Easy Recipes

အိမ်မှာတင် အလွယ်တကူလုပ်လို့ရမယ့် မြန်မာ့ရိုးရာမုန့်လုပ်နည်းများ

January 20, 2021

အိမ်မှာ သူငယ်ချင်းတွေ ၊ မိသားစုတွေနဲ့ မြန်မာ့ရိုးရာ မုန့်လုပ်စားချင်တဲ့ သူတွေအတွက် မုန့်လုပ်နည်းတွေကို ဖော်ပြလိုက်ပါတယ် ။ 

ကျောက်ကျော 

လိုအပ်သောပါဝင်ပစ္စည်းများ 

  • ကျောက်ကျောမှုန့် - 25 g
  • သကြား - 125 g
  • အုန်းနို့ - 400 ml
  • ရေ - 1500 ml
  • ဆား - လက်ဖက်ရည်ဇွန်း ၄ပုံတစ်ပုံ
  • ကျောက်ကျော ကျိုပြီးသားထည့်ရန် - ဗန်းတခု

ပြုလုပ်နည်း 

၁။ ကျောက်ကျော ကျိုပြီးသားထည့်ရန် ဗန်းကိုပြင်ထားပါ။ ဇောက်နက်သော အိုးတလုံးထဲမှာ   ကျောက်ကျောမှုန့် သကြားနှင့်ရေတို့ကို ပျော်အောင် ဖျော်ပေးပါ။

၂။ အားလုံး အရည်ပျော်သွားတာနဲ့ မီးအားပြင်းပြင်းနဲ့ကျိုပေးပါ။ ကျိုနေစဉ် ဝေမကျရန်နှင့် အိုးမကပ်စေရန် မကြာမကြာ မွှေပေးပါ။ ကျောက်ကျောရည် အတော် ပျစ်လာတာနဲ့ အုန်းနို့ထည့်ပြီး မွှေပေးပါ။

၃။ အုန်းနို့နဲ့ကျောက်ကျောရည် တော်တော်လေး ပျစ်လာပြီး ကြွက်မြီးတန်းလာပြီဆိုတာနဲ့ ပန်းကန်ပြား တချပ်ထဲကို ကျောက်ကျောရည် အစက်လေး ချကြည့်ပါ။

၄။ မိနစ်ဝက်လောက်နေပါက အစက်ချထားသော ကျောက်ကျောရည် ခဲသွားပါက အဆင်သင့်ပြင်ထားသောကျောက်ကျောထည့်မည့် ဗန်းထဲကို လောင်းချပေးပါ။

၅။ ပြီးတာနဲ့ ကျောက်ကျောဇန်းကို အအေးခံပေးပါ

ကျောက်ကျောများ အေးပြီးခဲသွားပါက မိမိနှစ်သက်သလို လှီးပေးပြီး သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ။

 

ငှက်ပျော ဆနွင်းမကင်း 

လိုအပ်သောပါဝင်ပစ္စည်းများ 

  • ရခိုင်ငှက်ပျောသီး - အလုံး၂၀
  • ဂျုံမှုန့် - ၁၀၀ဂရမ်
  • ရွှေကြည်မှုန့် အနု - ၁၀၀ဂရမ်
  • ကြက်ဥ - ၃လုံး
  • သကြား - ၁၂၀ဂရမ်
  • ထောပတ်/ဆီ -၁၀၀ဂရမ်
  • သစ်သီးခြောက် - ၁၀၀ ဂရမ် (စပျစ်ခြောက်)
  • အုန်းနို့ခရင်မ် - ၃၀၀ ml
  • အုန်းသီးမှုန့် - တစ်ပန်းကန် ၃၀ ဂရမ်
  • ဆား - လ္ဘက်ဇွန်း တဝက်
  • ဘိန်းစေ့ - စာပွဲတင်ဇွန်း တစ်ဇွန်း

၁။ ဦးစွာပထမ ဇလုံတစ်ခုတွင် ငှက်ပျောသီးမှည့်ကို အာလူးချေတံဖြင့်ချေပေးပါ။

၂။ အားလုံးကြေပါက ကျန်ပါဝင်ပစ္စည်းများအားလုံးကို (ဘိန်းစေ့မှအပ) တစ်ခုဆီထည့်၍ မွေပေးပါ။ 

၃။ ပြီးလျှင် အိုးတစ်ခုတွင်ထည့်၍ မီးပေါ်တင်ကာ ဆီပြန်လုံးလာသည်အထိ မွေပေးပြီး ဆီလူးထားသော မုန့်ဖုတ်ဘန်းတွင် မုန့်နှစ်ကို လောင်းထည့်ပါ။ 

၄။ မျက်နှာပြင်ညီအောင်လုပ်ပြီး အပေါ်မှဘိန်းစေ့ဖြူးကာ Oven အပူချိန် အပေါ် (၂၂၀) ဒီဂရီ အောက် (၁၂၀) ဒီကရီဖြင့် မိနစ် (၃၀) ခန့်ဖုတ်ပါ။ 

၅။ မုန့်မျက်နှာပြင် အရောင်ရလျှင် မုန့်ဘန်း အလယ်ကို တုတ်သေးသေးဖြင့်ထိုးကြည့်၍ မုန့်သားကျက်မကျက် စစ်ကြည့်ပြီး မုန့်သားကျက်ပါက ထုတ်ယူအအေးခံ၍ လိုသလိုလှီးဖြတ်သုံးဆောင်နိုင်ပါပြီ။ 

 

မုန့်လက်ကောက်ကြော်

လိုအပ်သောပါဝင်ပစ္စည်းများ 

  • ကောက်ညှင်းမုန့် - ၁၆၀ ဂရမ်
  • ဆိုဒါ - လက်ဖက်ရည်ဇွန်းတစ်ဝက် 
  • ဆား - အနည်းငယ် 
  • ထန်းညက် - ၆ လုံး 
  • ရေနွေး - တစ်ခွက် 
  • ဆီ - ၂၀ သား 


၁။ ကောက်ညှင်းမှုန့် နှင့် ဆန်မှုန့်ကို ခွက်တစ်ခုထဲထည့်ပြီး ရောမွှေလိုက်ပါ။

၂။ ပြီးရင် ဆိုဒါ , ဆား, ရေနွေး တစ်ခွက်ခန့်ကို နည်းနည်းခြင်းစီ ထည့်ပေးပြီး မပျော့မမာ အနေအထားထိရောက်အောင် နယ်ပေးပါ။

၃။ မုန့်လက်ကောက် မကြော်ခင် မုန့်သားကို ၂ နာရီခန့် မုန့်စေးသည်အထိ နှပ်ထားပေးပါ။

၄။  မုန့်စေးလာလျှင် အရှည်အတုံးလေးများကိုလက်ဖြင့် လိမ့်ပြီးအရှည်လိုက်အကွင်းကလေးများပြုလုပ်ပါ။

၅။ ပြီးလျှင် ဒယ်အိုးထဲ ဆီများများထည့်ပြီး ဆီပူလာလျှင် အကွင်းလေးများကို ရွှေရောင် သန်းလာသည်အထိ မီးနည်းနည်းဖြင့်ကြော်ပေးပါ။

၆။ ထန်းညက်ရည် ကျိုရင်တော့ ဆား အနည်းငယ် ထည့်မွှေပေးပြီး ထန်းညက်ရည် စေးကပ်အောင်သည်အထိ ကျိုပေးပါ။

ကဲဒါဆိုရင်တော့ အရသာရှိတဲ့

မုန့်လက်ကောက်ကြော်လေးရရှိပါပြီနော် ။

 


Read 2144 times.