Eating Tips

ဘီယာကြိုက်နှစ်သက်သူတွေ အပြည့်အဝသိထားသင့်တဲ့ ကောင်းကျိုးနှင့် ဆိုးကျိုးများ

November 20, 2020

ဘီယာဟာ ကမ္ဘာမှာ သက်တမ်းအကြာဆုံး လူကြိုက်အများဆုံး အဖျော်ယမကာတစ်ခု ဖြစ်ပါတယ်။ ဘီယာချက်လုပ်ရာမှာ အဓိကပါဝင်တဲ့ ပစ္စည်းတွေဟာ အာဟာရဓာတ်တွေ များစွာပါဝင်တဲ့အတွက် ဘီယာမှာ ကျန်းမာရေးကို အထောက်အကူဖြစ်စေနိုင်တဲ့ အကျိုးအာနိသင်တွေ ရှိနေပါတယ်။


ဒါဆို ဘီယာသောက်တိုင်း ကျန်းမာမှာလား? ဒါတော့ အာမမခံနိုင်ပါဘူး။ ကိစ္စတိုင်းမှာ ကောင်းကျိုးနဲ့ ဆိုးကျိုးက အမြဲ ဒွန်တွဲနေတာ မို့လို့ပါ။ ဒီအချိန်ကာလက ကိုဗစ်ကြောင့် Barတွေ Night Clubတွေ ပိတ်ထားရတော့ အရက်ဘီယာသောက်ဖို့က အရမ်းတော့ အဆင်ပြေမနေလှပေမယ့် နောက်ပိုင်း ကိုဗစ် အေးကာလရောက်သွားလို့ ဆိုင်တွေပြန်ဖွင့်တဲ့အခါ မိတ်ဆွေတွေ ပြန်ဆုံလို့ သောက်ဖြစ်ခဲ့ကြရင် ဘီယာသောက်ခြင်းရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို သိထားရင်တော့ အကောင်းဆုံးပါပဲ။

 

ဒါ့ကြောင့် ဘီယာသောက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးများကို မျှဝေပေးလိုက်ပါတယ်။

 

ဘီယာ၏ ကောင်းကျိုးများ

ဘီယာဟာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေရဲ့ ရင်းမြစ်တစ်ခုဖြစ်ပါတယ်။ ဘီယာမှာ ဗီတာမင် ဘီ အုပ်စုနဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေ အများကြီးပါဝင်ပါတယ်။ ဘီယာချက်လုပ်ရာမှာ ပါဝင်တဲ့ ဘာလီစေ့ကလည်း ဓာတ်တိုးဆန့်ကျင်တဲ့ အကျိုးအာနိသင်ရှိတဲ့ ပစ္စည်းတစ်ခု ဖြစ်ပါတယ်။

 

နှလုံးရောဂါတွေကို ကာကွယ်ပေးနိုင်ခြင်း

အယ်ကိုဟောကို ဆေးဖြစ်ဝါးဖြစ်မှီဝဲမယ်ဆိုရင် နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်တာကို သိပြီးသား ဖြစ်မှာပါ။ ဘီယာကို ပုံမှန်ရေချိန်နဲ့သောက်သုံးသူတွေဟာ လုံးဝမသောက်သုံးသူ၊ အလွန်အကျွံသောက်သုံးသူတွေထက် နှလုံးရောဂါဖြစ်ပွားမှုနှုန်း နည်းပါးတာကို လေ့လာတွေ့ရှိပြီး ဖြစ်ပါတယ်။

အယ်ကိုဟောဓာတ်ကို မယုတ်မလွန်မှီဝဲမယ်ဆိုရင် ခန္ဓာကိုယ်အတွက် အကျိုးပြု ကိုလက်စထရောဓာတ်ဖြစ်တဲ့ HDL Cholesterol ကို တိုးပွားစေပါတယ်။ ဘီယာကို အတန်အသင့်သောက်သုံးခြင်းကလည်း ခန္ဓာကိုယ်အတွက် ဘေးဖြစ်စေတဲ့ LDL Cholesterol ကို လျော့နည်းစေပြီး HDL Cholesterol ကို တိုးတက်စေပါတယ်။

 

ဆီးကျောက်တည်ခြင်းကို ကာကွယ်ပေးနိုင်ခြင်း

ဘီယာသောက်သုံးခြင်းဟာ ဆီးကျောက်တည်ခြင်းဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။

 

X Rays ဓာတ်ရောင်ခြည်သင့်မှုကို ကာကွယ်ပေးနိုင်ခြင်း

ဘီယာသောက်သုံးခြင်းဟာ X Rays နဲ့ အခြားဓာတ်ရောင်ခြည်ကြောင့် ခန္ဓာကိုယ်အတွင်း ထိခိုက်ပျက်စီးမှုတွေကို ကာကွယ်လျော့နည်းစေတယ်လို့ ဂျပန်သုသေသနပညာရှင်တွေက ဖော်ထုတ်ခဲ့ပါတယ်။

 

ဘီယာ၏ ဆိုးကျိုးများ

အခုဖော်ပြမယ့် ဘီယာသောက်ခြင်းရဲ့ ဆိုးကျိုးတွေကတော့ တစ်နေ့ကို ဘီယာနှစ်ခွက်နဲ့ အထက်သောက်သုံးတတ်သူတွေမှာ ဖြစ်တတ်တဲ့ ဆိုးကျိုးတွေဖြစ်ပါတယ်။

 

ဘီယာ ဗိုက်ထွက်လာခြင်း

ဘီယာကို အလွန်အကျွံသောက်သုံးတတ်တဲ့ အမျိုးသားတွေမှာ ဝမ်းဗိုက်ဆူဖြိုးပြီး ဘီယာဗိုက်ထွက်လာတတ်ပါတယ်။ အတန်အသင့်သောက်သုံးခြင်းကတော့ အဝလွန်ခြင်းကို မဖြစ်စေပါဘူး။

လေချဉ်တက်ခြင်းဘီယာဟာ အစာချေရည်ထွက်ခြင်းကို လှုံ့ဆော်ပေးနိုင်တဲ့ ပစ္စည်းတွေ ပါဝင်တာကြောင့် လေချဉ်တက်ခြင်းနဲ့ ရင်ပူခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

 

သွေးတက်ခြင်း

နေ့စဉ် ဘီယာသောက်သုံးခြင်းဟာ သွေးဖိအားကို တိုးလာစေနိုင်ပါတယ်။

 

မူးယစ်ခြင်း

ဘီယာမှာ အယ်ကိုဟောဓာတ်ပါဝင်တာကြောင့် အလွန်အကျွံသောက်ရင် မူးလာမှာဖြစ်ပါတယ်။ ဒီလိုမူးယစ်လာပြီဆိုရင် ယာဉ်တိုက်မှုနဲ့ အခြားမတော်တဆမှုတွေ အများကြီးဖြစ်နိုင်ပါတယ်။

 

သွေးကြွရမ်းကားခြင်း

ဘီယာအရှိန်လေးတက်လာပြီး မူးယစ်လာပြီးဆိုရင် တစ်ချို့တွေက ရမ်းကားတတ်လာပါတယ်။ သူတို့မျက်လုံးထဲမှာ ဘယ်သူ့ကိုမဆို အနိုင်ယူနိုင်မယ်လို့ ထင်နေတတ်ပါတယ်။ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်မလာအောင် ထိန်းသိမ်းနိုင်တာ အကောင်းဆုံးပါပဲ။

 

ရေဓာတ်ခမ်းခြောက်ခြင်း

သင် သောက်သုံးလိုက်တဲ့ ဘီယာရဲ့ (၁၀)ရာခိုင်နှုန်းလောက်ကပဲ ဆီးပြန်သွားပါတယ်။ ကျန်တဲ့ (၉၀)ရာခိုင်နှုန်းကို ခန္ဓာကိုယ်ကနေ ရှင်းထုတ်ဖို့အတွက် အသည်းက ရေဓာတ်ကို ပိုမိုလိုအပ်ပါတယ်။ 

ဒီအခါမှာ ဦးနှောက်အပါအဝင် ခန္ဓာကိုယ်ရဲ့အခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေမှာ ရှိတဲ့ ရေဓာတ်ကို ယူပြီး သန့်စင်မှုလုပ်ပါတယ်။ ဒါ့ကြောင့် ခေါင်းကိုက်တတ်တာဖြစ်ပါတယ်။ ဘီယာတစ်ခွက်နဲ့တစ်ခွက်ကြားမှာ ရေတစ်ခွက်သောက်ပေးရင် ဒီလိုမဖြစ်အောင် ကူညီနိုင်ပါတယ်။

 

အရက်နာကျခြင်း

ညဖက်မှာ အလွန်အကျွံသောက်သုံးမိရင် မနက်ကျရင် ခံရမှာ ဖြစ်ပါတယ်။ ခေါင်းအုံတာ၊ ခေါင်းကိုက်တာ၊ ခံတွင်းပျက်တာ စတာတွေ ကြုံတွေ့ရမှာပါ။

 

By The Myanmar Restaurant Guide


Read 2221 times.