Easy Recipes

ပိတ်ရက်ရှည်တွေကို အသားကင် ပါတီလုပ်ရင်း အိမ်မှာပဲ Chill ကြမယ် …

December 27, 2020

မကြာခင် New Year တောင် ရောက်တော့မယ်နော်။ အရင်နှစ်တွေက ဒီအချိန်တွေဆို ပျော်ပွဲရွှင်ပွဲတွေ အများကြီးနဲ့ အင်မတန် ပျော်ဖို့ကောင်းနေခဲ့တာပေါ့။ ဒီနှစ်မှာတော့ ကပ်ရောဂါကြီးကြောင့် ဘယ်မှမသွားရလို့ အကြပ်ရိုက်နေကြတဲ့သူတွေ ရှိမယ် ထင်ပါတယ်။ 

အိမ်ပြင်ထွက်ပြီး ရောဂါပိုးကူးခံမယ့်အစား အိမ်ထဲမှာပဲ အေးအေးဆေးဆေး အသားကင်ပါတီလေး လုပ်ရင်း New Yearကို ပျော်ပျော်ရွှင်ရွှင်၊ အန္တရယ်ကင်းကင်းနဲ့ ဖြတ်သန်းကြရင် မကောင်းဘူးလား အစားတလိုင်းတို့ရေ။ 

အရသာအရှိဆုံး အသားကင်တွေနဲ့ အကောင်းဆုံး အသားကင် ပါတီလေး ဖြစ်ဖို့ကိုတော့ Myanmar Restaurant Guide ရဲ့ စာဖတ်ပရိတ်သတ်တွေအတွက် အသားနှပ်နည်းနဲ့ ကင်နည်းတွေကို အသေးစိတ် ပြောပြပေးသွားပါမယ်။ အတူလိုက်လုပ်ကြည့်ရင်း ပါတီစလိုက်ရအောင်နော်။ 

အသားတွေကို မကင်ခင် အနံ့မွှေးမွှေး၊ အရောင်လှလှ ထွက်နိုင်ဖို့ အသားနှပ်တဲ့ အဆင့်ကို ပထမဆုံး လုပ်ပါမယ်။ ကိုယ်စားချင်တဲ့ အသားတွေ (ဥပမာ၊ ဝက်သုံးထပ်သား၊ ဝက်ဂုတ်သား၊ အမဲလိုင်းသား၊ အမဲလျှာ၊ ကြက်ပေါင်သား၊ ငါး၊ ပင်လယ်စာ စသဖြင့်) စားလိုသလောက်ကို ခပ်ပါးပါးလေးတွေ လွှပြီး လှီးထားပါ။ 

An Introduction to Korean Barbecue | Serious Eats

အသားနှပ်တွေ လုပ်တဲ့အခါ အများကြီး နှပ်ထားမိလို့ မကုန်မှာကို စိတ်မပူနဲ့နော်။ အရသာသွင်းပြီးသားမို့ ရေခဲသေတ္တာထဲ ထည့်ထားရင် နောက်နေ့ အချိန်မရွေးထုတ်ပြီး ကင်စားလို့ ရပါတယ်။ ဒါကြောင် တစ်ခါထဲ များများနှပ်ထားလည်း အဆင်ပြေပါတယ်နော်။ 

ပထမအဆင့် အသားတွေ လှီးပြီးရင် ကြက်သွန်ဖြူနဲ့ နံနပင်အမြစ်ကို လက်တစ်ဆုပ်စာလောက် ထောင်းပြီး ပန်းကန်ထဲ ထည့်ထားပါ။ 

ထောင်းထားပြီးရင်တော့ အသားထည့်ထားတဲ့ ဗန်းထဲမှာ မျှထည့်ပြီး နယ်ပါမယ်။ ဂျင်းကိုလည်း လက်တစ်ဆုပ်စာလောက် ထောင်းထားပြီး အသားထဲ ဂျင်းအရည်သီးသန့်ကို ညစ်ထည့်ပါမယ်။ 

သမအောင် မွှေထားတဲ့ အသားအပေါ် ငရုတ်ကောင်းမှုန့်များများနဲ့ အရသာမှုန့် အနည်းငယ် ဖြူးပါမယ်။ အရသာ ပိုကဲသွားအောင် သကြားအနည်းငယ် ထည့်လို့လည်း ရပါတယ်နော်။ 

ပြီးရင် အသားရဲ့ အချိုဓာတ်ကို ပိုရနိုင်ဖို့ ပျားရည် အနည်းငယ် ထည့်ပါမယ်။ ပျားရည်အဆင်သင့် မရှိတဲ့ သူတွေကတော့ ဒီအဆင့်ကို ကျော်သွားလို့ ရပါတယ်နော်။ 

ဒါပြီးရင် ပဲငံပြာရည် အကြည်နဲ့ ခရုဆီကို ဆတူ ထည့်ပြီး အရောင်ပိုလှဖို့အတွက် ပဲငံပြာရည် အနောက် အနည်းငယ် ထည့်ပါမယ်။ ပဲငံပြာရည် အနောက်က အများကြီး ထည့်မိရင် အိုးကပ်တတ်တာမို့ သတိထားပြီး ထည့်နော်။ 

အသားတွေကို ပိုပြီး နူးညံ့စေဖို့ အတွက်ကတော့ ပန်းသီးရှာလကာရည်ကို ထည့်ပါမယ်။ အစပ်စားချင်တဲ့ သူတွေကတော့ ငရုတ်သီး အနှစ်အနည်းငယ် ထည့်လို့ရပါတယ်။ ပြီးရင်တော့ ဆီလေး အနည်းငယ်ထည့်ပြီး အသားတွေကို သမအောင် နာရီဝက်ခန့် နယ်ပါမယ်။ 

အားလုံးပြီးရင်တော့ အချိန် (၃)နာရီကြာအောင် အပြင်မှာပဲ နှပ်ထားပါမယ်။ (ရေခဲသေတ္တာထဲ မထည့်ရသေးဘူးနော်)။ (၃)နာရီပြည့်သွားမှ ရေခဲသေတ္တာရဲ့ မအေးတဲ့ အခန်းထဲမှာ ထည့်ပြီး ဆက်ထားလို့ ရပါတယ်။ 

အသားနှပ်ထားတဲ့အချိန်မှာ အကင်အတွက် တစ်ခြား တန်ဆာပလာတွေ ဖြစ်တဲ့ အပ်မှို၊ ပန်းပွင့်စိမ်း၊ ကြာစွယ်၊ ပြောင်းဖူး၊ ကြက်သွန်ဖြူနဲ့ တစ်ခြား ကိုယ်စားချင်သမျှ အသီးအရွက်တွေကို ရေဆေး လှီးချွတ်ပြီး အဆင်သင့် ပြင်ထားနိုင်ပါတယ်။ 

The Ultimate Guide to Korean BBQ at Home · i am a food blog

အကင်စားတဲ့အခါ မပါမဖြစ် ဆလပ်ရွက်နဲ့ အချဉ်ရည်ကိုလည်း ကြိုက်နှစ်သက်သလို ပြင်ဆင်ထားပါနော်။ ဆလပ်နဲ့ ထုပ်မစားချင်တဲ့ သူတွေက ကြက်သားကို ဂျင်းပြုတ်ရည်လေးနဲ့ နူးအောင်ပြုတ်ပြီး ကြက်ပြုတ်ရည် သောက်ရင်း စားရင်လည်း လိုက်ဖက်ပါတယ်။ 

အချဉ်ရည်ကို ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်ချင်သူတွေအတွက်လည်း အသားကင်နဲ့ အလိုက်ဖက်ဆုံး အချဉ်ရည် စပ်နည်းကို ပြောပြပေးချင်ပါတယ်။ ပါဝင်မယ့် ပစ္စည်းတွေက … 

  • မန်ကျည်းသီးဆော့စ်
  • ငရုတ်ချိုဆော့စ် 
  • ငရုတ်သီးအနှစ် 
  • ထန်းလျက်ရည် (သို့) သကြားရည်
  • ကြက်သွန်ဖြူ အနည်းငယ်
  • ငရုတ်သီးစိမ်းပွ အနည်းငယ် 

ပထမဆုံး မန်ကျည်းသီးဆော့စ်နဲ့ ငရုတ်ချိုဆော့စ်ကို ပန်းကန်တစ်လုံးထဲ ဆတူ ထည့်ပြီး ငရုတ်သီးဆော့ အနည်းငယ်သာ ထပ်ထည့်ပါမယ်။ ပြီးရင်တော့ ထောင်းထားပြီးသား ကြက်သွန်ဖြူနဲ့ လှီးပြီးသား ငရုတ်သီးပွ အနည်းငယ်ကို ထည့်ပါမယ်။ 

Seoul Food: Cant-Miss Korean Dishes & Best Restaurants

ပြီးရင်တော့ ထန်းလျက် အနည်းငယ် ထည့်ပါမယ်။ အချဉ်က အရမ်းပြစ်နေရင် ရေနွေးနဲနဲ ရောလို့ ရပါတယ်နော်။ နှံ့အောင် နယ်ပြီးရင်တော့ အချဉ်ရည်ထဲကို ဆားအနည်းငယ် ထည့်ပြီး မွှေလိုက်ပါမယ်။ 

အကင်ရော၊ အချဉ်ပါ ပြင်ဆင်ပြီးပြီဆိုရင်တော့ အသားကင်ဖို့ အချိန် ရောက်ပါပြီနော်။ နှပ်ထားတဲ့ အသားတွေကို အကင်စက် ဒါမှမဟုတ် မီးသွေးမီးဖိုပေါ် တင်ပြီး အသားလွှာ အထူအပါးအလိုက် (၃)မိနစ်ကနေ (၇)မိနစ်အထိ ကင်ပြီး အရသာရှိတဲ့ အသားကင်ပါတီကို ကျင်းပနိုင်ပါပြီ။ 

ကဲ၊ အသားကင်နည်းလေးရော၊ အချဉ်စပ်နည်း Tips လေးတွေကိုပါ သိပြီးသွားပြီဆိုတော့ ခရစ္စမတ်မှာ အသားကင်ပါတီ အတူတူ လုပ်စားချင်သူတွေကို မန်းရှင်းလေးခေါ်ပြီး မျှဝေပေးခဲ့ဦးနော်။ 

Ref : Oo Naing (Mr.Chef)


Read 2729 times.