Cafes & Restaurant

အမှတ်တရကောင်းတွေ ဖန်တီးနိုင်မယ့် ရန်ကုန်မြို့က ကော်ဖီဆိုင် (၁၀) ဆိုင်

November 17, 2023

ပိတ်ရက်မှာ ချစ်သူနဲ့ ဒိတ်ချင်လို့ဖြစ်ဖြစ်၊ သူငယ်ချင်း မိတ်ဆွေတွေနဲ့ အေးအေးဆေးဆေး ဆုံတွေ့ချင်လို့ဖြစ်ဖြစ် ဆိုင်အပြင်အဆင်လေး ထူးခြားလှပပြီး၊ အစားအသောက် မီနူးတွေလည်း အရသာကောင်းတဲ့ ကော်ဖီဆိုင် (၁၀) ဆိုင်ကို မျှဝေပေးလိုက်ပါတယ်။ ပိတ်ရက်ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေမှာ အမှတ်တရကောင်းတွေ ဖန်တီးနိုင်ပြီး စိတ်အပန်းပြေစေမယ့် ကော်ဖီဆိုင်လေးတွေ ဖြစ်ပါတယ်။

၁။ Easy Speciality Coffee

ဒီဆိုင်လေးက သိပ်တော့မကျယ်ပေမဲ့ ဆိုင်အပြင်အဆင်လေးက လှပသေသပ်တော့ အေးအေးဆေးဆေး ထိုင်လို့ ကောင်းပါတယ်။ မီးပျက်ရင် မီးစက်လည်း မောင်းပေးပြီး ဝိုင်ဖိုင်လည်း ဖရီးပေးထားပါတယ်။ ကော်ဖီဆိုင် ထိုင်ရင်း အလုပ်လုပ်ချင်တာဖြစ်ဖြစ်၊ စာလုပ်ချင်တာဖြစ်ဖြစ် အဆင်ပြေတဲ့ ဆိုင်လေးပါ။ မီနူးတွေလည်း တော်တော်စုံပြီး သက်သက်လွတ်သမားတွေအတွက်လည်း အထူးပြင်ဆင်ပေးထားပါတယ်။

၂။ Cafe' Deja Brew

“Cafe' Deja Brew cafe & art space” ဆိုတဲ့အတိုင်း အနုပညာ ဆန်းသစ်တီထွင်မူတွေ၊ Recycle ပစ္စည်းလေးတွေနဲ့အတူ Vintage ဆန်ဆန် အပြင်အဆင်လေးတွေ ရောနှောထားတဲ့ ချစ်စရာကော်ဖီဆိုင်လေး ဖြစ်ပါတယ်။ ဒီဆိုင်လေးမှာ မြန်မာနိုင်ငံက ထွက်ရှိတဲ့ ကော်ဖီစေ့ကို အဓိက အသုံးပြုပြီး ဖန်တီးထားတဲ့ မြန်မာ့ကော်ဖီစစ်စစ် အရသာကို ထူးခြားစွာ ခံစားရမှာပါ။

၃။ Café Salween 

ဒီဆိုင်လေးကို Foodie တွေရော၊ ကော်ဖီချစ်သူတွေရော ရင်းနှီးပြီးသား ဖြစ်မှာပါ။ မြန်မာမုန့်တွေကို အနောက်တိုင်းဟန်နဲ့ တဆင့်မြှင့်ထားတဲ့ မီနူးတွေရယ်၊ အရသာစုံလင်လှတဲ့ ကော်ဖီအပူ/အအေးတွေရယ်ကြောင့် ရန်ကုန် ကော်ဖီဆိုင်တွေထဲက စားသုံးသူ အခိုင်အမာရထားပြီးသားဖြစ်တဲ့ ဆိုင်လေးပါ။

၄။ Ah Lin Saing Gallery Cafe

ဒီဆိုင်လေးရဲ့ အနှစ်သာရကတော့ ကိုငှက် (ခေါ်) ထူးအိမ်သင်ရဲ့ အငွေ့အသက်တွေနဲ့ လွှမ်းခြုံထားတာဖြစ်တဲ့အတွက် လူငယ်တွေရော၊ လူလတ်ပိုင်းတွေကိုပါ ဆွဲဆောင်ထားနိုင်တဲ့ ဆိုင်လေး တစ်ဆိုင်ဖြစ်ပါတယ်။ ကော်ဖီလေးသောက်ရင်း ထူးအိမ်သင်ရဲ့ သီချင်းအေးအေးလေးတွေနဲ့ အတိတ်ကို ခေါ်ဆောင်ပေးသွားမှာဖြစ်လို့ ဘော်ဒါတွေနဲ့ဖြစ်ဖြစ်၊ စုံတွဲတွေဖြစ်ဖြစ် စကားတွေပြောရင်း စီးမျောလို့ကောင်းတဲ့ ဆိုင်လေးပါ။ ဒါ့အပြင် ဗုဒ္ဓဟူးနေ့နဲ့ သောကြာနေ့ကိုတော့ Unplugged Day ဆိုပြီး သတ်မှတ်ထားပါသေးတယ်။

၅။ Chill Out

ဒီဆိုင်လေးကတော့ ဘော်ဒါတွေနဲ့ Hangout လုပ်ချင်တဲ့သူတွေအတွက် ရွေးချယ်သင့်ဆုံး နေရာတစ်ခုပါ။ ဒီမှာက Board Games လေး ဆော့ရင်း ကော်ဖီဒိတ်လို့ပါ ရလို့ တော်တော်လေး မိုက်ပါတယ်။ ဆိုင်ပုံစံလေးက အေးအေးဆေးဆေးလေးနဲ့ Board Games (၂၀၀) ကျော်ရှိလို့ ကိုယ်ကြိုက်တာကို စိတ်ကြိုက် ရွေးချယ်ပြီး ဆော့လို့ရပါတယ်။

မဆော့တတ်တဲ့ Games တွေဆို ဆိုင်က လူတွေက အကုန်သင်ပေးတဲ့အပြင် ဘယ် Game လေး ဆော့သင့်လဲဆိုတာကအစ တိုင်ပင်လို့ရပါတယ်။ အစားအသောက်ကလည်း Game ဆော့ရင်း စားလို့ကောင်းတဲ့ ပေါ့ပေါ့ပါးပါး ပုံစံလေးတွေ ပိုများပါတယ်။

     Advertisement

Click Here > HT-LT

၆။ Pansodan Scene Art Cafe

ပန်းဆိုးတန်းလမ်းမပေါ်က "Pansodan Scene Art Cafe" ဆိုင်ရဲ့ အပြင်အဆင်က ရှေးဟောင်းဆန်ပြီး အနုပညာအငွေ့အသက်တွေ လွှမ်းခြုံနေတာမလို့ ဓာတ်ဖမ်းလို့ကောင်းတဲ့ ကော်ဖီဆိုင်ဆိုရင်လည်း မမှားပါဘူး။ ဝါသနာပါရင် ဆိုင်မှာရှိတဲ့ စန္ဒယားကိုတောင် ဝင်တီးလို့ ရပါသေးတယ်။ ဆိုင်က အညာအထာ အစားအသောက်မီနူးတွေနဲ့ ကော်ဖီတွေက စျေးမများဘဲ အရသာလည်း ကောင်းပါတယ်။

၇။ Yangon Language Cafe

ဆိုင်နာမည်လေးအတိုင်း ဒီကော်ဖီဆိုင်မှာဆိုရင် လေ့လာစရာ ဘာသာစကားစာအုပ်တွေ အစုံအလင်ရှိတဲ့အပြင် ဆော့စရာဂိမ်းတွေလည်း ရှိပါတယ်။ ဆိုင်အပြင်အဆင်လေးလည်း လှတော့ ဓာတ်ပုံလှလှလေးတွေ ရိုက်လို့ရပါတယ်။ ဝါသနာတူတဲ့ သူငယ်ချင်းတွေ စုပြီး ဂစ်တာတီးမယ်ဆိုလည်း လက်စွမ်းပြလို့ ရပါတယ်။ နောက်ပြီး Note လေးတွေ ရေးပြီး ကပ်ခဲ့လို့ရတာမို့ အတူတူ အမှတ်တရလေးတွေ ပုံဖော်လို့ရတာပေါ့။

၈။ Breeze Cafe

Nature Vibes နဲ့ ကော်ဖီသောက်မယ်၊ သစ်ရိပ်ဝါးရိပ် အမှိုင်းလေးနဲ့ Cocktail သောက်မယ်ဆိုရင်တော့ Breeze Cafe ကို သွားမယ့် List ရဲ့ ထိပ်ဆုံးမှာ အထားသင့်ဆုံးပါ။ ဆိုင်လေးက ဝင်ဝင်လာချင်းထဲက စိမ်းစိမ်းစိုစို သစ်ပင်ကြီးတွေကြောင့် အမောပြေစေပြီး ကြည့်လိုက်တဲ့ နေရာတိုင်းက ဓာတ်ဖမ်းချင်စရာတွေချည်းပါပဲ။ မြို့ပြရဲ့ အဝေးတစ်နေရာမှာ ခရီးတိုလေးထွက်နေရသလိုမျိုး Vibe ကို ရစေတဲ့ ဆိုင်ပါ။ ပူရင် ရေစိမ်ဖို့ ရေကူးကန်လေးလည်း ရှိပါတယ်။ 

နောက်ပြီးတော့ အပတ်စဉ်တိုင်းရဲ့ တနင်္ဂနွေနေ့မှာဆိုရင်လည်း ကော်ဖီသောက်ရင်း Chill ဖို့ Acoustic Unplugged လေးလည်း ရှိပါသေးတယ်။ သံစဉ်အေးအေးလေးတွေ နားဆင်ရင်း ချစ်ရသူနဲ့ အတူတူ အချိန်ကုန်လို့ ကောင်းတဲ့ နေရာလေး တစ်ခုပါပဲ။

၉။ LEAF Cafe & Plants

ဆိုင်ထဲမရောက်ခင် အဝမှာတည်းက သစ်ပင်လေးတွေ အုပ်ဆိုင်းနေတာမလို့ တောအုပ်လေးထဲ ရောက်သွားသလို ခံစားရစေမှာပါ။ ဒီဆိုင်မှာက အမျိုးပေါင်း စုံလင်တဲ့ Indoor plant နဲ့ Outdoor plant တွေလည်း ရောင်းတော့ သစ်ပင်စိုက်ရတာ စိတ်ဝင်စားတဲ့ သူတွေအတွက် မသွားမဖြစ် သွားသင့်တဲ့ ဆိုင်လေးပါ။

ဆိုင်ရဲ့ နေရာတိုင်းလိုလိုမှာ သစ်ပင်လေးတွေ ရှိနေတာကြောင့် စိတ်ကို အေးချမ်းစေပြီး ကော်ဖီလေးသောက်ရင်း စကားတွေ ဖောင်ဖွဲ့နိုင်ရုံသာမက ချစ်သူစုံတွဲတွေ၊ သူငယ်ချင်းတွေအတွက် ဓာတ်ပုံတွေ တဝ ရိုက်လို့ရမယ့် ဆိုင်လေးဖြစ်ပါတယ်။

၁၀။ Old Eain - အိုးလ်အိမ် ကဖေး

"Old Eain - အိုးလ်အိမ် ကဖေး" ဟာဆိုရင် သီချင်းသံ တိုးတိုးလေးကြားမှာ ငယ်ဘဝအမှတ်ရစရာလေးတွေ ပြန်ပြောကြရင်း ဆွေးလို့ သိပ်ကောင်းတဲ့နေရာလေး ဖြစ်ပါတယ်။ များသောအားဖြင့် ဒီဆိုင်ကို ငယ်သူငယ်ချင်းအဖွဲ့လိုက်တွေ လာတာများပြီး ကော်ဖီလေး သောက်လိုက် ငယ်ငယ်က အမှတ်တရတွေ ထိုင်ပြောလိုက် ရယ်မောလိုက်နဲ့ အေးချမ်းတဲ့ နေရာလေးပါပဲ။

ဆိုင်ရဲ့ အပြင်အဆင်တွေကလည်း ရှေးဆန်တဲ့ မြန်မာအိမ်အိုဟောင်းလေးပုံစံ ရှိတဲ့အတွက် ဓာတ်ပုံရိုက်ပြီး အမှတ်တရကောင်းတွေ ဖန်တီးနိုင်တဲ့အပြင် အဖီးလ်တလိုင်းလေးတွေအတွက် ဆွေးစရာ ဆိုင်လေးတစ်ဆိုင်လည်း ဖြစ်ပါတယ်။ ​သူ့ဆိုင်ရဲ့ ထူးခြားချက်က ကော်ဖီကို သူများ​တွေနဲ့မတူအောင် ထန်းလျက်နဲ့ ​ဖျော်​ပေးတာပါ။

မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့ ကော်ဖီဆိုင် (၁၁,၃၀၀) ကျော်ရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်တွေကို အောက်ကလင့်ခ်မှာ အလွယ်တကူ ဝင်ရောက်ရှာဖွေနိုင်ပါတယ်

>> https://shorturl.at/jstxF 


Read 236 times.