့က အသားကိုပြုတ်ခြေပြီးမှ အနှစ်နဲ့စားပါတယ်။

လှီးဖြတ်ပြီးသား သစ်တိုသီးကို ပြင်ဆင်ရာမှာရေနွေး ပွက်ပွက်ဆူထဲ ဆားထဲ့ သစ်တိုသီးအသားတွေ ခဏစိမ်ပြီးမှ ညှစ်ပစ်လေ့ရှိပါတယ်။ အဲ့ဒါမှ သက်တဲ့ အရသာလေးနဲ့ ခပ်ရှရှ အထိအတွေ့ လျှာမှာ မရှိစေဖို့ပါ။


သစ်တိုသီး ငပိချက်တွင် ပါဝင်ပစ္စည်းများ -
- သစ်တိုသီး  Santol fruit ၅ လုံး
- ပုဇွန်ဘော့ချိတ် ၁၀ သား
- ပုဇွန်ခြောက်မှုန့် ၁ ဇွန်း (ထမင်းစားဇွန်း)
- ငပိ ၂ဇွန်းခန့် ( ထမင်းစားဇွန်း)
- ကြက်သွန်နီ အကြီး ၃ လုံး
- ကြက်သွန်ဖြူ ဥကြီး တဥ
- ငရုတ်သီးအကြမ်းကွဲ ၃ ဇွန်း (ထမငိးစားဇွန်း)
- မိုးမျှော်ငရုတ်သီး အတောင့် ၂၀ ခန့်
- ဆနွင်း နဲနဲ
- အရောင်တင်မှုန့် ၂ ဇွန်း (အချိုစားဇွန်း)
- ဆား
- ငံပြာရည် ၃ ဇွန်း (ထမင်းစားဇွန်း)
- ငါးအသားမှုန့် ၁ဇွန်း (အချိုစားဇွန်း)
- နံနံပင် လက်တဆုပ် တို့ဖြစ်ပါတယ်။
 

ပြုလုပ်ပုံအဆင့်ဆင့်

ပုဇွန်တွေအခွံခွာပြီး ဆနွင်းဆားနည်းနည်းနဲ့ နယ်ထားပါ။ ငပိကို ရေဖျော်ထားပါ။ ကြက်သွန်နီ/အဖြူ စတာတွေကို ငရုတ်သီး ကြမ်းကွဲနဲ့ ကြိတ်၍လည်းကောင်း ထောင်းထား၍လည်းကောင်း ကြေညက်နေအောင် လုပ်ထားရမှာဖြစ်ပါတယ်။ 

ဒယ်ပေါ်တွင် ဆီများများနဲ့ ဆနွင်းအနည်းငယ်ထည့် ကြက်သွန်နီအရောများကို ပုဇွန်ခြောက်မှုန့်များဖြင့် မွှေးနေအောင်ဆီသတ်ပေးပါ။

ခြောက်ခြောက်လေးဖြစ်ချင်လာရင် ပုဇွန်တွေထည့် ခဏမွှေ သစ်တိုသီးထည့်မွှေ ပြီးရင် ရေအနည်းငယ်ထည့်ပြီး ပွက်ပါစေ ပွက်လာရင် ငပိရေဖျော်ထားတာ စစ်ထည့်ရယ် ငံပြာရည်ရယ်ထည့် အသားမှုန့်ထည့်ပါ။ ဒီနေရာမှာ ဟင်းခတ်မှုန့်ကြိုက်ရင်ထည့်နိုင်ပါတယ်။

ဆီပြန်လာပြီး မြည်းစမ်းကြည့်လို့ သစ်တိုသီးလေးနူးပြီအရသာလဲ အတော်ဆိုရင် ငရုတ်သီးစိမ်းတွေထည့် မီးပိတ် နံနံပင်အုပ်လိုက်ရင် မွှေးနေပြီး အသားဟင်းကြီးတွေပါစရာမလိုပဲ ထမင်းနဲ့ နယ်စားရင်တောင် စားလို့ကောင်းတဲ့ သစ်တိုသီးငပိချက်ကို သုံးဆောင်လို့ရနိုင်မှာပဲဖြစ်ပါတယ်။

Myanmar Restaurant Guide


Read 527 times.