Easy Recipes

ပိတ်ရက်ရှည်မှာ ချိုချိုမွှေးမွှေး အုန်းနို့သာကူပြင်လေး ကိုယ်တိုင်လုပ်စားကြမယ် …

December 29, 2020

အရသာထူးကဲလှတဲ့ အချိုတည်းစရာ မုန့်တစ်မျိုး (သို့မဟုတ်) အုန်းနို့သာကူပြင်ကိုတော့ ကလေး၊ လူကြီးမရွေး ကြိုက်နှစ်သက်ကြလိမ့်မယ် ထင်ပါတယ်။ နတ်တွေရဲ့ အစာ နတ်သဒ္ဓါလို့ တင်စားရလောက်တဲ့အထိ အရသာ ရှိလှတဲ့ အုန်းနို့သာကူပြင်ကို အိမ်မှာ အလွယ်တကူ လုပ်စားနိုင်မယ် ဆိုရင်ရော? 

မကြာခင် လာတော့မယ့် ပိတ်ရက်ရှည်လေးမှာ အိမ်မှာနေရင်း အုန်းနို့သာကူပြင်လေးကို ကိုယ့်မိသားစုနဲ့အတူ ပျော်ပျော်ပါးပါး လုပ်စားနိုင်ဖို့ ဒီတစ်ပတ်မှာတော့ အုန်းနို့သာကူပြင်လုပ်နည်းလေးကို Restaurant Guide ရဲ့ စာဖတ်ပရိတ်သတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ 

ပါဝင်ပစ္စည်းတွေကတော့ 

  • သာကူ - ၂၅၀ ဂရမ် 
  • သကြား - ၁၀၀ ဂရမ်
  • အုန်းနို့ခရင်မ် - ၁၅၀ မီလီလီတာ

၁။ ပထမဆုံးအနေနဲ့ မုန့်ဗန်းအရွယ်အစား ၂၃ x ၂၃ စင်တီမီတာ ကို ဆီ (သို့) ထောပတ် သုတ်လိမ်းပါ။ 

၂။ ရေတစ်လီတာခန့်ကို ဆူအောင် တည်ထားပါ။ 

၃။ ရေဆူလာရင် သာကူကို ဖြည်းဖြည်းချင်း ထည့်ပြီး လက်တစ်ဖက်က ယောင်းမနဲ့ အဆက်မပြတ် မွှေထားပေးပါ။ 

သာကူပြင်/Flattened Pearl Sago(Thargu Byin) | Danuphyu Daw Saw Yee (London)

၄။ မွှေပြီးရင်တော့ သကြားနဲ့ အုန်းနို့ခရင်မ်ကို အိုးထဲထည့်ပြီး ဆက်တိုက် မွှေပါ။ သာကူအဖြူဆံလေးတွေ ပျောက်ခါနီးပြီဆို မီးပိတ်ထားလိုက်ပါ။ 

၅။ ပြီးရင် အိုးထဲက သာကူတွေအကုန်လုံးကို ဗန်းထဲအနှံ့ထည့်ပြီး သာကူပြင်ကို အအေးခံထားပါ။ 

အအေးခံထားတဲ့ အချိန်မှာ အပေါ်ယံအလွှာအတွက် ပူတင်းကို ပြင်ဆင်ပါမယ်။ 

ပူတင်းအတွက် ပါဝင်ပစ္စည်းတွေကတော့ 

  • ဂျုံ - ၅၀ ဂရမ်
  • ရေ - ၁/၂ ခွက်
  • သကြား - ၁၂၀ ဂရမ် 
  • အုန်းနို့ခရင်မ် - ၃၅၀ ဂရမ် 
  • နို့စိမ်း - (၁) ခွက်
  • နွားနို့ - (၁) ခွက်
  • ကြက်ဥ - (၂) လုံး 
  • ဆား - လကဖက်ရည်ဇွန်း ၁/၂ ဇွန်း

၁။ ခွက်တစ်ခုထဲမှာ ဂျုံနဲ့ ရေတစ်ခွက် သို့မဟုတ် ၂ခွက်ကို ထည့်ပြီး သမအောင် မွှေကာ အိုးထဲ ထည့်ပါ။ 

၂။ ပြီးရင်တော့ သကြား၊ နို့စိမ်း၊ နွားနို့နဲ့ ကြက်ဥကို မွှေထားတဲ့ အိုးထဲထည့်ပြီး သမအောင် ထပ်မွှေပါ။ 

၃။ သမအောင် မွှေပြီးရင် ဆားကို လက်ဖက်ရည်ဇွန်း (၁)ဇွန်း သို့မဟုတ် (၂)ဇွန်းခန့် ထည့်ပြီး သေချာ ရောသမမွှေပြီးပါက မီးအနေတော်နဲ့ ကျိုပါ။ 

၄။ ကျိုနေတုန်းမှာလည်း အရည်တွေခမ်းပြီး ပျစ်သွားတဲ့အထိ ဆက်တိုက် မွှေပေးထားရပါမယ်နော်။ ပျစ်ပျစ်ကလေး ဖြစ်သွားရင်တော့ မီးပိတ်လို့ ရပါပြီ။ 

၅။ ပြီးရင်တော့ စောနက အအေးခံထားတဲ့ သာကူပြင်ပေါ်ကို လောင်းထည့်ပြီး မျက်နှာပြင်ကို ညီအောင် ညှိပါ။ 

၆။ နောက်ဆုံးအဆင့်အနေနဲ့ Ovan မှာ အပူချိန် ၂၀၀ ဒီဂရီစင်တီဂရိတ်နဲ့ (၂၅)မိနစ်ခန့် ဖုတ်ပါ။ 

မုန့်လုံးဝ အေးသွားပြီဆိုရင်တော့ အနေတော်အပိုင်းလေးတွေ လှီးဖြတ်လိုက်ရင် အရသာရှိလှတဲ့ အုန်းနို့သာကူပြင်ကို သုံးဆောင်ဖို့ အဆင်သင့် ဖြစ်ပါပြီနော်။ 


Read 1276 times.