Easy Recipes

ချဉ်ငံစပ် ကြိုက်သူတွေ သွားရည်ယိုစေမယ့် ရခိုင်သခွားသီးသုပ်

March 1, 2022

 

ဒီနေ့မှာတော့ အိမ်မှာ လွယ်လင့်တကူလုပ်စားလို့ရတဲ့ ချဉ်ငံစပ် ရခိုင်သခွားသီးသုပ်နည်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

ချဉ်ငံစပ် ကြိုက်တဲ့သူတွေကတော့ အကြိုက်တွေ့ကြမယ်လို့မျှော်လင့်ပါတယ်။ ရခိုင်ဆိုရင် အစပ်ကပါပြီးသားမို့ အစပ်ကြောက်တဲ့သူတွေ ဆိုရင်တော့ အစပ်လျှော့ထည့်လို့ ရပါတယ်။ အနံမွှေးမွှေးလေးနဲ့ လျှာပေါ်မှာ စပ်ဖျင်းဖျင်း အရသာလေးက စားမြိန်ခံတွင်းတွေ့စေမှာ အမှန်ပါဘဲနော်။


ပါဝင်ပစ္စည်းများ
===========

  • ငရုပ်သီးစိမ်းလှော်/ မီးကင် (အစပ်စားနိုင်သလောက်ပဲ မှန်းထည့်ပေးပါ)
  • မျှင်ငါးပိမီးကင်၊
  • ဆား၊
  • ရေပုဇွန်ခြောက်မှုန့် (ဟင်းချိုမှုန့် အစားသုံး)၊
  • ရေပုဇွန်ခြောက်အကောင်သေး (သို့မဟုတ်) ပုဇွန်အကောင်သေးသေး၊
  • သခွားသီး၊
  • ပင်စိမ်းပင်/ နံနံပင်၊
  • ကြက်သွန်နီ၊
  • သံပုရာသီး။

 

ပြုလုပ်နည်း
========
၁။ ငရုပ်သီးစိမ်းလှော်/မီးကင်၊ မျှင်ငါးပိမီးကင်၊ ဆားအနည်းငယ်၊ ရေပုဇွန်ခြောက်မှုန့် စသည်တို့ကို ရောပြီးထောင်းပေးပါ။

၂။ သခွားသီးလေး ခြစ်ထားပေးပါ။ ကြက်သွန်နီလေးကိုတော့ ပါးပါးလေးလှီးထားပါ။ သံပုရာသီးကိုလည်း ခြမ်းထားပေးပါ။

၃။ ရောထောင်းလို့ ရလာတဲ့ အနှစ်လေးကို သခွားသီးခြစ်၊ ရေပုဇွန်ခြောက်အကောင်သေး (သို့မဟုတ်) ပုဇွန်အကောင်သေးသေး ၊ ကြက်သွန်နီ တို့ဖြင့် ရောထည့်ပေးပါ။

၄။ ရောထည့်ထားသော အရောထဲသို့ သံပုရာသီးကို ညှစ်ထည့်ဖြန်းပြီး အားလုံးကို သမအောင်နယ်ပေးပါ။

၅။ ပင်စိမ်းပင် (သို့မဟုတ်) နံနံပင်းလေးကြိုက်နှစ်သက်သူတွေဆိုရင်တော့ အပေါ်မှ အုပ်ထားပေးပါ။

ဒါဆိုရင်တော့ အနံ့မွှေးမွှေးလေးနဲ့ စားချင်စဖွယ် ရခိုင်သခွားသီးသုပ်လေး ရပါပြီ။ ချဉ်ငံစပ်ရခိုင်သခွားသီးသုပ်လေးကို ကိုယ်တိုင်လွယ်ကူစွာ စားသောက်နိုင်ပါပြီ။


Read 845 times.