Eating Tips

ပီကင်းဘဲကင် မူလအစ နန်ကျင်းဘဲကင်

June 17, 2020

ပီကင်းဘဲသည် တရုတ်နှင့်ပြည်ပတွင်နာမည်အကြီးဆုံးဖြစ်သော်လည်း တရုတ်ပြည်တွင် ဘဲမြို့တော်ဟု လူသိများသည်မှာ နန်ကျင်းမြို့ ဖြစ်သည်။

လူဦးရေ ၈ သန်းကျော်ရှိသော နန်ကျင်းမြို့တွင် နှစ်စဉ် ဘဲကောင်ရ သန်း ၁၀၀ ကျော်ကို စားသုံးကြသည်။

ဘဲကင် ရောင်းချနေသည့် စားသောက်ဆိုင်များနှင့် ဈေးဆိုင်များစွာသည် လူနေထူထပ်သော ရပ်ကွက်များတွင် ပေါပေါများများ ရှိနေကြသည်။  နေထိုင်ရာအိမ်ကို ဗဟိုထားပြီး ၁ ကီလိုမီတာ  စက်ပိုင်းတစ်ခု ဝိုင်းလိုက်လျှင် စက်ဝိုင်းထဲမှာ အနည်းဆုံး ဘဲကင်ဆိုင် ၁၀ ဆိုင် ရှိလိမ့်မည်။

တစိမ်းတစ်ယောက် အနေဖြင့် ဘယ်ဆိုင်ကောင်းလဲ သိလိုပါက ဆိုင်များကို လိုက်ကြည့်ပါ။ ဘဲကင်ဝယ်ဖို့ တန်းစီနေကြသူများ ရှိနေသည့် ဆိုင်သည် အရသာကောင်းသည့် ဘဲကင်ဆိုင်ဖြစ်သည်။ အနီးတဝိုက်တွင် လူကြိုက် အများဆုံး ဆိုင်ဖြစ်သည်။

ဘီကျင်းမြို့တော်တွင် နေထိုင်ကြသူတို့သည် ဘဲကင်ကို စားသောက်ဆိုင်မှာ ထိုင်စားကြလေ့ ရှိသည်။ နန်ကျင်းတွင် များသောအားဖြင့် လတ်ဆတ်သော ဘဲကင်ကို ဖြစ်စေ။ ဘဲဆားနယ်ကို ဖြစ်စေ လမ်းဘေးဆိုင်တွင် ဝယ်ယူပြီး အိမ်မှာ စိမ်ပြေနပြေ ထိုင်စားကြလေ့ရှိသည်။

ဘီကျင်းတွင် ဘဲကင်တစ်ကောင် ယွမ် ၂၀၀ ဝန်းကျင် ရှိသည်။ နန်းကျင်တွင် ယွမ် ၁၀၀ ဝန်းကျင်သာ ရှိသည်။ များသောအားဖြင့် ဝယ်သူတို့က တစ်ပိုင်းကိုသာ ဝယ်လိုကြသဖြင့် ဘဲတစ်ကောင်ကို လေးပိုင်းပိုင်းပြီး ရောင်းလေ့ရှိသည်။ 

ဝယ်လိုက်သည့် တစ်ပိုင်းကို လမ်းဘေးဈေးသည်က ချိန်တွယ်ပြီး အလေးချိန်အရ ပေးချေရသည်။ တစ်ပိုင်းကို ယွမ် ၂၀ ဝန်းကျင်  ရှိသည်။ ထိုတစ်ပိုင်းကို ဈေးသည်က အတုံးငယ်များ ခုတ်ထစ်ပေးပြီး ထုပ်ပိုးပေးသည်။ ထို့နောက် ဘဲကင် သို့မဟုတ် ဘဲဆားနယ်နှင့် စားရန် ဆော့စ်ကို ပေးမည်။ လျှပ်စစ်ထမင်းအိုးထဲမှ ဆော့စ်ကို ပလတ်စတစ်အိတ်ထဲ ခပ်ထည့်ပြီး ပေးသည်ဖြစ်ရာ ဘဲသားကို တို့စားရန်အပြင် ထမင်းပေါ် ဆမ်းစားဖို့ပါ လုံလောက်အောင် ပိုပိုသာသာ ထည့်ပေးသည်။ ဆော့စ် ပြုလုပ်ပုံသည် ဆိုင်၏ အရေးပါသော လျှို့ဝှက်ချက် တစ်ခု ဖြစ်သည်။

နန်ကျင်းတွင် ဘဲကင်ပေါ် သုတ်လိမ်းပေးသည့် ဆော့စ်သည် အညိုရောင်ရင့်ရင့် ဖြစ်သည်။ ဆိုင်တိုင်းတွင် ဆော့စ် ပြုလုပ်ပုံ ကိုယ်ပိုင်နည်းဟန် ရှိကြပြီး လျှို့ဝှက်ထားသည်။  ဘဲကင်ရောင်းသည့် ဆိုင်များအကြား ဘဲကင်အရသာအပြင် ဆော့စ် အရသာဖြင့်လည်း ပြိုင်ဆိုင်ကြရသည်။ 

 

ပီကင်းဘဲကင် အရေပြားသည် ကြွပ်ရွနေသည်။ ပန်းကန်ပြားပေါ် တင်မပေးခင် အပိုင်းငယ်များ ပိုင်းပေးလိုက်သည်။ တူဖြင့် ညှပ်ယူပြီး ပါးစပ်ထဲထည့်လျှင် အလော်တော်ဖြစ်မည့် အရွယ်အစားအထိ ခုတ်ထစ်ပိုင်း ပေးလိုက်သည်။ 

 

ပီကင်းဘဲကင်နှင့် နန်ကျင်းဘဲကင် အနံ့အရသာ ကွာခြားသည်။ အမြင်မှာလည်း ကွာသည်။ ချက်ပြုတ်ပုံများလည်း အနည်းနှင့်အများ ကွဲပြားသည်။ သို့သော် တစ်ချိန်တစ်ခါက နန်ကျင်းဘဲကင်သာ ရှိခဲ့သည်။

မင်း မင်းဆက် (၁၃၆၈-၁၆၄၄)တွင် ပြည့်ရှင်က နန်ကျင်းကို နန်းမြို့တော်အဖြစ်မှ ရပ်ဆိုင်းပြီး ဘီကျင်းမြို့သို့ ပြောင်းရွှေ့ပြီး နန်းစိုက်သည်။ ထိုအခါ နန်းတွင်း စားတော်ကဲများလည်း လိုက်ပါသွားရသည်။ ဘီကျင်း နန်းမြို့တော်တွင် စားတော်ကဲတို့က ဘဲကို နည်းအသစ်များဖြင့် ချက်ပြုတ်ကြသည်။ ထိုနောက်ပိုင်းတွင် ပီကင်းဘဲကင်နှင့် နန်ကျင်းဘဲကင်ဟူ၍ ကွဲပြားသွားသည်။

 

နန်ကျင်းဘဲကင်တွင် ဆော့စ်သည့် လျှို့ဝှက်ချက် ဖြစ်သည့်အပြင် ဘဲဆားနယ်သည်လည်း လျှို့ဝှက်ချက် ဖြစ်သည်။

ဘဲကို ဆားနယ်ပြီး သုံးနာရီ ထားသည်။ ထို့နောက် ဘဲအသား အရသာကောင်းအောင် စိမ်ရည်တွင် စိမ်သည်။ ထိုစိမ်ရာ ပြုလုပ်ပုံသည် ဆိုင်၏ လျှို့ဝှက်ချက် ဖြစ်သည်။

 

ပုံမှန်အားဖြင့် ရောင်းအား ရှိသည့် ဆိုင်ငယ်တစ်ဆိုင်အဖို့ တစ်နေ့လျှင် ဘဲ အကောင် တစ်ရာဝန်းကျင် ရောင်းချရသည်။ မနက် သုံးနာရီထပြီး ဘဲသတ်ခြင်း၊ အမွေးဖယ်ရှားခြင်းတို့ လုပ်ကိုင်ပြီးသောအခါ ဘဲများကို  ကင်ကြရသည်။

ဆော့စ်နှင့် စိမ်ရည်တို့ အရေးပါသည့်အပြင် ဘဲကလည်း အရွယ်အစား မှန်ဖို့ လိုသည်။ အလေးချိန် ၁ .၉ မှ ၂ . ၁ ကီလိုအတွင်း ရှိသည့် ဘဲကိုသာ သုံးကြသည်။ ထိုအရွယ် ဘဲအသားသည် နူးညံ့သည်။ အမွေးနုတ်ရာတွင်လည်း ဂရုစိုက်ရသည်။ အရေပြား မထိခိုက်ဖို့ လိုသည်။ အပေါက်အနာရှိပါက ဆားနယ်ထားစဉ် အသားထဲ ဆားအဝင်များပြီး အသားအငန်လွန်သွားတတ်သည်။ ဆားနယ်ခြင်း၊ စိမ်ရည်မှာ စိမ်ခြင်းများ ပြီးလျှင် ဘဲကို ဆေးကြောပြီး အပူချိန် ၉၀ စီ ရှိသော ရေနွေးဖြင့် ပြုတ်သည်။ အသား အရည်မြန်မြန် ခြောက်မသွားအောင် ဂရုပြုရသည်။

နန်ကျင်းတွင် ဘဲကို ပင်လုံးကြိုင်ဘဲ ဟုလည် ခေါ်သည်။ ပင်လုံကြိုင်ပန်းများ ဝေဆာနေအောင် ပွင့်ကြသည့် စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် ဘဲများသည် အရည်အသွေးမြင့်မားသည်ဟု ယူဆထားသောကြောင့် ဖြစ်သည်။ ပင်လုံးကြိုင်ဘဲ ဟု ဆိုခြင်းသည် သာမန်ဘဲမျှ မဟုတ်ဟု ဆိုလိုသည်။

ဘဲသည် ကြက်ထက် အရွယ်ရောက်ဖို့ ပိုမြန်သည်။ ၄၅ ရက်သားဆိုလျှင် ဘဲကင် ပြုလုပ်လို့ ရပြီ ဖြစ်သည်။ 


Read 3462 times.