Fast Food

Mochi Ice cream လေးတွေက ဘယ်လိုမျိုး ဖြစ်မလဲ

January 26, 2021

Mochi ဆိုတာကတော့ ဂျပန်ရိုးရာ သရေစာ မုန့်အလုံးလေးတွေပဲ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ နိုင်ငံတော်တော် များများမှာ တွင်တွင်ကျယ်ကျယ် စားနေကြပါပြီ။ Mochi လေးတွေကို ဆန်နဲ့အဓိက လုပ်ထားပြီး အထဲမှာ ပဲ ဒါမှမဟုတ် စတော်ဘယ်ရီ စတဲ့ တခြားသော ယိုတွေကို အစာအဖြစ်ထည့်ပြီး ပေါင်းထားတဲ့ မုန့်လုံးလေးတွေပါ။ မုန့်လုံးလေးတွေကို အ‌ရောင်မျိုးစုံနဲ့ လှလှလေးတွေ လုပ်ထားပါသေးတယ်။

မုန့်သား အိအိလေးနဲ့ စေးစေးလေးကို အထဲမှာ ထည့်ထားတဲ့ ယိုရဲ့ ချိုတဲ့ အရသာကို ပေါင်းစပ်ပြီး ပါးစပ်ထဲမှာ ဝါးလိုက်ရတာက Mochi ကနေ ပေးစွမ်းနိုင်တဲ့ ခံစားချက်ကောင်း တစ်ခုပါပဲ။ ကော်ဖီနဲ့ပဲ ဖြစ်ဖြစ် ရေနွေးကြမ်းလေးနဲ့ပဲ ဖြစ်ဖြစ် Mochi လုံးလေးတွေက လိုက်ဖက်မှုရှိပါတယ်။ Mochi အမျိုးပေါင်း (၉)မျိုးလောက်ရှိတာဖြစ်ပြီးတော့  Mochi ထဲက ပါဝင်ပစ္စည်းတွေ အပေါ်မူတည်ပြီး  အမျိုးအစား ကွဲပြားသွားတာပါ။

Mochi Ice creamတွေ ကတော့ အထဲက အစာနေရာမှာ Ice cream ထည့်ထားတာပါ။ အပြင်ပန်း ကြည့်ရင်တော့ ရိုးရိုး Mochi နဲ့ Mochi Ice-cream ပုံစံတူတူပါပဲ။ အထဲမှာ ထည့်တဲ့ Ice cream အမျိုးအစားကတော့ နို့ထွက်ပစ္စည်း မပါဝင်တဲ့ Sorbet Ice cream မျိုးကို အသုံးများပါတယ်။ တချို့တွေကတော့ ရိုးရိုး Ice cream တွေကို ထည့်တာမျိုးလည်း ရှိပါတယ်။

Mochi ရဲ့ နူးညံ့တဲ့ အထိအတွေ့လေးနဲ့ Ice cream ရဲ့ အေးမြပြီး လန်းဆန်းစေမယ့် အရသာနှစ်ခု ပေါင်းစပ်မှုကတော့ တကယ့်ကိုရှယ်ပါပဲ။ Mochi လေးတစ်ကိုက် ကိုက်လိုက်တဲ့ အချိန်မှာ အထဲကထွက်လာတဲ့ Ice cream ရဲ့ အချိုဓာတ်လေးရယ် Mochiရဲ့ ဆိမ့်နေတဲ့ အရသာ၊ အိစက်တဲ့ အထိအတွေ့လေးတွေကို သေချာ ပေါင်းစပ် ခံစားရင်း ပါးစပ်ဇိမ်ခံလို့ ရပါတယ်။

Mochi လုံးလေးတွေကိုတော့ ဒီက Supermarket တော်တော်များများ နဲ့ စားသောက်ဆိုင်တွေမှာ အလွယ်တကူ ဝယ်လို့ရပေမယ့် Mochi Ice cream လေးတွေကတော့ ဆိုင်အနည်းငယ်မှာပဲ ရနိုင်သေးတာကတော့ စိတ်မကောင်းစရာပါပဲ။ တကယ်လို့များ ဘော်ဒါတို့ သွားရင်းလာရင်းနဲ့ Mochi Ice cream ရောင်းတဲ့ဆိုင်မျိုး တွေ့ခဲ့ရင် တစ်ခါလောက် ဂွတ်လား မဂွတ်လား မြည်းစမ်းလိုက်ကြပါဦးနော်။

 


Read 1306 times.