Easy Recipes

အရသာထူးကဲတဲ့ မြိတ်ကပ်ကြေးကိုက်ကို အိမ်မှာအလွယ်တကူ လုပ်စားကြမယ်။

December 30, 2020

ပိတ်ရက်တွေကို ချစ်ရတဲ့ အစားအသောက်တွေနဲ့ အတူတူ ကုန်ဆုံးကြမယ်လေ။ ဒီတစ်ပတ်မှာတော့ အစားအသောက်ချစ်သူတိုင်း အကြိုက်တွေ့စေမယ့် ရိုးရှင်းလွယ်ကူတဲ့ မြိတ်ကပ်ကြေးကိုက် ပြုလုပ်နည်းကို ပြောပြပေးချင်ပါတယ်။

ပါဝင်ပစ္စည်း​လေး​တွေက​တော့ ...

  • ညှပ်ခေါက်ဆွဲ
  • ပုဇွန် ၊ ပြည်ကြီးငါး
  • ကြက်သား
  • ပဲပြုတ်
  • ပဲပင်ပေါက်
  • ကန်စွန်းရွက်
  • ​နေကြာဆီ
  • ရှာလကာရည်
  • ငံပြာရည်
  • ပဲငံပြာရည်၊ ကြာညှို့
  • သကြား၊ ကြက်သားမှုန့်
  • ငရုတ်သီး​မှုန့် နှင့် အတောင့်
  • ကြက်ဥ

ပါဝင်ပစ္စည်းတွေ စုထားပြီးပြီ ဆိုရင်တော့ ပြုလုပ်ပုံ ပြုလုပ်နည်း အဆင့်ဆင့်ကို ပြောပြပေးသွားချင်ပါတယ်။

  • ပထမဆုံးအနေနဲ့ ညှပ်ခေါက်ဆွဲကို ဖွထားပြီး ငံပြာရည်၊ ပဲငံပြာရည်၊ ကြာညှို့၊ ကြက်သားမှုန့်၊ သကြား၊ ရှာလကာရည်တို့နဲ့ နယ်ထားပေးပါ။
  • ပုဇွန်ကို အခွံချွတ်၊ ချေးချွတ်သန့်စင်ပါ။ ပြည်ကြီးငါး၊ ကြက်သား စတာတွေကို ခပ်သေးသေးအရွယ် အတုံးလေးတွေ တုံးပေးထားပါ။
  • ကြက်ဥ ၂လုံးခန့်ကို မွှေထားပြီး ဒယ်အိုးထဲမှာ ဆီပူလာတာနဲ့ ခလောက်ထားတဲ့ ကြက်ဥကို မွှေပြီးကြော်ပေးပါ။ ပြီးရင်တော့ ဒယ်အိုးထဲကနေ ဆယ်ထားပါ။
  • ဒယ်အိုးထဲမှာ ကျန်နေတဲ့ဆီကို ငရုတ်သီးမှုန့်နဲ့ ငရုတ်သီး​တောင့် ရောပြီး ဆီသပ်ပေးပါ။ ဆီသပ်ပြီး မွှေးလာရင် ကြက်သားကို ထည့်ကြော်ပြီး အနည်းငယ် ခြောက်သွားတဲ့အခါ ပင်လယ်စာတွေကို ထည့်ကြော်လိုက်ပါ။
  • ကြော်နေတုန်းမှာ ပဲငံပြာရည် ထမင်းစားဇွန်းနဲ့ (၁) ဇွန်းထည့်ပြီး မွှေပေးပါ။
  • အသားတွေ ကျက်လာပြီဆိုရင် ညှပ်ခေါက်ဆွဲဖတ်တွေကို ထည့်ပြီး ကြော်ပါ။  
  • ခေါက်ဆွဲဖတ်တွေ နှံ့အောင်ကြော်ပြီးရင်တော့ ပဲပြုတ်၊ ကန်စွန်းရွက်၊ ပဲပင်ပေါက်နဲ့ မွှေကြော်ထားတဲ့ ကြက်ဥကြော်တို့ကို ထည့်ပြီး (၂) မိနစ်လောက် ထပ်မွှေပေးလိုက်ပါ။
  • ဒါပြီးရင်တော့ ပန်းကန်လှလှလေးထဲ ထည့်ပြီး အနံ့မွှေးမွှေး အရသာရှိတဲ့ မြိတ်ကပ်ကြေးကိုက်ကို စတင် သုံးဆောင်နိုင်ပါပြီ။

မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့ စားသောက်ဆိုင်တွေကို ရှာဖွေချင်တယ်ဆိုရင်တော့ အောက်ပါလင့်ခ်မှာ ဝင်ရောက်ရှာဖွေလို့ ရပါတယ်နော်။
www.restaurantguide.com.mm


Read 770 times.